အချိန်ကား မိုးကောင်းကင်တွင် တိမ်လွှာတိမ်တိုက်များ မည်းမှောင်အုံ့မှိုင်းလျက် မိုးတဖွဲဖွဲရွာနေသည့် ယခုလို အချိန်မျိုး ဖြစ်သည်။ ရာသီဥတုကြောင့် အများသူငါ ပျင်းရိနေကြသည့်....
အချိန်ကား မိုးကောင်းကင်တွင် တိမ်လွှာတိမ်တိုက်များ မည်းမှောင်အုံ့မှိုင်းလျက် မိုးတဖွဲဖွဲရွာနေသည့် ယခုလို အချိန်မျိုး ဖြစ်သည်။ ရာသီဥတုကြောင့် အများသူငါ ပျင်းရိနေကြသည့် အချိန်ကာလည်း ဖြစ်သည်။ သို့သော် မွန်လူမျိုးတို့သည် မဟာဗမာ လူမျိုးကြီးဝါဒီ (အားလုံးသော ဗမာလူမျိုးများကို မဆိုလို၊ သို့သော် လူမျိုးကြီးဝါဒကို စွဲကိုင်ထားသော ဗမာများကိုသာ ရည်ရွယ်သည်) ကို စတင်တော်လှန်ရန် ကြံစည်ခဲ့ကြသည်။
သာသနာအပေါ် ကြည်ညိုစိတ်ထားနှင့် ဥဘုသ်နေ့ ရောက်တိုင်း ဘုန်းကြီးကျောင်း၊ ဘုရားစေတီပုထိုးများတွင် အလှူဒါန၊ သီလစောင့်တည်ရန် ရည်သန်လျက်ရှိသော မွန်လူမျိုးတို့သည် မြန်မာသက္ကရာဇ် ၁၃၁၀ ခုနှစ် (၁၉၄၈)၊ ၀ါခေါင် (သြဂုတ်) လပြည့်နေ့တွင် ဖဆပလ အစိုးရကို မလွဲမရှောင်သာပဲ လက်နက်စွဲကိုင်ကာ စတင်တော်လှန် ခဲ့သည်။ ထိုနေ့ကို “မွန်တော်လှန်ရေးနေ့” ဟု မွန်အမျိုးသားတို့ ခေါ်ဆို သမုတ်လာခဲ့ပြီး မွန်တော်လှန်ရေး ခရီးသည်လည်း ယခုအခါတွင် ၆၃ နှစ်တိုင်တိုင် ရှိပြီ ဖြစ်သည်။
မွန်တို့၏ နောက်ခံသမိုင်းနှင့် အမျိုးသားအင်္ဂါရပ်
မွန်လူမျိုးတို့သည် သမိုင်းအစဉ်အလာအရ မြစ်ဝှမ်းဒေသများတွင် အခြေချ နေထိုင်ကာ၊ လယ်ယာနှင့် ကုန်စည် ကူးသန်းရောင်းဝယ်ရေး လုပ်ငန်းများဖြင့် အသက်မွေးဝမ်းကြောင်း ပြုလာခဲ့ကြတယ်။ ငြိမ်းငြိမ်းချမ်းချမ်း နေထိုင် လေ့ရှိပြီး သူတပါးအပေါ် ရန်လို၊ ရန်ဘက် ပြုလေ့မရှိပေ။ ကုန်သွယ်ဖက် နိုင်ငံများအား တလေးတစား ချစ်ကြည် ရင်းနှီးစွာ ပေါင်းသင်းဆက်ဆံကာ မြန်မာနိုင်ငံတောင်ပိုင်း သုဝဏ္ဏဘုမ္မိ (သထုံ)၊ ဟံသာဝတီ (ပဲခူး)၊ ပါဒနဲ့ ထိုင်းနိုင်ငံတွင် ဒွါရဝတီ၊ ဟရိဘုဉ္ဇ အစရှိတဲ့ မြို့ပြနိုင်ငံများကို တည်ထောင်ပြီး ထိုဒေသများတွင် နေထိုင် လာခဲ့ကြသည်။ သမိုင်းရာဇ၀င်အရ ကိုယ့်ထီးကိုယ့်နန်း ကိုယ်ပိုင်လွတ်လပ်ရေး၊ ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှု၊ စီးပွားရေး အစရှိတဲ့ လူမျိုးတမျိုးတွင် ရှိသည့် အင်္ဂါရပ်များနဲ့ ပြည့်စုံသည့် လူမျိုး ဖြစ်သည်။
