မြောက်ဦး တိမ်ညိုကျေးရွာ လူသတ်မူ မဟုတ်မှန်ကြောင်း ကျေးရွာသားများ ငြင်းဆို

မြောက်ဦး တိမ်ညိုကျေးရွာ လူသတ်မူ မဟုတ်မှန်ကြောင်း ကျေးရွာသားများ ငြင်းဆို
by -
ထွန်းထွန်း

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် တိမ်ညိုကျေးရွာတွင် မိဘ နှစ်ဦးက ဧည့်သည် အမျိုးသမီး တဦးထံမှ ငွေကို ရယူသလိုသဖြင့် သမီးဖြစ်သူကို လူမှားယွင်းသတ်မူ ဖြစ်ပွား...

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် တိမ်ညိုကျေးရွာတွင် မိဘ နှစ်ဦးက ဧည့်သည် အမျိုးသမီး တဦးထံမှ ငွေကို ရယူသလိုသဖြင့် သမီးဖြစ်သူကို လူမှားယွင်းသတ်မူ ဖြစ်ပွားခဲ့သည် ဆိုသော သတင်းမှာ လုံးဝ မဟုတ်မှန်ကြောင်း ကျေးရွာသားများက နိရဉ္စရာသို့ ပြောကြားသည်။

ကျေးရွာသား တဦးက “ကျွန်တော်တို့ တိမ်ညိုမှာ ရွာသစ် ရွာဟောင်း ဆိုပြီး ရွာနှစ်ရွာ ရှိပါတယ်။ ခုလို အဖေအမေက သမီးဖြစ်သူကို သတ်တယ် ဆိုတဲ့ ဖြစ်ရပ်က လုံးဝ ဖြစ်ပွားခဲ့တာ မရှိပါ။ ဒါ့အပြင် ဦးမောင်သိန်း၊ ဒေါ်မြင့်အေးနဲ့ သမီး ဝေေ၀လွှင် ဆိုတဲ့ မိသားစုလည်း တိမ်ညိုမှာ မရှိပါ။ ဒါက လုံးဝ အခြေအမြစ် မရှိတဲ့ သတင်းပါ” ဟု သူက ပြောသည်။

တခြားကျေးရွာသား တဦးကလည်း “ကျွန်တော်က ဖုံးဆိုင်ပိုင်ရှင်ပါ။ ဒီလို ဖြစ်ရင် ကျွန်တော်တို့ သိရမှာပေါ့။ လွန်ခဲ့တဲ့ အပတ် ကြာသပတေးနေ့ကရော၊ လွန်ခဲ့တဲ့ လကရော၊ လွန်ခဲ့တဲ့ နှစ်ကရော ကျွန်တော်တို့ ရွာမှာ ဒီလို ဖြစ်ပွားခဲ့တာ မရှိပါ။ ဒီသတင်း လုံးဝ သတင်း မှားပါတယ်။ ကျွန်တော် ရဲရဲကြီး အာမခံပါတယ်” ဟု ပြောသည်။

တိမ်ညိုကျေးရွာမှာ မြောက်ဦးမြို့နှင့် မဟာမုနိဘုရား အကြားတွင် တည်ရှိသော ကျေးရွာတရွာ ဖြစ်ပြီး မြောက်ဦးမှ ၁၀ မိုင်ခန့် အကွာတွင် တည်ရှိသည်။ ယခုအခါ တယ်လီဖုံးဆိုင်များ၊ ဈေးဆိုင်များဖြင့် အတန်ငယ် စည်ကားနေသော ကျေးရွာကြီးတရွာ ဖြစ်သည်။

ယခုကဲ့သို့ မိဘနှစ်ဦးက ငွေလိုချင်သဖြင့် ဧည့်သည် အမျိုးသမီးကို သတ်ရန် ကြံစည်ရာမှ သမီးကို မှားသတ်မိသော ဖြစ်ရပ် သတင်းမျိုးမှာ ကျောက်တော်မြို့နယ်တွင် လွန်ခဲ့သော လက ထွက်ပေါ်ခဲ့သည်ဟု ဖုံးဆိုင်ပိုင်ရှင်က ပြောသည်။

“ဒီလို ဖြစ်စဉ်မျိုး လွန်ခဲ့တဲ့ လ၀က်ခန့်က ကျောက်တော်မြို့နယ် ရှမ်းရွာမှာ ဖြစ်ပွားခဲ့တယ်လို့ ကြားရပါတယ်။ ကျွန်တော်တို့ ကိုယ်တိုင်မြင်တာ တွေ့တာတော့ မဟုတ်ပါဘူး။ တဆင့်စကား တဆင့်ကြားရတာ ဖြစ်ပါတယ်။ အသေအချာတော့ မပြောနိုင်ပါဘူး”

တိမ်ညိုကျေးရွာမှာ မြောက်ဦးမြို့နယ်တွင် တည်ရှိပြီး ရှမ်းရွာမှာ ကျောက်တော်မြို့နယ်တွင် တည်ရှိသဖြင့် ရှမ်းရွာမှာ ဖြစ်ပွားခဲ့သည်ကို သူတို့ အနေဖြင့် တိတိကျကျ သိရှိရန် မလွယ်ကူကြောင်း သူက ဆက်လက် ပြောကြားသည်။

မြောက်ဦးမြို့ခံ တဦးကလည်း “ဒီလို သတင်းမျိုးက လူတွေတော်တော့ စိတ်ဝင်စားတဲ့ သတင်း ဖြစ်ပါတယ်။ ခုလို လူသတ်မူ ဖြစ်ရင် မြောက်ဦး တမြို့လုံး သိပြီပေါ့။ ကျွန်တော်တို့လည်း မကြားမိပါလား။ ဒီလို အဖေအမေက သမီးကို သတ်တယ်ဆိုတဲ့ သတင်းက တော်တော့ကို ထူးခြားတယ်။ စိတ်ဝင်စားစရာလည်း ကောင်းပါတယ်။ ဒါပေမယ့် ခုသတင်းက ကောလဟလ ဖြစ်ပါတယ်” ဟု ပြောသည်။

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် တိမ်ညို ကျေးရွာတွင် ဦးသိန်းမောင်နှင့် ဒေါ်မြင့်အေးတို့ အိမ်တွင် တည်းခိုနေသူ မင်းပြားမြို့မှ အမျိုးသမီး မခင်အေးငွေထံမှ ငွေ ၁၅ သိန်းကို ရယူလိုသဖြင့် လွန်ခဲ့သော အပတ်ကြာသပတေးနေ့ ညက လုပ်ကြံသတ်ဖြတ်ရာတွင် မှားယွင်းပြီး မခင်အေး ငွေအစား ၎င်းတို့၏ တဦးတည်းသော သမီးဖြစ်သူ မဝေေ၀လွှင် (၂၃ နှစ်) ကို သတ်မိခဲ့ကြောင်း ပြည်ပအခြေစိုက် မြန်မာ့သတင်းဌာန တခုတွင် ရေးသားဖေါ်ပြ ခဲ့သည်။

 

 

 

 

Most read this week