အရှင်ပညာစာရ ကြားနာစစ်ဆေးမူ တရားဥပဒေ နည်းလမ်းမကျ

အရှင်ပညာစာရ ကြားနာစစ်ဆေးမူ တရားဥပဒေ နည်းလမ်းမကျ

အရှင်ပညာစာရအား သြဂတ်စ်လ ၂၄ ရက်နေ့က စစ်တွေခရိုင် တရားရုံးတွင် တတိယအကြိမ်မြောက် ရုံးတင်စစ်ဆေးခဲ့ရာ အစိုးရ တရားလို သက်သေ နှစ်ဦးကို စစ်ဆေးခဲ့ပြီး တရားခွင်သို့ ပြည်သူ ၅၀ ခန့် တက်ရောက်နားထောင်....

(ရှေ့နေမကြီးက တရားလို သက်သေများကို မေးခွန်း ၆ ခု မေးမြန်းခဲ့)

အရှင်ပညာစာရအား သြဂတ်စ်လ ၂၄ ရက်နေ့က စစ်တွေခရိုင် တရားရုံးတွင် တတိယ အကြိမ်မြောက် ရုံးတင် စစ်ဆေးခဲ့ရာ အစိုးရ တရားလို သက်သေ နှစ်ဦးကို စစ်ဆေးခဲ့ပြီး တရားခွင်သို့ ပြည်သူ ၅၀ ခန့် တက်ရောက် နားထောင်ခဲ့သည်ဟု သိရသည်။

ထိုသို့ စစ်ဆေးရာတွင် တရားရုံးတွင် ပတ်ဝန်းကျင်နှင့် တရားရုံးအတွင်း လုံခြုံရေး ထူထပ်စွာ ချထားသည်သာမက တရားရုံး၏ ဥပဒေကို ချိုးဖေါက်ပြီး ရဲအရာရှိ တဦးက တရားရုံး စစ်ဆေးမေးမြန်းချက်များကို မှတ်တမ်းယူ ခဲ့သည်ဟု သိရသည်။

တရားခွင်သို့ တက်ရောက်ခဲ့သူ အမည်မဖေါ်လိုသူ တရားရေးနှင့် ပတ်သက်ပြီး နားလည်သူ တဦးက နိရဉ္စရာသို့ သူအမြင်ကို ယခုကဲ့သို့ စတင်ပြောကြားသည်။

“ဆရာတော် ပညာစာရကို အမူ စစ်ဆေးတဲ့ နေရာမှာ တရားဥပဒေ နည်းလမ်း မကျတာတွေကို အများကြီး တွေ့ရပါတယ်။ အဓိက နည်းလမ်း မကျတာက ရဲအရာရှိ နှစ်ပွင့်နဲ့ တဦးက တရားရုံးမှာ စစ်ဆေးမေးမြန်းတာတွေ ထွက်ဆိုတာတွေ အားလုံးကို မှတ်တမ်း လိုက်ယူပါတယ်။ တရားရုံးမှာ ခုလို ရဲက မှတ်တမ်း လိုက်ယူခွင့် မရှိပါဘူး။ ဒါဟာ တရားဥပေဒကို ပြောင်းပြောင်းတင်းတင်း ချိုးဖေါက်တာဘဲ ဖြစ်ပါတယ်” ဟု ပြောသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ ရှေ့နေများ ကောင်စီမှ ဥပဒေရေးရာ သုံးသပ်ရေး အဖွဲ့ တာဝန်ခံ ဦးမျိုးကို နိရဉ္စရာက ဆက်သွယ် မေမြန်းရာ သူက “တရားရုံးမှာ ရဲက မှတ်တမ်း လိုက်ယူခွင့် မရှိပါ။ ရဲနဲ့ တရားရုံးမှာ မှတ်တမ်းလိုက်ယူမယ့် ကိစ္စနဲ့ ဘာမှ မပတ်သက်ပါ။ တရားရုံးက တာဝန် ရှိသူတွေကဘဲ မှတ်တမ်း လိုက်ယူခွင့် ရှိပါတယ်” ဟု ပြောသည်။