ခရစ်သက္ကရာဇ် (အေဒီ) ၁၇၅၇ ခုနှစ်တွင် ဗမာဘုရင် ဦးအောင်ဇေယျ၏ အမျိုးသားရေး ဖိနှိပ်သုတ်သင်၊ မျိုးဖြုတ် မှုကြောင့် မွန်လူမျိုးများ ထီးနန်းဆိတ်သုဉ်းကာ လွတ်လပ်သော လူမျိုးဘ၀မှ တပါးကျွန်ဘ၀သို့ ရောက်သွား ခဲ့ရသည်။ မည်သို့ပင်ဆိုစေကာမူ ၁၈၈၅ ခုနှစ်၊ မြန်မာတနိုင်ငံလုံး အင်္ဂလိပ်လက်အောက် ကျရောက်ပြီးသည့် နောက် “လွတ်လပ်ရေး တိုက်ပွဲတွင် မြန်မာ ၅ဝဝဝ၊ မွန် ၃ဝဝဝ ပါဝင်ခဲ့သည်” ဟု ဖဆပလ အဖွဲ့ချုပ် ဥက္ကဌ ဖြစ်ခဲ့သူ ဗိုလ်ချုပ် အောင်ဆန်းက ပြောခဲ့ဖူးသည့် မှတ်တမ်းအရ သိရသည်။ ဤအချက်ကို ကြည့်လျှင် တစုံတရာ ရန်ငြိုး ထားလိုစိတ် မရှိကြောင်း၊ ပြည်ထောင်စုသား စိတ်ဓာတ် အပြည့်ရှိကြောင်း သာဓကပင် ဖြစ်သည်။
မွန်တို့ တော်လှန်ရသည့် အကြောင်းအရင်းများ
မွန်လူမျိုးတို့တွင် အထက်ဖော်ပြပါ လူမျိုးတမျိုး ဖြစ်တည်မှု အင်္ဂါရပ်များနဲ့ ပြည့်စုံပြီး ပြည်ထောင်စုဖွား တိုင်းရင်းသား စိတ်ဓာတ်ဖြင့် လွတ်လပ်ရေး တိုက်ပွဲတွင် အသက်သွေး၊ ချွေး ပေးဆပ်ကာ ပါဝင်ခဲ့စေကာမူ ၁၉၄၈ ခုနှစ် ဇန်နဝါရီလ (၄) ရက်နေ့၊ မြန်မာနိုင်ငံ လွတ်လပ်ရေး ကြေညာခဲ့ရာတွင် မွန်ပြည်နယ် မပါဝင်ချေ။ “ပြည်ထောင်စု မြန်မာနိုင်ငံတော်” အဖြစ် အမည်နာမပေးရာတွင် ရှမ်းပြည်နယ်၊ ကယား ပြည်နယ်၊ ကချင် ပြည်နယ်၊ ချင်းဝိသေသတိုင်း စသည်တို့ဖြင့် ဖွဲ့စည်းတည်ထောင်ခဲ့သော်လည်း မွန်လူမျိုးတို့ကိုမူ ချင်း၊ ကချင်၊ ကယားကဲ့သို့ လူမျိုးရေးအရ အသိအမှတ်ပြုခြင်း မခံခဲ့ရပေ။
တဖန် လွတ်လပ်ရေး ရပြီးနောက် ဖဆပလ အစိုးရက မွန်လူမျိုးတို့အပေါ် ထားရှိတဲ့ သဘောထားမှာ ဦးအောင်ဇေယျ လက်ထက် ပြင်းထန်သော လူမျိုးရေး ဖိနှိပ်မှုကြောင့် မွန်လူမျိုးတို့မှာ ယိုးဒယား (ထိုင်း) သို့ တိမ်းရှောင်ထွက်ပြေးပြီး အချို့မှာ မိမိကိုယ်ကို မွန်လူမျိုး ဖြစ်ကြောင်း ထုတ်ဖော်ရဲခြင်း မရှိခဲ့သည့်အပြင်၊ မြန်မာပြည် အလယ်ပိုင်းမှ ဗမာများ အောက်မြန်မာနိုင်ငံသို့ ရွှေ့ပြောင်းလုပ်ကိုင်ရင်းဖြင့် မွန်တို့နှင့် သွေးနှော ကုန်ကာ လူဦးရေအရ အနည်းဆုံးနှင့် ချေမှုန်းရန် လွယ်ကူသော လူမျိုးဘ၀ ရောက်ခဲ့သည်။ ထို့အပြင် မွန်တို့ တောင်းဆိုချက်ကို လိုက်လျောခြင်း မပြုခဲ့ပေ။ “မွန်နဲ့ ဗမာအတူတူပဲ” ဆိုသော ဗမာ့နိုင်ငံရေး ခေါင်းဆောင်တို့၏ ခေါင်းစဉ်းအောက်တွင် အဓမ္မ သွတ်သွင်းကာ ပြည်ပတွင် ဗမာအနေဖြင့် ရေတွက် ထည့်ဝင်ခြင်း ခံခဲ့ရသည်။
အထက်ပါ အခြေအနေများကြောင့် မွန်လူမျိုးရေးရာ အဖွဲ့ချုပ် ဦးဆောင်၍ ငြိမ်းချမ်းသော ဒီမိုကရေစီလှုပ်ရှားမှု အသွင်အဖြစ် ၁၉၄၈ ခုနှစ်၊ နှစ်ဦးပိုင်းတွင် မွန်ပြည်နယ်တွင် ဆန္ဒပြပွဲကြီးကို ပြုလုပ်ခဲ့ကြသည်။ ၎င်းဆန္ဒပြပွဲ ကြီးတွင် မွန်သံဃာတော်များ အပါအ၀င် အလွှာအသီးသီးမှ မွန်လူမျိုး ထောင်ပေါင်းများစွာတို့က “မွန်ပြည်နယ် ချက်ချင်းပေး” ဟူသော ကြွေးကြော်သံနဲ့အတူ မော်လမြိုင်မြို့တွင် စည်းကမ်းသေဝပ်စွာ ဆန္ဒပြခဲ့ကြတယ်။ ထိုဆန္ဒြပပွဲကြောင့် မွန်အမျိုးသားတို့ရဲ့ ဇာတိသွေး၊ ဇာတိမာန် တက်ကြွလာသည့်အလျှောက် ဖဆပလ အစိုးရ သည်လည်း မွန်တို့၏ လှုပ်ရှားမှုကို စေ့စပ်သေချာစွာ စောင့်ကြည့်နေခဲ့သည်။ တခါတရံ ဆိုရှယ်လစ်လမ်းစဉ်ပါတီ ပြည်သူ့ရဲဘော်တပ်ဖွဲ့တို့က ရန်စကျူးကျော်မှု ပြုလုပ်ခဲ့သော်လည်း မွန်လူမျိုးတို့မှာ မိမိတို့ မွန်ပြည်နယ် ရရှိရေး ကိုသာ ဦးတည်လုပ်ဆောင်လာခဲ့ကြတယ်။
မွန်လူမျိုးရေးရာ အဖွဲ့ချုပ်သည် မိမိတို့ ဦးဆောင်လှုပ်ရှားသော မွန်ပြည်နယ် ဖော်ထုတ်ရေး ကိစ္စရပ် များပြီး မြောက်အောင် ဆောင်ရွက်နိုင်ရန် စည်းရုံးရေး လုပ်ငန်းများ ပိုမိုလုပ်ဆောင်လာခဲ့ကြသည်။ ထိုသို့ စည်းရုံးရေး လုပ်ငန်းများ အောင်မြင်လာသည်နှင့်အမျှ ဖဆပလ အစိုးရသည်လည်း မွန်အမျိုးသား ခေါင်းဆောင်များအား နည်းမျိုးစုံဖြင့် စတင်ရန်ပြုလာတော့သည်။ မွန်အမျိုးသားတို့အား နိုင်ငံရေးအရ ထိုးစစ်ဆင်လာပြီး၊ မွန် ခေါင်းဆောင် များအား ရှာဖွေခြင်း၊ နယ်များရှိ ခေါင်းဆောင်များကို ခြိမ်းခြောက်ခြင်းများ နည်းမျိုးစုံသုံးကာ ပြုလာပြန်သည်။ ထို့ကြောင့် မွန်လူမျိုးတို့သည် မိမိတို့ ရပိုင်ခွင့် အခွင့်အရေးနှင့် မွန်ပြည်နယ် ပေါ်ပေါက် လာရေး အတွက် ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုသည့် နည်းနှင့် မရရှိနိုင်ကြောင်း နားလည်သဘောပေါက်လာပြီးနောက်၊ သက္ကရာဇ် ၁၃၁၀ ၀ါခေါင်၊ လပြည့်နေ့တွင် ရဲစခန်းများမှ သေနပ်များ လုယူကာ လက်နက်ကိုင် တော်လှန်ရေးကို မလွှဲမရှောင်သာ စတင်ခဲ့သည်။
အထက်ပါ မွန်တို့ လက်နက်စွဲကိုင် တော်လှန်ရသည့် အနေအထားကို ကြည့်လျှင် တော်လှန်ရေးတို့ မည်သည့် သူ့အလိုအလျှောက် ပေါ်ပေါက်လာခြင်း မဟုတ်ပေ။ ဖိနှိပ်မှု တစုံတရာကြောင့် ရုန်းထွက်လိုမှု ဖြစ်ပေါ်ကာ တော်လှန်ရေး ဟူသည် ပေါ်ပေါက်လာရသည်။ မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ချိုးဖေါက်မှု၊ ဒီမိုကရေစီ ဆိတ်သုဉ်းမှုတို့ကြောင့် ရှစ်လေးလုံး (၈၈၈၈) ဒီမိုကရေစီ တောင်းဆိုမှု အရေးတော်ပုံနှင့် ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေး ပေါက်ဖွားလာသကဲ့သို့ မွန်လူမျိုးများလည်း မလွဲမရှောင်သာဘဲ လက်နက်စွဲကိုင် တော်လှန် ခဲ့ရသည် မဟုတ်ပါလား၊
မွန်အမျိုးသားတို့၏ ပြည်တွင်း ငြိမ်းချမ်းရေး ကြိုးပမ်းမှု
မွန်လူမျိုးတို့သည် ခေတ်အဆက်ဆက် မြန်မာနိုင်ငံအစိုးရ အဆက်ဆက်ကို လက်နက်စွဲကိုင် တော်လှန်လာခဲ့ သော်လည်း ပြည်တွင်း ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီရေး ရရှိရေးအတွက် အခါအခွင့် သင့်သလို ကြိုးပမ်း ဆောင်ရွက်လျက် ရှိသည်။ ၁၉၅၈ ခုနှစ် မွန်ပြည်သူ့တပ်ဦး ဥက္ကဌ နိုင်အောင်ထွန်း ဦးဆောင်ကာ ဦးနု အစိုးရထံ လက်နက်အပ်ကာ၊ ပါလီမန်အတွင်း ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းခဲ့ကြသည်။ ၁၉၉၅ ခုတွင်လည်း မွန်ပြည်သစ် ပါတီက စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး ပြုလုပ်ရင်း အခြားသော ညီရင်းအစ်ကို တိုင်းရင်းသားများနှင့် လက်တွဲကာ အမျိုးသားညီလာခံတွင် တိုင်းရင်းသားများ၏ အမျိုးသား ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် ငြိမ်းချမ်းစွာ ဆွေးနွေးတိုင်ပင်ခဲ့ကြသည်။ သို့သော် နအဖ တဖြစ်လည်း စစ်အစိုးရက ၎င်းတို့ တင်ပြချက်များကို လျစ်လျူရှု ခဲ့သည်။
