အရှင်ပညာစာရကို နိုင်ငံတော် တည်ငြိမ်ရေးကို ထိပါးနှောင့်ယှက်သည့် ပုဒ်မ အပါအ၀င် ပုဒ်မ ၇ ခုဖြင့် တရားစွဲ

အရှင်ပညာစာရကို နိုင်ငံတော် တည်ငြိမ်ရေးကို ထိပါးနှောင့်ယှက်သည့် ပုဒ်မ အပါအ၀င် ပုဒ်မ ၇ ခုဖြင့် တရားစွဲ
by -
မင်းဆက်ခိုင်

ရခိုင်သမိုင်းသုတေသီ ဆရာတော် ရမ္မာဝတီ အရှင်ပညာစာရအား နအဖ အာဏာပိုင်များက နိုင်ငံတော် တည်ငြိမ်ရေးကို ထိပါးနှောင့်ယှက်သည့် ပုဒ်မ အပါအ၀င် တခြား ပုဒ်မ ၆ ခု - စုစုပေါင်း ပုဒ်မ ၇ ခုဖြင့် အမူဖွင့်....

ရခိုင်သမိုင်းသုတေသီ ဆရာတော် ရမ္မာဝတီ အရှင်ပညာစာရအား နအဖ အာဏာပိုင်များက နိုင်ငံတော် တည်ငြိမ်ရေးကို ထိပါးနှောင့်ယှက်သည့် ပုဒ်မ အပါအ၀င် တခြား ပုဒ်မ ၆ ခု - စုစုပေါင်း ပုဒ်မ ၇ ခုဖြင့် အမူဖွင့် တရားစွဲဆိုခဲ့သည်ဟု သိရသည်။

အမည်မဖေါ်လိုသူ ရှေ့နေ တဦးက “ ဆရာတော်ကို ဒီလ ၁၆ ရက်နေ့က ရုံးထုတ်လာပြီး အမူ ၇ မူနဲ့ တရားစွဲဆို ခဲ့ပါတယ်။ အမူကိုတော့ အစိုးရ တရားလို လုပ်ပြီး ဆရာတော်ကို ဆန့်ကျင်တဲ့ လူတွေနဲ့ ပူးပေါင်းပြီး တရားစွဲဆို ခဲ့တာ ဖြစ်ပါတယ်” ဟု သူက ပြောသည်။

ဆရာတော်အား စွဲချက်တင်ခဲ့သော အမူ ၇ မူမှာ ပုဒ်မ ၂၉၅ (က) ဘာသာသာသနာ ညိုးနွမ်းစေမှု၊ ပုဒ်မ ၄၀၆ ယုံကြည်အပ်နှံသည့် ပစ္စည်းကို အလွဲသုံးစားမှု၊ ပုဒ်မ ၅၀၅ (ခ) နိုင်ငံတော် တည်ငြိမ်ရေးကို ထိပါးနှောင့်ယှက်မှု၊ ပုဒ်မ ၄၂၀ နှင့် ပုဒ်မ ၂၉၂ သာသနာ့နယ်မြေကို အခကြေးငွေဖြင့် ငှားရမ်းအသုံးပြုမှု၊ နိုင်ငံခြား ငွေလဲလှယ်ရေး အက်ဥပဒေ ပုဒ်မ ၂၄-၁ နှင့် တရားမဝင် နိုင်ငံခြားငွေ ကိုင်ဆောင်မှု၊ စည်ပင်သာယာ အက်ဥပဒေ ပုဒ်မ ၆၁(ဂ) တို့ ဖြစ်သည်။

အဆိုပါ ဆရာတော်အား စွဲချက်တင်ထားသော အမူ တချို့မှာ ဆရာတော်နှင့် ပတ်သက်မူ မရှိသော်လည်း တမင် အပြစ်ကြီးစေရန် ရည်ရွယ်ဖန်တီး ပြုလုပ်ထားခြင်း ဖြစ်သည်ဟု သူက ပြောသည်။