၎င်းပြင် တတိယနေ့အဖြစ် အရှင်ပညာစာရအား ရုံးတင်စစ်ဆေးသော အခါလည်း တရားရုံး ပတ်ဝန်းကျင်နှင့် တရားရုံးထဲတွင် ရဲသားများကို လက်နက်ခဲယမ်းမီးကျောက် အပြည့်အစုံဖြင့် အစောင့် ချထားခဲ့သည်ဟု သိရသည်။

“ခုလို ရဲတွေကို မလိုအပ်ဘဲ တရားရုံးထဲမှာ ချထားတာဟာ အရှင်ပညာစာရနဲ့ ပတ်သက်ပြီး သူ့ဘက်လိုက်ပါ ဆောင်ရွက်ပေးမယ့် ရှေ့နေတွေ အပါအ၀င် သက်သေတွေကို ခြိမ်းခြောက်တဲ့ သဘော ဖြစ်ပါတယ်။ တရားရုံးဟာ လွတ်လပ်တဲ့ တရားခွင်လို မဟုတ်ဘဲ စစ်ခုံရုံး တခုနဲ့ သွားတူနေတာကို တွေ့ရပါတယ်” ဟု တရားခွင်သို့ တက်ရောက် ခဲ့သူက ဆက်ပြောသည်။

တတိယနေ့ တရားခွင်သို့ ပြည်သူ ၅၀ နီးပါးခန့် တက်ရောက်နားထောင်ခဲ့ပြီး တရားလို သက်သေ နှစ်ဦးကို ခေါ်ယူစစ်ဆေးခဲ့သည်ဟု သူက ပြောသည်။

“ခေါ်ယူ စစ်ဆေးတဲ့ နေရာမှာလည်း တရားလိုသက်သေထဲက အရေးကြီးတဲ့ သူတွေကို အဓိက စစ်ဆေးတာ မဟုတ်ဘဲ နံပတ် ၂၀ မှာရှိနေတဲ့ စစ်တွေ အမှတ် ၁ စခန်းမှူး ဦးမျိုးဆွေနဲ့ အစိုးရ ရှေ့နေ တဦးကို ခေါ်ယူ စစ်ဆေးခဲ့ပါတယ်။ တရားခံဘက်က ရှေ့နေ ဒေါ်အေးနုစိန်ကတော့ တရားလို သက်သေ စခန်းမှူး ဦးမျိုးဆွေကို မေးခွန်း ၅ ခုနဲ့ တရားလို အစိုးရ ရှေ့နေကို မေးခွန်းတစ်ခု မေးမြန်းခဲ့တာကို တွေ့ရပါတယ်” ဟု ပြောသည်။

ရှေ့နေမ ဒေါ်အေးနုစိန်မှ ဖေါ်ပြပါ မေးခွန်း ၅ ကို မေးမြန်းခဲ့သည်။

(၁) ဆရာတော် အရှင်ပညာစာရ စုဆောင်းထားတဲ့ စာအုပ်စာပေတွေကို လေ့လာဖတ်ကြားရင်း အမျိုးသား စာပေဆု ရသွားတဲ့ ပုဂ္ဂိုလ်တစ်ဦးကို သိပါသလား။ (၂) နိုင်ငံခြားသားများ ဆရာတော် စုဆောင်းထားသော စာအုပ်စာတန်းတွေကို လေ့လာဆည်းပူးဖို့ မကြာခဏ စစ်တွေကို ရောက်ရှိပြီး ထိုထဲက တဦး ရခိုင်သမိုင်းနဲ့ ဒေါက်တာဘွဲ့ ရသွားတာကို သိပါသလား။ (၃) ဆရာတော်ရဲ့ ပရဟိတ ကျောင်းကို စပိန်က ငွေကြေး ထောက်ပံ့တယ် ဆိုတာ သိပါသလား။ (၄) စင်္ကာပူက လှူဒါန်းတဲ့ ငွေကြေးတွေနဲ့ စာအုပ် စာတန်းတွေကို ၀ယ်ယူစုဆောင်းတယ် ဆိုတာ သိပါသလား (၅) ဆရာတော် ကျောင်းတိုက်မှာ စာကြည့်တိုက် ၂ ခု ရှိတယ် ဆိုတာ သိပါသလား စသည်တို့ ဖြစ်သည်။