မွန်လူမျိုးနှင့် အခြားတိုင်းရင်းသားတို့၏ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်အရေးအတွက် လုံးဝအာမခံချက် မရှိသည့် စစ်အစိုးရ ကမ်းလှမ်းနေသည့် နယ်ခြားစောင့်တပ် နှင့် ဌာနေပြည်သူ့စစ် အစီအစဉ်ကို မွန်ပြည်သစ်ပါတီနှင့် ၎င်းတို့၏ မွန်အမျိုးသား လွတ်မြောက်ရေး တပ်မတော်က လက်မခံ ငြင်းပယ်နေစဉ်မှာပင်လျင် ၁၉၉၄ ကမ္ဘာ့ ကုလသမဂ္ဂမှ ချမှတ်ခဲ့သော တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းပေါ် ရောက်အောင် အခြားသော ဘ၀တူ တိုင်းရင်းသား အင်အားစုများ၊ ဒီမိုကရေစီအင်အားစုများနဲ့ လက်တွဲပြီး ကြိုးစားဆောင်ရွက်နေဆဲဖြစ်သည်။ သို့သော် အခြားတဖက်တွင်မူ စစ်အစိုးရက မိမိနိုင်ငံသူ နိုင်ငံသားတို့၏ဆန္ဒကို လျစ်လျူရှုကာ “ကိုယ့်လှေကိုယ်ထိုး ပဲခူး ရောက်ရောက်” ပုံစံနှင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ၂၀၁၀ ရွေးကောက်ပွဲ အစီအစဉ်အဖြစ် တနိုင်ငံလုံး စစ်ကျွန်ဘ၀အဖြစ်သို့ ဖိနှိပ်သွတ်သွင်းနိုင်ရန် လုပ်ဆောင်နေဆဲပင်ဖြစ်သည်။
ဖိနှိပ်မှုကြောင့် ဖိနှိပ်သူနှင့် အဖိနှိပ်ခံရသူတို့ ရင်ဆိုင်ရသည့် ဆိုးကျိုးများ
မြန်မာနိုင်ငံ သမိုင်းကြောင်းကို ပြန်လည်လှန်လောကြည့်ပါက ဗမာဘုရင် အနော်ရာထာ၊ ဘုရင့်နောင်၊ အောင်ဇေယျနဲ့ နောက်လိုက်ဗိုလ်ပါတို့၏ ဖိနှိပ်မှုကြောင့် ဖိနှိပ်ခံရသူ ရခိုင်၊ မွန်၊ ရှမ်း၊ ကချင်တို့မှာ ၎င်းတို့၏ အချုပ်အခြာပိုင် လွတ်လပ်သော လူမျိုးဘ၀ ဆုံးရှုံးသွားခဲ့ရသည်။ ထိုအကြောင်းကြောင်းများကြောင့် ဖိနှိပ်ခံ လူမျိုးများထဲမှ အချို့မှာ ဖိနှိပ်သူ ဗမာလူမျိုးများအပေါ် မုန်းတီးလာကြသည်။ လက်ရှိတွင် သက်ဆိုင်သူများ မဟုတ်သည့် ဗမာလူမျိုးများ အငြိုငြင်ခံရသည်။ တခါတရံ “ဗမာတွေအပေါ် မမုန်းနဲ့၊ ရှေးက ဗမာဘုရင်တွေကိုသာ မုန်းပါ” ဟု ပြောဆိုမှုများလည်း ရှိနေသည်။
