ရွေးကောက်ပွဲ ဝင်မည့် ရခိုင်ပါတီ ရုံးကို အာဏာပိုင်များက ၀င်ရောက်စစ်ဆေး

ရွေးကောက်ပွဲ ဝင်မည့် ရခိုင်ပါတီ ရုံးကို အာဏာပိုင်များက ၀င်ရောက်စစ်ဆေး

စစ်တွေရှိ RNDP ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီရုံးကို သြဂတ်စ်လ ၂၁ ရက်နေ့က ရဲတပ်ဖွဲ့ ပေါင်းစုံမှ ၀င်ရောက် စစ်ဆေး....

စစ်တွေရှိ RNDP ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီရုံးကို သြဂတ်စ်လ ၂၁ ရက်နေ့က ရဲတပ်ဖွဲ့ ပေါင်းစုံမှ ၀င်ရောက် စစ်ဆေးမေးမြန်းမူများ ပြုလုပ်ခဲ့သည်ဟု သတင်း ရရှိသည်။

ယခု ၀င်ရောက် စစ်ဆေးမူမှာ ရခိုင်တိုင်းရင်းသား တိုးတက်ရေး ပါတီမှ ခေါင်းဆောင်တချို့၏ ဆွေမျိုးများကို ခေါ်ယူစစ်ဆေးပြီးနောက် ပေါ်ပေါက်လာခြင်း ဖြစ်ကြောင်း ပါတီ တာဝန်ရှိသူ တဦးက နိရဉ္စရာသို့ ပြောသည်။
RNDP-meeting
“ကျွန်တော်တို့ ပါတီက ခေါင်းဆောင် တချို့ရဲ့ မိသားစု ၀င်တွေကို သက်ဆိုင်ရာ အာဏာပိုင်တွေက ခေါ်ယူ ခြိမ်းခြောက်တာတွေ ရှိနေပါတယ်။ ဒါတွေ နောက်ပိုင်းမှာ အခုတခါ ရုံးထဲကို ၀င်ရောက်လာပြီး ရဲတပ်ဖွဲ့ဝင်တွေက စစ်ဆေးမေးမြန်းမူတွေ ပြုလုပ်လာတာ ဖြစ်ပါတယ်။ အဓိကတော့ ကျွန်တော်တို့ ပါတီကို လူတွေ မထောက်ခံ ရဲအောင်၊ ပါတီထဲကို မ၀င်ရဲအောင် ခြိမ်းခြောက်လိုတဲ့ အတွက် ခုလို ပြုလုပ်နေတာ ဖြစ်တယ်လို့ ကျွန်တော် ယူဆပါတယ်။”

ပါတီ ရုံးခန်းထဲသို့ စစ်ဆေးမေးမြန်းရန် ၀င်လာသည့် ရဲတပ်ဖွဲ့ဝင်များ ပြည်နယ်ရဲ၊ နယ်ထိန်း တပ်ဖွဲ့၊ ဒရ ခေါ် ဒုစရိုက်နှိပ်နှင်းရေး တပ်ဖွဲ့နှင့် SP တပ်ဖွဲ့ဝင်များ ဖြစ်ကြသည်။

“ခုလို ၀င်ရောက် စစ်ဆေးမေးမြန်းမူတွေ လုပ်တဲ့အပေါ် ကျွန်တော်တို့ ဥက္ကဌ ဒေါက်တာ အေးမောင်က ရုံးခန်းထဲမှာ အကြီးအကျယ် ကန့်ကွက် ပြောဆိုပါတယ်။ ဒါ ခင်ဗျားတို့ ဘာလုပ် တာလဲ။ ဒါက ပါတီ တခုလုံးကို စော်ကားတဲ့ အနေအထား ရှိတယ် ဆိုပြီး ပြောဆိုပါတယ်။ ခုလို ရဲတပ်ဖွဲ့ ပေါင်းစုံက ၀င်ရောက် စစ်ဆေး မေးမြန်း တာကတော့ အာဏာပိုင်တွေက လူထုကို မြင်အောင် ပြတာပေါ့ဗျာ။ RNDP ရုံးကို ၀င်ရောက် စစ်ဆေးနေပြီ။ ဒီပါတီနဲ့ ပတ်သက်ရင် နောင်ခါ ပြဿနာတွေ ပေါ်လာနိုင်တယ် အဲသလို သဘောမျိုး မြင်လာအောင် လုပ်တာ ဖြစ်ပါတယ်” ဟု သူက ဆက်ပြောသည်။

