အမတ်စာရင်း တင်မည့်ရက် နည်းသဖြင့် ပါတီများ “ကသုတ်ကရက်” ဖြစ်

အမတ်စာရင်း တင်မည့်ရက် နည်းသဖြင့် ပါတီများ “ကသုတ်ကရက်” ဖြစ်
by -
ကိုဝိုင်း၊ ခိုင်စု

အမတ်လောင်းစာရင်း တင်သွင်းရန် ရွေးကောက်ပွဲ ကော်မရှင်က ၁၅ ရက်သာ အချိန်ပေးသဖြင့် ပါတီအများစု အနေဖြင့် ရွေးကောက်ပွဲ မှတ်ပုံတင်ကြေး ရှာဖွေရန် ခက်ခဲ.....

အမတ်လောင်းစာရင်း တင်သွင်းရန် ရွေးကောက်ပွဲ ကော်မရှင်က ၁၅ ရက်သာ အချိန်ပေးသဖြင့် ပါတီအများစု အနေဖြင့် ရွေးကောက်ပွဲ မှတ်ပုံတင်ကြေး ရှာဖွေရန် ခက်ခဲပြီး၊ မူလသတ်မှတ် အမတ်ဦးရေထက် လျှော့ချရမည်ဟု ပါတီခေါင်းဆောင် အချို့နှင့် အမတ်လောင်းအချို့ အဆိုအရ သိရသည်။

မဲဆန္ဒနယ်များစာရင်း၊ ရွေးကောက်ပွဲရက် ထုတ်ပြန်ကြေညာခြင်းအပြင် အမတ်လောင်းစာရင်း တင်သွင်းရမည့် ရက်ကို ယခုလ ၁၆ ရက်နေ့မှ ၃ဝ ရက်အတွင်း ပြုလုပ်ရမည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ယခုလ ၁၃ ရက်နေ့တွင် ကြေညာပြီးနောက် အချိန်နီးကပ်လွန်းသဖြင့် ပါတီများအနေဖြင့် အကျပ်ရိုက်သွားခြင်း ဖြစ်သည်။

“ငွေတတ်နိုင်တဲ့ လူ ၁၀၀ လောက်ပဲ စာရင်းတင်နိုင်မယ် ထင်တယ်။ ခပ်များများကတော့ ပိုက်ဆံမတတ်နိုင်ဘူး။ ၁၅ ရက်အတွင်းမှာ ရှာဖို့ တော်တော်ခက်မယ်” ဟု ဒီမိုကရက်တစ်ပါတီ (မြန်မာ) ဥက္ကဋ္ဌ ဦးသုဝေက မဇ္ဈိမကို ပြောသည်။

ဒီမိုကရက်တစ်ပါတီသည် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့်သူ ၂ဝဝ ခန့် သတ်မှတ်ခဲ့သော်လည်း တဦးစီအတွက် ကော်မရှင်သို့ ပေးသွင်းရမည့်ငွေ ကျပ် ၅ သိန်းကို အချိန်တိုအတွင်း မရှာနိုင်သဖြင့် ဦးရေလျှော့ချမည်ဟု ဆိုသည်။

၎င်းတို့ပါတီက ဧရာဝတီ၊ မန္တလေး၊ ရန်ကုန်နှင့် တနင်္သာရီတိုင်းတို့အပြင် မွန်နှင့် ရခိုင်ပြည်နယ်တို့တွင် ဝင်ပြိုင်မည့် ပါတီဖြစ်သည်။

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်တွင် ဝင်ပြိုင်မည့် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် ဦးသာလှအောင်က “မိသားစုတွေရဲ့ အကူအညီနဲ့ ငွေ ၅ သိန်းကို ပေးရမှာပါ။ မဲဆွယ်စည်းရုံးရေး စရိတ်က ၁ဝ သိန်းလောက် ကုန်မှာ။ ဒီငွေတွေကို ပါတီက ပေးနိုင်တဲ့ အနေအထား မရှိပါဘူး။ မိသားစုဝင်တွေနဲ့ ဆွေမျိုးတွေဆီကပဲ အကူအညီတောင်းရမှာ” ဟု ပြောသည်။

အလားတူ ရန်ကုန်တိုင်း သင်္ဃန်းကျွန်းမြို့တွင် နေထိုင်ပြီး မန္တလေးတိုင်း ပျဉ်းမနားမြို့တွင် ပြည်သူ့လွှတ်တော် အတွက် ဝင်ပြိုင်မည့် မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ ဥက္ကဋ္ဌ ဦးညိုမင်းလွင်က ရွေးကောက်ပွဲဝင်ရန် အနည်းဆုံး ကျပ် ၁၅-၂ဝ သိန်းခန့် လိုအပ်မည်ဟု ခန့်မှန်းထားသော်လည်း ကော်မရှင်ထံ သွင်းရမည့် ကျပ် ၅ သိန်းပင် မရှိသေးဟု ဆိုသည်။

