ကယန်းလူမျိုးများ ကိုယ်စားပြုပြီး ၂၀၁၀ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် နိုင်ငံရေးပါတီ မှတ်ပုံတင်ခွင့် ရရှိထားသော ကယန်းအမျိုးသားပါတီ KNP သည် ၎င်းတို့ ပါတီဝင်အင်အားစာရင်း....
ကယန်းလူမျိုးများ ကိုယ်စားပြုပြီး ၂၀၁၀ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် နိုင်ငံရေးပါတီ မှတ်ပုံတင်ခွင့် ရရှိထားသော ကယန်းအမျိုးသားပါတီ KNP သည် ၎င်းတို့ ပါတီဝင်အင်အားစာရင်းများကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ သတ်မှတ်ရက်အတွင်း ကော်မရှင်သို့ လာရောက်တင်ပြပြီးခဲ့ပြီဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် မတ်လ ၈ ရက်နေ့က ကော်မရှင်၏ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများ ထုတ်ပြန်ကြေညာချက်အရ တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်တခုအတွင်း၌ ကိုယ်စားပြုမည့် နိုင်ငံရေးပါတီသည် နိုင်ငံရေးပါတီ မှတ်ပုံတင်ခွင့် ရရှိသည့် နေ့ရက်မှ စ၍ ရက်ပေါင်း ၉၀ အတွင်း ပါတီဝင်ဦးရေ အနည်းဆုံး ၅၀၀ ကို စည်းရုံးရမည် ဖြစ်သည်။
KNP သည် နိုင်ငံရေးပါတီ မှတ်ပုံတင်ခြင်း နည်းဥပဒေ ၁၃ (က)နှင့်အညီ ၎င်းတို့ စည်းရုံးရရှိထားသော ပါတီဝင် အင်အားစာရင်းများကို ကော်မရှင်သို့ လာရောက်တင်ပြခဲ့ပြီဖြစ်ကြောင်း ပြီးခဲ့သည့် ၁၄ ရက်နေ့ထုတ် မြန်မာ့အလင်း နေ့စဉ် သတင်းစာတွင် ရေးသားဖော်ပြထားသည်။
ကော်မရှင်မှ သတ်မှတ်ထားသည့် ပါတီဝင်ဦးရေ ရရှိရန်အတွက် KNP သည် ကယန်းလူမျိုးများ အများစု နေထိုင်ရာ ရှမ်းပြည်တောင်ပိုင်းရှိ ဖယ်ခုံမြို့နယ်၊ ပါလောင်းမြို့နယ်မြောက်ဘက်၊ ပျဉ်းမနားမြို့နယ် အရှေ့ဘက် နှင့် ကရင်နီပြည်ရှိ ဒီးမော့ဆိုမြို့နယ်တို့တွင် လိုက်လံစည်းရုံးခဲ့ပြီး ကော်မရှင်သို့ တင်ပြထားခဲ့ကြောင်း ကယန်း မျိုးဆက်သစ် လူငယ် KNGY အဖွဲ့မှ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဇာနည်က ပြောသည်။
KNP ပါတီထူထောင်ခါစက အဖွဲ့ဝင်ပါတီအင်အား မရှိခဲ့သော်လည်း နောက်ပိုင်းတွင် ကယန်းအမျိုးသား လူငယ် များနှင့် မြို့နယ်၊ ရပ်ရွာရှိ လူထုခေါင်းဆောင်များကို လိုက်လံစည်းရုံးခဲ့ကြောင်း၊ သို့သော် ပါတီဝင်အင်အား မည်မျှ စည်းရုံးနိုင်ခဲ့ခြင်းကို အတိအကျ မသိရရှိရကြောင်း ဆိုသည်။
“ပထမတုန်းက သူတို့ဟာ လူအင်အား၊ သတ်မှတ်တဲ့ လူအင်အား မရှိသေးဘူးပေါ့နော့်။ နောက်ပိုင်းပေါ့ သူတို့ ပြန်စုထားတာ၊ သူတို့ ပြန်ခေါ်တယ်။ တချို့ KNYO ရဲ့ လူ၊ ကယန်းအမျိုးသားလူငယ်တချို့ ပြန်ခေါ်တယ်လို့ ပြောတယ်။ နောက်ပြီးမှ သူတို့ ဒီရပ်ရွာ၊ သက်ဆိုင်ရာ အုပ်စုခေါင်းဆောင် ခေါ်ပြီးတော့မှ သူတို့ ပါတီဝင်အဖြစ် ပြောရပေါ့နော့် ခေါ်ယူတယ်။ အစည်းအဝေးတွေ ပြုလုပ်တယ်” ဟု ဇာနည်က ပြောပါသည်။
KNP အား ကယန်းစာပေနှင့် ယဉ်ကျေးမှု အဖွဲ့တွင် ပါဝင်ဦးဆောင်ခဲ့သူ ဦးယူဂျင်း ဦးဆောင်ပြီး ရှမ်းပြည်နယ်၊ ဖယ်ခုံမြို့၊ ညောင်ကုန်း ၃ ရပ်ကွက်၊ သိုင်းဗဟန်လမ်း၊ အမှတ် (ည/၁၂၅) တွင် ပါတီရုံးချုပ် ဖွင့်လှစ်ထားသော အဖွဲ့ ဖြစ်သည်။
KNP ပါတီသည် နိုင်ငံရေးပါတီ တည်ထောင် ခွင့် ရရှိရန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ ပြီးခဲ့သည့် ဧပြီလအတွင်းတွင် ပါတီလျှောက်ထားခဲ့ပြီး မေလ ၂၀ ရက်နေ့တွင် နိုင်ငံရေးပါတီ မှတ်ပုံတင်ခွင့် ရရှိခဲ့သည်။
ရွေးကောက်ပွဲကို လာမည့် နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပပြုလုပ်မည်ဟု ကော်မရှင်က ထုတ်ပြန်ကြေညာ လိုက်ပြီး သြဂုတ်လ ၁၇ ရက်နေ့အထိ နိုင်ငံရေးပါတီ မှတ်ပုံတင်ခွင့် ရရှိထားသော ပါတီ ၄၀ ရှိရာ သတ်မှတ်ရက် အတွင်း ပါတီဝင်အင်အားစာရင်း တင်ပြပြီးသည့် ပါတီမှာ ၁၆ ပါတီ ရှိပြီဖြစ်ကြောင်း ထုတ်ပြန်ထားသည်။