ယခုအခါ အာဏာပိုင်များသည် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီအပေါ် အနီးကပ် စောင့်ကြည့်မူများ ပြုလုပ်နေပြီး အဖွဲ့ဝင် ခေါင်းဆောင်များ၏ မိသားစုများကိုလည်း ခေါ်ယူစစ်ဆေးမေးမြန်းမူများကို တိုးမြှင့် လုပ်ဆောင် လာကြောင်း သိရသည်။

သို့အတွက် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီမှ ရခိုင်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်ထံသို့ ကန့်ကွက်စာ တစ်စောင်ကို ဦးဖိုးမင်း ဗဟို အလုပ်အမူဆောင် (စီမံ)မှ လက်မှတ်ရေးထိုးပြီး သြဂတ်စ်လ ၂၁ ရက်နေ့က ရေးသားပေးပို့ခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့ ပါတီ အပေါ်မှာ အာဏာပိုင်တွေရဲ့ လုပ်ရပ်က တဖြည်းဖြည်းနဲ့ လွန်လာတဲ့အတွက် နောက်ဆုံး ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်ကို တိုင်းတန်းရတဲ့ အနေအထားကို ရောက်လာရတာ ဖြစ်ပါတယ်။ ခုလို ရွေးကောက်ပွဲဝင်ဖို့ ပြင်ဆင်နေချိန်မှာ ဒါမျိုးတွေ မလုပ်သင့်ဘူးလို့ ကျွန်တော်တို့ ပြောလိုပါတယ်” ဟု သူက ပြောသည်။

နအဖ အာဏာပိုင်များသည် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ အဖွဲ့ဝင်များကို အောက်ပါအတိုင်း အနှောက်အယှက်များ ပြုလုပ်ခဲ့ကြောင်း ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်သို့ ရေးသားပေးပို့သော စာတွင် ဖေါ်ပြထားသည်။

(၁) သြဂတ်စ်လ ၅ ရက်နေ့က စစ်တွေမြို့နယ် အတွင်းရေးမှူး ဦးအောင်မြကျော်အား ပြည်နယ် ရဲတပ်ဖွဲ့မှ ကိုယ်ရေး အချက်လက်များနှင့် ပါတီနှင့် ပတ်သက်မူ အကြောင်းတို့အား စုံစမ်းစစ်ဆေးမေးမြန်းခဲ့သည်။

(၂) သြဂတ်စ်လ ၁၀ ရက်နေ့က မင်းပြားမြို့နယ် သစ်ပုတ်တောင် ကျေးရွာတွင် နေထိုင်သူ ဦးခိုင်ပြည်စိုး၏ အစ်မဖြစ်သူ ဒေါ်အောင်မဝေအား ကျေးရွာရယကမှတဆင့် မင်းပြားမြို့နယ် သတင်းတပ်ဖွဲ့က ခေါ်ယူစစ်ဆေး မေးမြန်းခဲ့သည်။

(၃) သြဂတ်စ်လ ၁၁ ရက်နေ့က စစ်တွေမြို့နယ် အတွင်းရေးမှူး ဦးအောင်မြကျော်အား ဒုစရိုက် နှိမ်နှင်းရေး (ဒန/စစ်တွေ) မှ ကိုယ်ရေး အချက်အလက်နှင့် ပါတီ အကြောင်း စုံစမ်းစစ်ဆေးမေးမြန်းခဲ့သည်။

(၄) သြဂတ်စ်လ ၁၂ ရက်နေ့ကလည်း စစ်တွေမြို့ မင်းဂံရပ်ကွက်တွင်နေထိုင်သူ ဦးခိုင်ပြည်စိုး၏ အစ်ကို ဖြစ်သူ ဦးသန်းဝင်းနေအိမ်သို့ သတင်း တပ်ဖွဲ့မှ လာရောက်ပြီး စစ်ဆေးမေးမြန်းခဲ့သည်။

(၅) သြဂတ်စ်လ ၁၈ ရက်နေ့ကလည်း ဦးအောင်မြကျော် ညီတော်သူ တစ်ဦးကို မောင်တော သတင်းတပ်ဖွဲ့မှ သူတို့ ရုံးသို့ ခေါ်ယူပြီး ဦးအောင်မြကျော်၏ ကိုယ်ရေး အချက်အလက်များနှင့် ပါတီနှင့် ဆက်စပ်မူကို မေးမြန်း ခဲ့သည်။

Most read this week