လွှတ်တော် ကိုယ်စားလှယ်လောင်း စာရင်းများမကြာမှီ RNDP အပြီးသတ်မည်

လွှတ်တော် ကိုယ်စားလှယ်လောင်း စာရင်းများမကြာမှီ RNDP အပြီးသတ်မည်

ဘဏ္ဍာရေးဆိုင်ရာ အခက်အခဲများ ရှိနေလင့်ကစား RNDP အနေဖြင့် များမကြာမှီ လွတ်တော် ကိုယ်စားလှယ် လောင်း စာရင်းကို အပြီးသတ် ဆောင်ရွက်နိုင်လိမ့်မည်....

ဘဏ္ဍာရေးဆိုင်ရာ အခက်အခဲများ ရှိနေလင့်ကစား RNDP အနေဖြင့် များမကြာမှီ လွတ်တော် ကိုယ်စားလှယ် လောင်း စာရင်းကို အပြီးသတ် ဆောင်ရွက်နိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း ပါတီ ပြောခွင့်ရသူ တဦးက ပြောသည်။

လွှတ်တော် ကိုယ်စားလှယ်လောင်းများ ရာတား သတ်မှတ်ရန်အတွက် တောင်ကုတ်မြို့သို့ ခရီး မထွက်မှီ တရက်အလိုတွင် RNDP ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ အထွေထွေ အတွင်းရေးမှူး အဖွဲ့ဝင် ဦးခိုင်ပြည်စိုးက ထိုသို့ နိရဉ္စရာသို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။

“ကျွန်တော်တို့ နောက် တစ်ရက်နှစ်ရက်ဆိုရင် ပါတီက ပါဝင်ယှဉ်ပြိုင်မယ့် လွှတ်တော်ကိုယ်စားလှယ်လောင်း စာရင်းကို ထုတ်ပြန်ကျေညာမှာ ဖြစ်ပါတယ်။ အခု ကျွန်တော်တို့ တောင်ကုတ်၊ သံတွဲနဲ့ ဂွမြို့နယ်က ကိုယ်စားလှယ် လောင်းတွေ ရွှေးချယ်ရေးအတွက် တောင်ကုတ်ကို ခရီးထွက်ဖို့ စီစဉ်နေပါတယ်။ အဲဒီ ခရီးစဉ် ပြီးရင် လွှတ်တော်ကိုယ်စားလှယ် စာရင်းကို တရားဝင် ထုတ်ပြန်ကျေညာသွားမှာ ဖြစ်ပါတယ်” ဟု သူက ပြောသည်။

တောင်ကုတ်၊ သံတွဲနှင့် ဂွမြို့နယ်တို့တွင် RNDP ၏ ရုံးများကို ယခုအချိန်ထိ ဖွင့်လှစ်နိုင်ခြင်း မရှိသေးသော်လည်း လာမည့် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်များကို ရွှေးချယ်သွားမည် ဖြစ်ကြောင်း သူက ပြောဆိုသည်။

“ကိုယ်စားလှယ်လောင်းတွေကို ရွှေးချယ်ပြီးတဲ့ နောက် မြို့နယ်ရုံးတွေကို ဖွင့်လှစ်နိုင်ရေး ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်။ ခုလောလောဆယ် အရေးကြီးတာက ကိုယ်စားလှယ်လောင်း စာရင်းကို အမြန်ဆုံး ရွှေးကောက်ပွဲ ကော်မရှင်ကို တင်သွင်းဖို့ လိုအပ်နေတဲ့အတွက် ဒီကိစ္စကိုဘဲ တခြားကိစ္စတွေထက် ဦးစားပေးဆောင်ရွက်နေရတာ ဖြစ်ပါတယ်။”

ရွေးကောက်ပွဲကော်မရှင်က လွှတ်တော်ကိုယ်စားလှယ်လောင်းများကို သြဂတ်စ်လ ၁၆ ရက်နေ့မှ ၃၀ ရက်အတွင်း တင်သွင်းရန် အမိန့်ထုတ်ပြန်ထားသည်။

RNDP အနေဖြင့် ယခုအခါ ရခိုင်ပြည်နယ် မြို့နယ် အတော်များများအတွက် ကိုယ်စားလှယ်လောင်းများကို ရွှေးချယ်စီစစ်ပြီးသွားကြောင်းနှင့် အရေးကြီးသော စစ်တွေ၊ မြောက်ဦး၊ ကျောက်ဖြူ၊ ကျောက်တော်နှင့် မင်းပြားမြို့နယ်များတွင် ပါတီ ထိပ်ပိုင်းခေါင်းဆောင်များ ၀င်ရောက်ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း သိရသည်။

“အဓိက ယှဉ်ပြိုင်ရမှာက ပြည်ခိုင်ဖြိုး ပါတီ ဖြစ်ပါတယ်။ သူတို့မှာ ကျေးရွာ ရပ်ကွက်အဆင့်အထိ ရယကတို့၊ ပြည်ခိုင်ဖြိုး အဖွဲ့ဝင်တွေနဲ့ ပြင်ဆင်စည်းရုံးထားပြီ ဖြစ်ပါတယ်၊ ငွေကြေးအရလည်း သူတို့က တောင့်တင်းပါတယ်။ သူတို့နဲ့ ယှဉ်ပြိုင်ဖို့အတွက် စစ်တွေလို နေရာမျိုးမှာတော့ ဥက္ကဌ ဒေါက်တာ အေးမောင် မဟုတ်ရင် ပါတီ အတွင်းရေးမှူး ဦးလှစောတို့လို ပါတီက ခေါင်းဆောင်တွေကို ရာတား ထားပါတယ်” ဟု သူက ဆက်ပြောသည်။

သို့သော်လည်း ရခိုင်ပြည်သူ အများစုမှာ ယခု ပြုလုပ်မည့် နအဖ ရွေးကောက်ပွဲအပေါ် အထူး မလိုလားဘဲ ဖြစ်နေကြသဖြင့် RNDP အနေဖြင့် ရခိုင်ပြည်သူ လူထု တရပ်လုံး၏ ထောက်ခံမူ ရရှိရန်မှာ အခက်အခဲ များစွာ ရှိနိုင်ကြောင်း စစ်တွေမြို့ နိုင်ငံရေး အသိုင်းအ၀ိုင်းမှ လေ့လာသုံးသပ်သူများက ပြောသည်။

 

 

 

 

Most read this week