“ပုဒ်မ ၅၀၅ (ခ) နိုင်ငံတော် တည်ငြိမ်ရေးကို ထိပါးနှောင့်ယှက်မှု စတဲ့ စွဲချက်တွေ အမူကြီးတွေ ဖြစ်ပါတယ်။ ဘုန်းကြီး တပါးက ဘယ်လို လုပ်ပြီး နိုင်ငံတော် တည်ငြိမ်ရေးကို ထိပါးအောင် လုပ်နိုင်ပါ့မလဲ။ အဲဒီအမူ အပါအ၀င် စည်ပင်သာယာ အက်ဥပဒေ ၆၁ (ဂ) တို့၊ ပုဒ်မ ၄၀၆ ယုံကြည်အပ်နှံသည့် ပစ္စည်းကို အလွဲသုံးစားမူတို့ ဆိုတာတွေက မလိုအပ်တဲ့ ပုဒ်မတွေပါ။ ဒါပေမယ့်လည်း သက်ဆိုင်ရာက ဆရာတော်ကို မကြိုက်လေတော့ ရတဲ့ အမှုနဲ့ ထောင်ဒဏ်များများ ချနိုင်အောင် တရား စွဲဆိုလိုက်တာ ဖြစ်ပါတယ်” ဟု အဆိုပါ ရှေ့နေက ပြောသည်။

စစ်တွေမှ အရပ်လူကြီး တဦးအား နိရဉ္စရာမှ အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ဆက်သွယ်ပြီး မေးမြန်းရာ သူက ယခုကဲ့သို့ ပြောသည်။
Panyarsara
“ဆရာတော်ကို ဖမ်းတုန်းကဆိုရင် အာဏာပိုင်တွေ အနေနဲ့ တရားဥပဒေအတိုင်း ဆောင်ရွက်လိမ့်မယ် ဆိုပြီးတော့ စစ်တွေ လူထုက သိပ်စောဒက တက်တာ မရှိကြဘူး။ နောက် ကလေးတွေကို ဗမာပြည်ကို ပို့တယ်၊ ပီးရင် သမိုင်းဝင် ရခိုင် ရှေးဟောင်း အမွေအနှစ်တွေကို သိမ်းဆည်းသွားတယ်။ ကျောင်းကိုလည်း ချိတ်ပိတ် လိုက်တယ်။ အခုတခါ ဆရာတော်ကို နိုင်ငံတော် တည်ငြိမ်ရေးကို ထိပါး နှောင့်ယှက်တယ် ဆိုတဲ့ ပုဒ်မကြီးတွေကို တပ်ပြီး တရားစွဲဆို လာတော့ လူတွေက မယုံကြည် နိုင်လောက်အောင် ဖြစ်လာပြီး မေးခွန်းတွေ ထုတ်လာ ကြတယ်။ ဆရာတော်ကို အာဏာပိုင်တွေက ဖမ်းဆီးတာဟာ သွေးရိုးသားရိုးမှ ဟုတ်ရဲ့လား ဆိုပြီး လူတွေရဲ့ အသံက ထွက်လာတယ်။ စွဲချက်တင်ထားတဲ့ အမှုတွေ အပါအ၀င် အာဏာပိုင် တွေရဲ့ တဖက်သတ် လုပ်ရပ်ကို လူတွေက လက်မခံ နိုင်စရာတွေ ဖြစ်လာတာကို တွေ့လာရပါတယ်” ဟု ပြောသည်။

ဆရာတော်အား ဇူလိုင်လ ၂၇ ရက်နေ့က ဖမ်းဆီးပြီး သြဂတ်စ်လ ၁၀ ရက်နေ့တွင် စတင်ရုံးထုတ်ခဲ့သည်။ ဆရာတော်အား အမှတ် ၁ ရဲစခန်းတွင် ချုပ်နှောင်ပြီး စစ်ဆေး မေးမြန်းခဲ့စဉ်က အာဏာပိုင်များက လူမဆန်စွာ ညှဉ်းပမ်းနှိပ်စက်ခဲ့သည်ဟု ဆရာတော်၏ တပည့်ဖြစ်သူ တဦးကို ကိုးကားပြီး စစ်တွေမှ လူမူရေး လုပ်သူ လူငယ် တဦးက နိရဉ္စရာသို့ ပြောသည်။

ဆရာတော်ကို သြဂတ်စ်လ ၁၆ ရက်နေ့က ဒုတိယအကြိမ် ရုံးထုတ်ခဲ့ခြင်း ဖြစ်ပြီး နောက်ရုံးချိန်း ရက်ကို နိရဉ္စရာမှ ဆက်လက် မေးမြန်းနေပါသည်။ ဆရာတော်၏ အမူကို ရှေ့နေ ဒေါ်အေးနုစိန်က လိုက်ပါဆောင်ရွက်ပေးနေပြီး ဆရာတော်အတွက် အကျိုးဆောင်ပေးနေသူများကို ထောက်လှမ်းရေးမှ အနီးကပ် စောင့်ကြည့်မူများ ရှိနေကြောင်း သိရသည်။

 

 

 

 

 

Most read this week