ဥက္ကဋ္ဌဗိုလ်ချုပ်လွယ်မောင်းဦးဆောင်သည့် အပစ်ရပ်သျှမ်းပြည်တပ်မတော်(မြောက်ပိုင်း) စိန်ကျော့(ဆင်ကျော့) ဌါနချုပ် နှင့်အတူ ပြည်သူ့စစ်အသွင်ပြောင်းရန်လက်ခံထားသော လက်အောက်ခံတပ်မဟာ ၃ က လွန်ခဲ့သော အပတ်၌ပြည်သူ့စစ် ယူနီဖောင်း ပြောင်းလဲလိုက်ပြီဖြစ်ကြောင်း စုံစမ်းသိရှိရ...
ဥက္ကဋ္ဌဗိုလ်ချုပ်လွယ်မောင်းဦးဆောင်သည့် အပစ်ရပ်သျှမ်းပြည်တပ်မတော်(မြောက်ပိုင်း) စိန်ကျော့(ဆင်ကျော့) ဌါနချုပ် နှင့်အတူ ပြည်သူ့စစ်အသွင်ပြောင်းရန်လက်ခံထားသော လက်အောက်ခံတပ်မဟာ ၃ က လွန်ခဲ့သော အပတ်၌ပြည်သူ့စစ် ယူနီဖောင်း ပြောင်းလဲလိုက်ပြီဖြစ်ကြောင်း စုံစမ်းသိရှိရပါသည်။
“ဒီလ ၁၁ ရက်နေ့မှာ မူလ SSA ၀တ်စုံချွတ်ပြီး ပြည်သူ့စစ်တံဆိပ်ပြောင်းထည့်ကုန်ပြီ။ အဓိကကတော့ တပ်မဟာ ၃ ပေါ့။ တပ်မဟာ ၇ တော့ မပြောင်းသေးဘူးတဲ့” ဟု ဒေသခံတစ်ဦးကပြောပါသည်။
ဗိုလ်မှူးကြီးလောဝ်ကွမ်းဦးဆောင်သည့် ကာလိ-ကွန်ဟိန်းအခြေစိုက် တပ်မဟာ ၇ မှာမူ ယူနီဖောင်း ပြောင်းလဲခြင်း မရှိသေး ပေ။
“အသွင်ပြောင်းရေးလက်ခံတဲ့ တပ်မဟာ ၃ က ပြည်သူ့စစ်အဖြစ် အပြီးတိုင် ပြောင်းလိုက်ပြီ ဆိုတော့ အသွင်ပြောင်းရေး လက်မခံတဲ့ တပ်မဟာ ၁ နဲ့ နှစ်ခြမ်းကွဲသွားပြီဆိုတာ ထင်ရှားစေတယ်” ဟု လေ့လာ စောင့်ကြည့်သူ တစ်ဦးက သုံးသပ်ပါသည်။
ဗိုလ်မှူးကြီးလှမြင့်ဦးဆောင်သော သီပေါ မြို့နယ် လွယ်ခေးအခြေစိုက် အပစ်ရပ် SSA တပ်မဟာ ၃ ၌ အင်အား ၃၀၀ ကျော်ရှိ သည်ဟု ဆို၏။
ယခုနှစ်ဧပြီလကုန်ပိုင်းက ပြည်သူ့စစ်အသွင်ပြောင်းဖွဲ့စည်းရေးအဆိုကို ဦးလွယ်မောင်း အပါအ၀င် တပ်မဟာ ၃ နှင့် ၇ တို့ကလက်ခံခဲ့ပြီး အင်အား၄၀၀၀ကျော်ရှိ တပ်မဟာ ၁ က ငြင်းဆန်ခဲ့သည်။
ဂျူလိုင် ၂၇ ရက်၌လည်း လားရှိုးတိုင်းမှူးဗိုလ်ချုပ်အောင်သန်းထွဋ်က ဦးလွယ်မောင်းအား အသွင်ပြောင်းရေး လက်ခံရန် ငြင်းဆန်နေသော တပ်မဟာ ၁ ဌါနချုပ်ခေါင်းဆောင်ဗိုလ်ချုပ်ပန်ဖှအား ရက်သတ္တနှစ်ပတ်အတွင်း လက်ခံ သည်အထိ စည်းရုံးသိမ်းသွင်းရန် ညွှန်ကြားခဲ့သော်လည်း ဦးလွယ်မောင်းသွားရောက်ခြင်းမရှိဟုဆို၏။