တစည ရခိုင်တွင် မဲဆွယ်စည်းရုံးမူ စတင်

တစည ရခိုင်တွင် မဲဆွယ်စည်းရုံးမူ စတင်
by -
မောင်ရမ္မာ

တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီသည် ရခိုင်ပြည်နယ်တွင် သြဂတ်စ်လ ၁၇ ရက်နေ့က စတင်ပြီး မဲဆွယ်စည်းရုံးကို လုပ်ကိုင်.....

တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီသည် ရခိုင်ပြည်နယ်တွင် သြဂတ်စ်လ ၁၇ ရက်နေ့က စတင်ပြီး မဲဆွယ်စည်းရုံးကို လုပ်ကိုင်နေပြီ ဖြစ်ကြောင်း သတင်း ရရှိသည်။

ယခုအခါ တစည ပါတီ အမတ်လောင်းများ အနေဖြင့် ရခိုင်ပြည်နယ် အလယ်ပိုင်း မြောက်ဦး၊ ကျောက်တော်နှင့် မင်းပြားမြို့နယ်တို့တွင် ကျေးရွာများသို့ ဆင်းပြီး မဲဆွယ်စည်းရုံးရေး လုပ်နေပြီ ဖြစ်ကြောင်း ပါတီနှင့် နီးစပ်သူ တဦးက ပြောသည်။

မင်းပြားမြို့နယ် ခေါင်းလောင်းချောင်း ကျေးရွာသား တဦးက “မင်းပြားမှာ ရခိုင်ပြည်နယ် မင်းပြား မြို့နယ် တစည ပါတီ အမတ်လောင်း ဦးဘတင်က သြဂတ်စ်လ ၁၈ ရက်နေ့မှာ ကျွန်တော်တို့ ရွာကို ရောက်ရှိလာပြီးတော့ မက်လုံး အမျိုးမျိုး ပေးပြီးတော့ မဲဆွယ်စည်းရုံးသွားခဲ့ပါတယ်” ဟု ပြောသည်။

ဦးဘတင်မှာ တစည ပါတီ အမာခံတဦး ဖြစ်ပြီး မင်းပြားမြို့ပေါ်မှ ဖြစ်ကြောင်း သိရသည်။ သို့သော်လည်း မည့်သည့် လွှတ်တော်နေရာမှ အရွှေးခံမည်ကို မသိရှိကြောင်း အဆိုပါ ကျေးရွာသားမှ ပြောကြားသည်။

“သူက ဘယ်လွှတ်တော် အမတ်အဖြစ် အရွှေးခံမယ် ဆိုတာကိုတော့ တိတိကျကျ ပြောမသွားပါဘူး။ သူပြောတာက ခင်ဗျားတို့ ကျေးရွာမှာ လိုအပ်နေတဲ့ စာကြည့်တိုက်တွေ၊ ရေတွင်း၊ ရေကန်တွေနဲ့ လမ်းတွေကို လုပ်ဖို့အတွက် လိုအပ်တဲ့ ငွေတွေကို ထောက်ပံ့ပေးမယ်။ ဒါပေမယ့် ခင်ဗျားတို့ ရွှေးကောက်ပွဲကျရင် တစည ပါတီကို မဲထည့်ရမယ် ဆိုပြီး ပြောသွားပါတယ်။”

ဦးဘတင် နီးစပ်သူများ အပြောအရ တစညပါတီ အမတ်လောင်း ဦးဘတင်သည် သြဂတ်စ်လ ၁၇ ရက်နေ့မှ စတင်ပြီး သူ၏ ပါတီဝင်များနှင့်အတူ တစည ပါတီအတွက် မဲဆွယ် စည်းရုံးရန် မင်းပြားမြို့ပေါ်မှ ကျေးလက် တောရွာများသို့ ထွက်ခွာသွားကြောင်း သိရသည်။

ခေါင်းလောင်းချောင်း ကျေးရွာတွင် ဦးဘတင်မှ အသက်အရွယ် ကြီးရင့်ပြီး အိုမင်းမစွမ်း ဖြစ်နေသူများအား ကျပ်ငွေ ၁၀၀၀၊ လုံချည်တစ်ထည်၊ အင်္ကျီတစ်ထည်၊ ဆန်တစ်အိတ်စီ လှူဒါန်းသွားကြောင်း သိရသည်။

တစညပါတီ အမတ်လောင်း ဦးဘတင်သည် ခေါင်းလောင်းချောင်းကျေးရွာမှ အပြီးတွင် ယခုအခါ တခြား ကျေးရွာများ ဖြစ်သော အိုင်ဝန်း၊ ဇီးကိုင်း၊ သက်ပုန်း၊ ဥတ္တရာကျေးရွာများတွင် ဆက်လက် မဲဆွယ် စည်းရုံး နေကြောင်း သိရသည်။

ယခုအခါ ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်တိုင်းတွင် နအဖ စစ်အစိုးရ ကျောထောက်နောက်ခံ ပြုထားသော တစည ပါတီနှင့် ပြည်ခိုင်ဖြိုး ပါတီများ အနေဖြင့် မဲဆွယ် စည်းရုံးရေး လုပ်နေကြပြီ ဖြစ်သော်လည်း ကျန်ပါတီများ အနေဖြင့် အဆိုပါ ပါတီ ၂ ခုကဲ့သို့ မဲဆွယ်စည်းရုံးရေး မလုပ်နိုင်ဘဲ ရှိနေသေးကြောင်း သိရသည်။

 

 

Most read this week