နယ်စပ်ဒေသတွင် ၎င်းတို့ ရင်းနှီးသူများကို ကြံ့ဖွံ့မှ စတင်စည်းရုံး

နယ်စပ်ဒေသတွင် ၎င်းတို့ ရင်းနှီးသူများကို ကြံ့ဖွံ့မှ စတင်စည်းရုံး

ပြည်ခိုင်ဖြိုးအသင်းမှ ကြံ့ဖွံ့ပါတီအတွက် အသင်းဝင်များကို ၎င်းတို့ အသင်းနှင့် နီးစပ်သူများ၊ ၎င်းတို့ အသင်းနှင့် အကျွမ်းဝင်သူများကိုသာ လျှို့ဝှက်စွာ စတင်စည်းရုံး....

 

ပြည်ခိုင်ဖြိုးအသင်းမှ ကြံ့ဖွံ့ပါတီအတွက် အသင်းဝင်များကို ၎င်းတို့ အသင်းနှင့် နီးစပ်သူများ၊ ၎င်းတို့ အသင်းနှင့် အကျွမ်းဝင်သူများကိုသာ လျှို့ဝှက်စွာ စတင်စည်းရုံးနေသည်။

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူမြို့နယ်ခွဲတို့တွင် မြန်မာစစ်အစိုးရမှ ရွေးကောက်ပွဲ ကော်မရှင်နေ့ရက် ကြေညာပြီးနောက် ကြံ့ခိုင်ရေး အသင်းမှ ပါတီဝင်အတွက် ၎င်းတို့နှင့် ဆက်စပ်သည့် သက်ဆိုင်သူများကို အခွင့်အရေးပေးခြင်း၊ ခြောက်လှန့်စည်းရုံးခြင်းတို့ဖြင့် စည်းရုံးရေး စတင်နေကြောင်း  ကြံ့ခိုင်ရေး အသင်းဝင်နှင့် စီးပွားရေး လုပ်ငန်းရှင်တို့က ပြောသည်။

“ပြည်ခိုင်ဖြိုးအသင်းဝင်တွေ အဖွဲ့ဝင်တွေက သူတို့နဲ့ နီးစပ်တဲ့ သူတွေကိုပဲ စပြီးတော့ စည်းရုံးနေတယ်။ သူတို့နဲ့ နီးစပ်ရာ နီးစပ်ရာတွေပေါ့” ဟု  အသင်းဝင် တစ်ဦးက ပြောသည်။ သုံးဆူမြို့ ပြည်ခိုင်ဖြိုး အသင်း၏ စည်းရုံး ရေးမှူး မှာ ဦးလွင်ဋ္ဌေး ဖြစ်ပြီး တွဲဖက်စည်းရုံးရေးမှူးမှာ ဦးချိုလေး ဖြစ်သည်။ သုံးဆူမြို့တွင် ကြံ့ခိုင်ရေးပါတီ မရှိသေးသော်လည်း အသင်းရုံးတစ်ခုသာ ရှိသည်။

သြဂုတ်လ ၁၃ ရက်နေ့တွင် ကြံ့ခိုင်ရေး အသင်းသည် ရပ်ကွက် ၁ ခုစီအတွင်း အမာခံကျောရိုး ၄ ဦးစီကို အလုပ် အမှုဆောင်အဖြစ် ထားရှိနိုင်ရန်အတွက် ၎င်းတို့ အသင်းဝင်များကိုသာ မြို့နယ်အထွေထွေ အတွင်းရေးမှူးရုံး (မယက) တွင် ခေါ်ယူစည်းဝေးခဲ့သည်။

ကြံ့ဖွံ့အသင်းဝင်တို့သည် သုံးဆူမြို့အတွင်းရှိ ၎င်းတို့နှင့် နီးစပ်သူများ၊ စီးပွားရေး လုပ်ငန်းရှင်များ၊ အလှပြင် ဆိုင်များ၊ ရွှေဆိုင်များနှင့် အခြားလုပ်ငန်းရှင်များကို ၎င်းတို့ အသင်းဝင် ဖြစ်ပါက သွားလားရေး၊ ကူးသန်း ရောင်းဝယ်ရေး၊ အကောက်အခွန်နှင့် အခြားစစ်ဆေးရေးများ စသည့် အခက်အခဲများ မဖြစ်နိုင်ဟု ၎င်းတို့ အသင်းဝင် ဖြစ်ရန် စည်းရုံးနေသည်ဟု စီးပွားရေး လုပ်ငန်းရှင် တစ်ဦးက ပြောသည်။

