ရန်ကုန်တွင် ကလေးငယ်များကို ပိုလီယို ကာကွယ်ဆေး တိုက်ကျွေးကာ မိဘများကို ကြံ့ဖွံ့ပါတီအတွင်း သွတ်သွင်း....
ရန်ကုန်တွင် ကလေးငယ်များကို ပိုလီယို ကာကွယ်ဆေး တိုက်ကျွေးကာ မိဘများကို ကြံ့ဖွံ့ပါတီအတွင်း သွတ်သွင်းမှုများ ရှိနေကြောင်း သိရသည်။
ယခုလဆန်းမှစ၍ ရန်ကုန်တိုင်း မြို့နယ်အသီးသီးရှိ ရပ်ကွက်ကောင်စီရုံးများတွင် ဒေသအာဏာပိုင်များ၊ ကျန်းမာရေး ဦးစီးဌာန ဝန်ထမ်းများနှင့် ကြံ့ဖွံ့ပါတီဝင်များက ၅ နှစ်အောက် ကလေးများကို ပိုလီယိုကာကွယ်ဆေး တိုက်ကျွေးပေးကာ မိဘများကိုမူ ပါတီဝင်ခိုင်းနေခြင်း ဖြစ်သည်။
’’ကလေးကို ဆေးသွားတိုက်တော့ ပြီးလည်းပြီးရော စာရွက်တရွက် ပေးတယ်။ အဲဒီစာရွက်က ကျနော်/ကျမတို့ကို ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်အဖြစ် ဝင်ရောက်ခွင့်ပြုပါဆိုတာကို ရေးထားတာ တွေ့တယ်။ အဲဒီတော့ ကျမက မဝင်ချင်ဘူး။ ဒါကြောင့် မဝင်ချင်ဘူး ပြောတယ်။ ဒါပေမဲ့ သူတို့က လက်မှတ်ထိုးပါတဲ့။ ပြောတော့ လက်မှတ် ထိုးခဲ့ရတယ်’’ ဟု တာမွေမြို့နယ် ကျောက်မြောင်းရှိ မိခင်တဦးက ပြောသည်။
သင်္ကန်းကျွန်း၊ မင်္ဂလာတောင်ညွန့်၊ ဒဂုံမြို့သစ်တောင်ပိုင်းနှင့် အရှေ့ပိုင်း၊ ရွှေပြည်သာနှင့် မြောက်ဥက္ကလာ မြို့နယ်များရှိ ဒေသခံများကို မေးမြန်းရာတွင်လည်း ထိုကဲ့သို့ စည်းရုံးမှုမျိုးဖြင့် ပါတီဝင်ခိုင်းကြောင်း ပြောကြ သည်။
ကျောက်တံတားမြို့နယ် အမှတ် ၃ ရပ်ကွက်တွင် ကြံ့ဖွံ့ပါတီဝင်ရန် ရပ်ကွက်ကောင်စီ (ရယက) များကပင် တိုက်တွန်းမှုများ ရှိနေကြောင်း သိရသည်။
’’ကြံ့ဖွံ့ ဘာလုပ်တယ်ဆိုတာကို သူတို့လုပ်ရပ်တွေကြောင့် သိနေပြီ။ အခုပါတီရုံးတွေ ဖွင့်ကြပြီ။ သူတို့အနေနဲ့ ပါတီဝင်တွေကို လိုက်စုနေတဲ့အချိန်ဖြစ်လို့ ပါတီဝင် စည်းရုံးမှုတွေကို ပေါ်တင်လုပ်နေကြပြီလေ။ ကျနော် တယောက်ထဲ ခံစားမှုက ဘယ်နည်းနဲ့ စည်းရုံးပါစေ၊ မဝင်နိုင်ပါဘူး။ ပါတီဝင်ပြီဆိုတာနဲ့ သူတို့က မဲရပြီးသား ဆိုတာ တွက်ထားပြီးသား။ ကျနော်ပေးတဲ့မဲက သူတို့အတွက် အဖြစ်မခံနိုင်ဘူး’’ ဟု ယင်းရပ်ကွက်တွင် နေထိုင်သူတဦးက ပြောသည်။
ရန်ကုန်တိုင်းတွင် မြို့နယ်ပေါင်း ၄၅ မြို့နယ် ရှိပြီး၊ လူဦးရေမှာ ၆ သန်းခန့် ရှိသည်။