သို့သော် ပါတီမှတ်ပုံတင် နည်းဥပဒေ ပုဒ်မ ၁၆ အရ အနည်းဆုံး မဲဆန္ဒနယ် ၃ ခု ဝင်မပြိုင်လျှင် ပါတီ အဖျက်ခံရမှာ စိုးသဖြင့် ၎င်းတို့ပါတီဒုဥက္ကဋ္ဌ (၁) ဒေါ်စန္ဒာဦးက ဧရာဝတီတိုင်း ဘိုကလေး၊ အထွေထွေ အတွင်းရေးမှူး ဦးနေမျိုးဝေက ရန်ကုန်တိုင်း မင်္ဂလာဒုံ၊ တွဲဘက် အထွေထွေအတွင်းရေးမှူး ဦးအောင်မျိုးဦးက ရန်ကုန်တိုင်း ကြည့်မြင်တိုင်မှ မဖြစ်မနေ ဝင်ပြိုင်ကြမည်ဟု သိရသည်။

အဖွဲ့ဝင်အင်အား မတင်ရသေးသည့် ၈၈ မျိုးဆက်ကျောင်းသားလူငယ်များ (ပြည်ထောင်စု မြန်မာနိုင်ငံ) ပါတီအနေဖြင့်  ရွေးကောက်ပွဲဝင်မည့် ပါတီများမှာ “ကသုတ်ကရက်” အခြေအနေ ဖြစ်နေပြီး ၎င်းတို့လည်း ငွေကြေးအခက်အခဲကြောင့် လက်ရှိ စုမိထားသည့် အမတ်လောင်း ၁ဝဝ ခန့်မှ မည်မျှဝင်ပြိုင်နိုင်မည်ကို စိစစ်ရဦးမည်ဟု ပါတီဒုဥက္ကဋ္ဌ ဦးသန်းဦးက ဆိုသည်။

ရန်ကုန်တိုင်း အလုံမြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်အရွေးခံမည့် အမျိုးသား ဒီမိုကရေစီ အင်အားစု (စစ်ကိုင်းတိုင်း) မှ ဦးခင်မောင်ရည်ကမူ အာမခံငွေ ၅ သိန်းကို ကိုယ်ပိုင်ငွေဖြင့် တင်ပြီး အရွေးခံမည်ဟု သိရသည်။

လာမည့်လ ၃ ရက်နေ့ နောက်ဆုံးထားပြီး အမတ်လောင်းစာရင်း ပြန်လည်ရုပ်သိမ်းခွင့်ပြုသည်ဟု ကော်မရှင်က ဆိုထားသည်။ ထို့ကြောင့် ယင်းရက်နောက်ပိုင်းမှသာ မဲဆွယ်စည်းရုံးခွင့်ပြုမည့် အနေအထားဖြစ်သဖြင့် ပါတီများ အဖို့ မဲဆွယ်ချိန်အနေဖြင့် ၂ လခန့်သာ ရရှိကြမည်။

ထို့ကြောင့် ၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲတွင် ဖျက်သိမ်းခံရပြီးသော ဒီမိုကရေစီပါတီ၏ ဥက္ကဋ္ဌအဖြစ် ဝင်ပြိုင်ခဲ့ဖူးကာ၊ နိုင်ငံရေး ယုံကြည်ချက်ကြောင့် လက်ရှိ စစ်အစိုးရလက်ထက်တွင် ထောင်ဒဏ် ၇ နှစ် ကျခံခဲ့ရဖူးသူ ဦးသုဝေက ယခုနှစ် ရွေးကောက်ပွဲဝင်မည့် ပါတီများအတွက် မဲဆွယ်စည်းရုံးချိန် နည်းလွန်းသည်ဟု ဆိုသည်။

သူက “ဟိုတုန်းက အချိန်အများကြီး ရတယ်ပေါ့နော်။ နေ့ရက်အတိအကျတော့ မမှတ်မိဘူး။ အေးအေးဆေးဆေး လုပ်လို့ရတယ်။ အပူတပြင်းလုပ်တာ မဟုတ်ဘူး။ ဟိုတုန်းက လွတ်လွတ်လပ်လပ် လုပ်နိုင်တယ်ဆိုတော့ တနှစ် လောက်တောင် ရတယ်” ဟု ပြောသည်။

