တစညနဲ့ အန်ဒီအက်ဖ် ကြံ့ဖွံ့ရဲ့ အဓိက ပြိုင်ဘက်

တစညနဲ့ အန်ဒီအက်ဖ် ကြံ့ဖွံ့ရဲ့ အဓိက ပြိုင်ဘက်
by -
ကျော်ခ

စစ်အစိုးရပါတီဖြစ်သော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအတွက် ရွေးကောက်ပွဲမှာ အဓိကပြိုင်ဘက်ဟာ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီနဲ့ အမျိုးသား ဒီမိုကရေစီ အင်အားစု....

စစ်အစိုးရပါတီဖြစ်သော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအတွက် ရွေးကောက်ပွဲမှာ အဓိကပြိုင်ဘက်ဟာ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီနဲ့ အမျိုးသား ဒီမိုကရေစီ အင်အားစုတို့ ဖြစ်ကြောင်း ပါတီအကြီးတန်း ခေါင်းဆောင်တဦးက ယနေ့ ပြောကြားလိုက်သည်။

“တစည ဆိုရင် အနှစ် ၂ဝ ကျော် ရပ်တည်လာတဲ့ ပါတီဖြစ်တော့ သူ့တို့ ဘယ်လောက်အထိ လှမ်းမလဲဆိုတာ ကျနော်တို့ စောင့်ကြည့်ရမှာပါ။ နောက်တခုက NDF ကလည်း NLD ကနေ ခွဲပြီး ထွက်လာတဲ့ ပါတီဆိုတော့ သူကလည်း ကျနော်တို့ရဲ့ပြိုင်ဘက်လို့ ဆိုရမှာပေါ့ဗျာ။ ကျန်တိုင်းရင်းသား ပါတီတွေကတော့ သူ့နယ်အလိုက် တွေမှာပဲ ပြိုင်ရဖို့ရှိပါတယ်” ဟု အမည်မဖော်လိုသူ ခေါင်းဆောင်တဦးက မဇ္ဈိမကို ပြောသည်။

ဝန်ကြီးချုပ် ဦးသိန်းစိန်အပါအဝင် လက်ရှိ စစ်အစိုးရအဖွဲ့ဝင် ၂၇ ဦးက ဗဟို အလုပ်မှုဆောင်များ အဖြစ် တာဝန် ယူထားသော ကြံ့ဖွံ့အနေဖြင့် တနိုင်ငံလုံးတွင် ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး ရန်ကုန်တိုင်း တခုတည်းတွင်ပင် လွှတ်တော် ၃ ရပ်စလုံးဖြစ်သော စုစုပေါင်း ၈၂ နေရာတွင် ဝင်ပြိုင်မှာ ဖြစ်သည်။

ရန်ကုန်တိုင်း ရုံးခွဲအနေဖြင့် အင်္ဂါနေ့က ပြုလုပ်သော ပါတီတွင်း အစည်းအဝေးတွင် ပါတီရှေ့ဆက်မည့် လုပ်ငန်းစဉ်များကို ချမှတ်ခဲ့သည်။

ပါတီ၏ စည်းရုံးရေး လုပ်ငန်းစဉ်တွင် အဓိကအဖြစ် တောင်သူလယ်သမား၊ အလုပ်သမား၊ ကျောင်းသားတို့ကို စည်းရုံးသွားမှာဖြစ်ပြီး ဖွဲ့စည်းပုံအနေအထားကို နေပြည်တော်ရှိ ဗဟိုက ချမှတ်မလာသေးဟု ဆိုသည်။

ထို့ပြင်ယခုလ ၂ဝ ရက်နေ့မှ စတင်ကာ တနိုင်ငံလုံးရှိ ကြံ့ဖွံ့အသင်း ဆိုင်းဘုတ်များကို အပြီးဖြုတ်ချသွားမှာ ဖြစ်သလို ယင်းနေ့မှစတင်၍ ရက် ၃ဝ အတွင်း ပါတီဆိုင်းဘုတ်များ တနိုင်ငံလုံးတွင် အပြီးတင်သွားမည်ဟုလည်း အစည်းအဝေး မှတ်တမ်းများအရ သိရသည်။

တစညနှင့် NDF ပါတီတို့သည်  နိုင်ငံအဝန်း စည်းရုံးရေး လုပ်ငန်းစဉ်များ ပြုလုပ်လျက်ရှိသော်လည်း ၄င်းတို့ကဲ့သို့ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နိုင်ခြင်းမရှိသေးဟု ကြံ့ဖွံ့ပါတီက ယုံကြည်နေသည်။
NDF
ယခုလကုန်တွင် ကြံ့ဖွံ့ပါတီဝင်ဦးရေ စာရင်းအား တရားဝင် ထုတ်ပြန်မည်ဟု ဆိုသည်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ နာယကအဖြစ် ဦးဆောင်ခဲ့သည့် ကြံ့ဖွံ့အသင်းမှ ပါတီအဖြစ် ပြောင်းလဲလာသော ကြံ့ဖွံ့ ပါတီသည် အစိုးရ ဘဏ္ဍာငွေများဖြင့် တံတားခင်း၊ လမ်းပြင်၊ ဆေးခန်းဆောက်၊ လမ်းဖောက် ကိစ္စများကိုလည်း ပြုလုပ် နိုင်သူဟု ဝေဖန်သူများက ပြောသည်။

“ပါတီအဖြစ် ပြောင်းပြီးမှ အထက်ငွေတွေကို ကျနော်တို့ သုံးခွင့်ရှိတော့မှာ မဟုတ်ပါဘူး။ နောက်ပိုင်းတော့ ကျနော်တို့ ပါတီ ရံပုံငွေတွေနဲ့ပဲ ဆက်သွားမှာပါ။ ဒါကလည်း ငွေက သိပ်ကြီးထွားတော့ ကျနော်လည်း မပြော ချင်ဘူးလေ။ ကိုယ်ခြေထောက်ပေါ်မှာ ရပ်တည်နိုင်လို့ ပါတီထောင်တယ်လို့ပါ သတ်မှတ်ရမှာပေါ့နော်” ကြံ့ဖွံ့ စည်းရုံးရေးမှူး တဦးက ပြောသည်။

 

 

 

 

 

 

Most read this week