၎င်းအပြင် ဒေါ်အေးနုစိန်မှ အစိုးရ ရှေ့နေအား ဆရာတော် သီတင်းသုံးနေရာ ကျောင်းဝင်းအတွင်းတွင် ဆရာတော်၏ မယ်တော် အုတ်ဂူ ရှိတယ် ဆိုတာ သိပါလားဟု မေးမြန်းခဲ့သည်။

“အဲဒီ တရားလိုတွေက အရှင်ပညာစာရကို သမိုင်းသုတေသီ ဆိုတဲ့ အချက်ကို ပယ်ဖျက်လိုတဲ့အတွက် သူဟာ သမိုင်းသုတေသီ မဟုတ်ကြောင်း တင်ပြလာတဲ့ အပေါ်မှာ ဒေါ်အေးနုစိန်က ခုလို မေးမြန်းခဲ့တာ ဖြစ်ပါတယ်။ တရားလို ရှေ့နေက ကလေးတွေ အလောင်းတွေကို ဖျောက်ဖျက်တယ် ဆိုတဲ့ စွပ်စွဲချက်ကြောင့် ဆရာတော်ရဲ့ မယ်တော် အုတ်ဂူ ရှိတယ် ဆိုတာကို သိသလားလို့ မေးတာ ဖြစ်ပါတယ်။ ကလေးတွေကို ကျောင်းတိုက်မှာ မြုပ်နှံထားတဲ့ ကိစ္စကိုကျတော့ တရားစွဲတယ်။ မယ်တော်ကို မြုပ်နှံထားတာကို ကျတော့ သူတို့က ဘာမှ မပြောတဲ့အတွက် ဒေါ်အေးနုစိန်က အချက်ကျကျ မေးမြန်းခဲ့တာ ဖြစ်ပါတယ်” ဟု သူက ပြောသည်။

တရား စစ်ဆေးမူကို နေ့လည် ၂ နာရီတွင် ရပ်နားခဲ့ပြီး နောက်ထပ် ရုံးချိန်းကို သြဂတ်စ်လ ၃၀ နေ့တွင် တရားရုံးက ပေးခဲ့သည်ဟု သိရသည်။

သြဂတ်စ်လ ၁၇ ရက်နေ့က စစ်ဆေးခဲ့သော ဒုတိယအကြိမ် ရုံးချိန်းတွင် အစိုးရ တရားလို သက်သေ နှစ်ဦး ဖြစ်သည့် ဦးထွန်းသိန်းနှင့် ဒေါ်မာလာအား စစ်ဆေးခဲ့သည်။ ဒေါ်မာလာအား စစ်ဆေးမေးမြန်းရာ သူမက မိမိ အနေဖြင့် ဆရာတော်နှင့် ဖေါက်ပြန်ခဲ့ခြင်း မရှိကြောင်းနှင့် ဆရာတော်အား စွပ်စွဲရခြင်းမှာ တရားစွဲဆိုသူများမှ ကျပ် သိန်း ၂၀ ကို မက်မောရယူလိုသဖြင့် ဖြစ်ကြောင်း ထွက်ဆိုခဲ့သည်ဟု သိရသည်။

ဆရာတော်၏ ကျန်းမာရေး အခြေအနေမှာ ကောင်းမွန်ကြောင်း သိရသည်။

 

 

 

 

 

Most read this week