ထို့အပြင် လူမှုရေးနှင့် နိုင်ငံရေး အမြင်ရှိသူများအကြား သာမန်စကားဝိုင်း၊ ဆွေးနွေးပွဲများ၌ပင် ဗမာလူမျိုးနှင့် မွန်လူမျိုးတို့အကြား အမျိုးသားရေးဝါဒီ ကိုင်စွဲသူနဲ့ အမျိုးသားရေး အမြင်ကျဉ်းသူဟူ၍ အပြန်အလှန်၊ အခြေ အတင် စွပ်စွဲပြောဆိုမှုများ နှစ်ဖက်စလုံး ခံရသည်။ ထိုအငြင်းပွားမှုများတွင် နှစ်ဖက်စလုံးအတွက် မည်သည့် အကျိုး တစုံတခုမှ မရှိပေ။
လက်ရှိ အနေအထားတွင် နအဖ စစ်သားများ တိုင်းရင်းသားနယ်မြေများတွင် စစ်ကြောင်းလှည့်စဉ်အခါ ကျေးရွာများ မီးရှို့ဖျက်စီးခြင်း၊ ဒေသခံတိုင်းရင်းသားများ ပိုင်ဆိုင်သည့် ပစ္စည်းဥစ္စာများ လုယူဖျက်စီးသည့်အပြင် သမီးပျို၊ လူအို အမျိုးသမီးများပါမကျန် မုဒိမ်းမှု ကျုးလွန်သည့်အတွက် ထိုဒေသခံ တိုင်းရင်းသားများက “ဗ-ဗမာမျိုး လှံနဲ့ထိုး” ဟူ၍လည်း ဗမာလူမျိုးများကို ကျိန်းမောင်းပြောဆိုကြပြန်သည်။ စစ်အစိုးရ၏ လူသား မဆန်သည့် ထိုလုပ်ရပ်များကြောင့် ဗမာတမျိုးလုံး ခံရသည်။
ထို့ကြောင့် ဖိနှိပ်မှုများ အဆုံးသတ်သွားရန် ကြိုးပမ်းဖို့ လိုပါသည်။ ထိုသို့ ကြိုးစားရာတွင် အပြစ်ရှောင်ရုံသဘော ဗိုလ်စောမောင်၊ ခင်ညွန့်တို့အား ဖြုတ်ချပြ ချုပ်နှောင်ပြရုံ၊ ဟန်ပြသက်သက်ဖြင့် လူသာပြောင်း မူမပြောင်းခဲ့သော် အမုန်းသံသရာ အဆုံးသတ်နိုင်မည်မဟုတ်ပေ။ ပြည်ထောင်စု တည်ဆောက်ရန်လည်း အဟန့်အတား ဖြစ်မြဲ ဖြစ်နေမည်။
အချုပ်ဆိုရသော် မွန်တို့ ယနေ့တိုင် လက်နက်စွဲကိုင် တော်လှန်နေရသည်မှာ လူမျိုးတမျိုးက အခြားလူမျိုး တမျိုးအပေါ် မုန်းတီး၍မဟုတ်။ လူမျိုးကြီးဝါဒီအား ဆန့်ကျင်တော်လှန်နေခြင်း ဖြစ်သကဲ့သို့ လူမျိုးတမျိုး၏ အင်္ဂါရပ်များနှင့် ပြည်စုံသည့် ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးနိုင်ခွင့် အခွင့်အရေးအတွက် တိုက်ပွဲဝင် တော်လှန် နေရခြင်းသာ ဖြစ်သည်။ ထိုအခွင့်အရေးများ မရရှိသရွေ့ မည်သို့သော နည်းလမ်းနှင့်မဆို မလွဲမရှောင်သာ ဆက်လက်တော်လှန်နေဦးမည်သာ။
မှတ်ချက်။ ။ စာရေးသူ မင်းချမ်းမွန်သည် နိုင်ငံတကာရောက် မွန်အမျိုးသား ပူးပေါင်းဆောင်ရွက်ရေး ကော်မီတီ (Overseas Mon Coordinating Committee) တွင် လက်ရှိ တာဝန်ထမ်းဆောင်နေသူတဦး ဖြစ်သည်။