၎င်းစီးပွားရေး လုပ်ငန်းရှင်က “သူတို့ အသင်းဝင်ရင် သွားလားရေး၊ ကူးသန်းရောင်းဝယ်ရေးမှာ  အခက်အခဲ မဖြစ်တော့ဘဲနဲ့ လွတ်လွတ်လပ်လပ် သွားလို့ ရလာမယ်။ ဥပမာ ကြာအင်းဆိပ်ကြီးဂိတ်ကို ရောက်ရင် အကောက်အခွန်နဲ့ တခြားစစ်ဆေးမှုတွေကို အသင်းဝင်ကဒ် ပြလိုရှိရင် အခက်အခဲ မရှိဘဲနဲ့ လိုရာကို ချောချောမောမော ရောက်မယ်” ဟု ဆိုပါသည်။

အကယ်၍ ၎င်းတို့ အသင်းကို မဝင်ပါက အဆိုပါ အခက်အခဲများကို ရင်ဆိုင်ရမည်ဖြစ်ကြောင်း ကြံ့ဖွံ့အသင်းဝင် တို့က ပြောသည်။ ဂိတ်များတွင်လည်း ဘယ်ဒေသမှ လာသလဲ၊ မည်သည့် အလုပ် လုပ်ကိုင်သလဲ စသော တာဝန်ခံတို့၏ စစ်ဆေးမှုကို အစစ်ဆေးခံရမည် ဖြစ်သည်။

သုံးဆူရှိ နိုင်ငံရေးသမား တစ်ဦးက ကြံ့ဖွံ့အသင်းဝင်တို့သည် ၎င်းတို့၏ စည်းရုံးရေးအတွက် အစီအစဉ် ချမှတ် ထားပြီး ဖြစ်ကြောင်း၊ ထို့ကြောင်း အခြားအဖွဲ့များ စည်းရုံးရေး လုပ်ငန်းအတွက် အခက်အခဲ ဖြစ်ကြရပြီး ယှဉ်ပြိုင် လာမည့် အခြားအဖွဲ့များကိုလည်း ပြန်လည်ချေပရန်ရှိကြောင်း ပြောသည်။
usda-300x1682
ဘုရားသုံးဆူမြို့ရှိ ရယက အဖွဲ့ဝင်များ အားလုံးကို ၎င်းတို့၏ ပါတီဝင်အဖြစ် သတ်မှတ်ထားကြောင်း ၎င်း အသင်းနှင့် နီးစပ်သူ တစ်ဦးက ပြောသည်။ ဘုရာသုံးဆူမြို့နယ်တွင် မဲထည့်ရုံပေါင်း ၃၅ ရုံခန့် လျာထား သော်လည်း မဲထည့်မည့် နေရာကို သတ်မှတ်ထားခြင်း မရှိသေးပေ။

မဲရုံကို စောင့်ကြည့်မည့် သူများကိုလည်း အများပြည်သူအကြား ရွေးမည်ဟု သတင်းထွက်ပေါ်ခဲ့သော်လည်း လာမည့် ရွေးကောက်ပွဲအတွက် မဲရုံကို ပြည်ခိုင်ဖြိုးအသင်းဝင်များကိုသာ စောင့်ကြည့်ခိုင်းမည်ဟု ဒေသခံ အာဏာပိုင်တို့က ပြောသည်။

နယ်စပ်ဒေသရှိ အပစ်ရပ် အဖွဲ့များကို မဲရုံလုံခြုံရေးအတွက် မဲရုံ တစ်ရုံလျှင် ၂ ဦးခန့် စောင့်ကြည့်ရန် လျားထား ခဲ့သော်လည်း ၎င်းလျာထားချက်မှာ ဖြစ်နိုင်ဖွယ်မရှိကြောင်း ၎င်းတို့က ပြောသည်။

 

 

 

 

Most read this week