ပြည်သူလူထုသည် အစိုးရကိုယ်စားပြု ကြံ့ဖွဲ့ပါတီကို ဆန့်ကျင်မဲပေးရန် ဆန္ဒရှိနေပြီး အချိန်ပိုပေးပါက အခြားပါတီများအနေဖြင့် မဲပိုရသွားမည်ကို စိုးရိမ်သောကြောင့် ရွေးကောက်ပွဲကော်မရှင်က ယခုလို “တက်သုတ်ရိုက်” စီစဉ်နေကြောင်း သူက သုံးသပ်သည်။

ပျဉ်းမနားတွင်လည်း ကြံ့ဖွံ့ပါတီနှင့် ယှဉ်ပြိုင်ရမည်ဖြစ်သော်လည်း ညီအကိုမောင်နှမများ၊ အသိအကျွမ်းများရှိပြီး ၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲကာလတွင် လှုပ်ရှားမှုများ ရှိခဲ့ခြင်း၊ ကြိုတင်ပြင်ဆင်ခြင်းများ ရှိခဲ့သဖြင့် မစိုးရိမ်ကြောင်း ပျဉ်းမနားဇာတိဖြစ်သူ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ ဥက္ကဋ္ဌ ဦးညိုမင်းလွင်က ဆိုသည်။ ၎င်းတို့ပါတီသည် အမတ်လောင်းဦးရေ ၅ ဦး လျာထားသည်။

“ကျနော်က ရွာတွေကို ဆိုင်ကယ်နဲ့ပဲ တရွာဝင်တရွာထွက် သွားမယ်။ ကျနော့်ရဲ့ နိုင်ငံရေးအတွေး အခေါ်အယူအဆ၊ ကိုယ်ရေးရာဇဝင်၊ အနာဂတ်နိုင်ငံအတွက် ဘာလုပ်မလဲဆိုတာလေးတွေကို တရွာ၊ တရပ်ကွက်စီ ဝေမယ်။ ဆွေးနွေးစရာရှိလည်း ထိုင်ဆွေးနွေးမယ်။ စင်မြင့်တွေဘာတွေ ဆောက်ပြီးတော့ ဟောဖို့လည်း မတတ်နိုင်ဘူး” ဟု ဦးညိုမင်းလွင်က ပြောသည်။

 

ယခုလ ၂၄ ရက်နေ့၌ တွဲဘက်အထွေထွေအတွင်းရေးမှူး ဦးအောင်မျိုးဦး နေအိမ်၌ ပါတီခေါင်းဆောင်များ တွေ့ဆုံပြီး အမတ်လောင်းစာရင်း၊ ပေးသွင်းရမည့် ငွေကြေးကို ပါတီဝင်ဦးရေ ၁ဝဝဝ စာရင်းနှင့်အတူ ယခုလ ၂၉ ရက်နေ့ နောက်ဆုံးထားကာ နေပြည်တော်ရှိ ကော်မရှင်ရုံးသို့ သွားတင်မည်ဟု သိရသည်။

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဗဟိုအလုပ်အမှုဆောင် ဦးသာလှအောင်ကလည်း ၎င်းတို့၏ ပြိုင်ဘက် ကြံ့ဖွံ့ပါတီသည် ရခိုင်ပြည်နယ်တွင် အင်းအိုင်ချောင်းမြောင်းနှင့် ဥယျာဉ်လုပ်ကိုင်ခွင့်များ “မတရား” ရယူထားသဖြင့် လူထုက မကျေနပ်ခြင်းနှင့် ရခိုင်လူမျိုးက မိမိအမျိုးသားပါတီကိုသာ အားပေးမည့် စိတ်ဓာတ်ရှိခြင်းကြောင့် မစိုးရိမ်ကြောင်း ပြောလိုက်သည်။

ယခုနှစ် နိုဝင်ဘာ ၇ ရက်တွင် ကျင်းပမည့် ရွေးကောက်ပွဲတွင် ဝင်ပြိုင်ရန် စုစုပေါင်း ၄၇ ပါတီက စာရင်းတင်ထားပြီး မှတ်ပုံတင်ခွင့် ရရှိသည့်ပါတီ ၄ဝ ရှိသည်။ ပါတီအင်အားစာရင်း တင်ပြပြီးသည့် ပါတီများမှာ ၁၅ ပါတီသာ ရှိသေးသည်။ ပါတီထောင်ခွင့် ရမရပင် မသေချာသေးသည့် ပါတီများလည်း ရှိနေသည်။

 

 

 

 

Most read this week