ရွေးကောက်ပွဲတွင် မဲမပေးရန် မျိုးဆက်သစ် လူငယ်များလှုံ့ဆော်

ရွေးကောက်ပွဲတွင် မဲမပေးရန် မျိုးဆက်သစ် လူငယ်များလှုံ့ဆော်
by -
ဆလိုင်း ဟံသာစန်း

ပြည်သူလူထုတွင် မဲမပေးဘဲ နေနိုင်သည့် အခွင့်အရေးရှိကြောင်း လှုံ့ဆော်သည့် ပိုစတာများကို Generation Wave ခေါ် မျိုးဆက်သစ်လူငယ်များ အစည်းအရုံးက ရန်ကုန်တိုင်း ဆင်ခြေဖုံး မြို့နယ် ၆ မြို့နယ်တွင် ယမန်နေ့က လိုက်ကပ်....

ပြည်သူလူထုတွင် မဲမပေးဘဲ နေနိုင်သည့် အခွင့်အရေးရှိကြောင်း လှုံ့ဆော်သည့် ပိုစတာများကို Generation Wave ခေါ် မျိုးဆက်သစ်လူငယ်များ အစည်းအရုံးက ရန်ကုန်တိုင်း ဆင်ခြေဖုံး မြို့နယ် ၆ မြို့နယ်တွင် ယမန်နေ့က လိုက်ကပ်ခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်း မြောက်ဒဂုံ၊ အင်းစိန်၊ လှိုင်သာယာ၊ မင်္ဂလာဒုံ၊ မရမ်းကုန်းနှင့် မင်္ဂလာတောင်ညွန့် စသည့် မြို့နယ်များ၏ လူစည်ကားရာနေရာများ၊ လမ်းဘေးအုတ်ခုံများ၊ ဘတ်စကားများ၊ ကားရပ်နားရေးစခန်းများ၊ အများသုံးအိမ်သာများနှင့် လမ်းဘေး ဓာတ်တိုင်များတွင် ကပ်ခဲ့ခြင်း ဖြစ်သည်။

“ရည်ရွယ်ချက်က မတရားတဲ့ ဖွဲ့စည်းပုံ ဥပဒေကို အသက်သွင်းမယ့် ရွေးကောက်ပွဲမှာ ဥပဒေအရ ပြည်သူတွေ အနေနဲ့ မဲပေးနိုင်တဲ့ အခွင့်အရေးရှိသလို မဲမပေးဘဲ နေနိုင်တဲ့ အခွင့်အရေးလည်းရှိတယ်ဆိုတဲ့ သတင်းစကားကို ပြည်သူတွေဆီကို အရောက်ပို့ပေးတာပါ။ ဒီနည်းက ပြည်သူလူထုတွေ လိုက်ပါ လုပ်ဆောင်နိုင်မယ့် အလွယ်ကူဆုံး နည်းလို့ ယူဆတဲ့အတွက် လုပ်ဖြစ်တာပါ” ဟု GW မှ ပြောရေးဆိုခွင့်ရှိသူ ကိုပြည့်စုံဝင်းက မဇ္ဈိမကို ပြောသည်။

အလျား ၁ ပေ၊ အနံ ၈ လက္မရှိ ပိုစတာတွင် ဘယ်ဘက်၌ ဒေါ်အောင်ဆန်းစုကြည်၏ ရုပ်ပုံပါရှိပြီး ညာဘက်တွင် ဒေါ်အောင်ဆန်းစုကြည်မှ ပြည်သူသို့ ပြောကြားထားသည့် “ပြည်သူတွေအနေနဲ့ ၂၀၁၀ ရွေးကောက်ပွဲ ကော်မရှင် ဥပဒေအရ မဲပေးခွင့်ရှိသလို မဲမပေးဘဲလည်း နေခွင့်ရှိတယ်” ဟူသော စာသား ပါရှိသည်။

အဆိုပါ ပိုစတာပေါင်း ၁၅၀၀ ခန့်ကို ယမန်နေ့ နံနက်အစောပိုင်းမှ ညပိုင်းအထိ အဆိုပါမြို့နယ်များတွင် GW အဖွဲ့ဝင်များက ကပ်ခဲ့ကြခြင်း ဖြစ်သည်။

“ကျနော်တို့နားက ရေအိုးစင်မှာ ကပ်ထားတာ တွေ့မိတယ်။ ညနေပိုင်းကျတော့ ဘယ်သူ ခွာသွားသလဲမသိဘူး မတွေ့တော့ဘူး” ဟု အင်းစိန်မြို့နယ် စော်ဘွားကြီးကုန်းအနီးမှ လက်ဖက်ရည်ဆိုင် ပိုင်ရှင်တဦးက မဖ္ဈိမကို ပြောသည်။

မင်္ဂလာတောင်ညွန့်မြို့နယ် ကျောင်းတိုက်တခုမှ သံဃာတပါးကလည်း “ကျောင်းက ကိုယ်တော်တပါး ပြောပြတယ်။ လမ်းဘေးဓာတ်တိုင်မှာ ဒေါ်အောင်ဆန်းစုကြည်ပုံ ကပ်ထားတယ်တဲ့။ မဲမပေးဖို့လည်း စာရေးထားတာ တွေ့တယ်လို့ ပြောတယ်” ဟု ပြောသည်။

မဲပေးခြင်းသည် မဲဆန္ဒရှင်၏ ကိုယ်ပိုင်အခွင့်အရေးဖြစ်သလို မဲမပေးခြင်းသည်လည်း ကိုယ်ပိုင် အခွင့်အရေး ဖြစ်ကြောင်း မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြီးခဲ့သည့် ဇွန်လ ၁၁ ရက်နေ့တွင် ရှေ့နေ ဦးဥာဏ်ဝင်းနှင့်တွေ့ဆုံစဉ် ပြည်သူလူထုသို့ ပြောဆိုခြင်းဖြစ်သည်။

၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်ရန် မြေအောက် လှုပ်ရှားသော မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစု၊ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်နှင့် ပြည်ပအခြေစိုက် လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီတို့ကလည်း Generation Wave - GW ကဲ့သို့ပင် မကြာသေးခင်က ပြောဆို ခဲ့ကြသည်။

GW အဖွဲ့ကို ၂၀၀၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့တွင် ဟစ်ဟော့ပ်အဆိုတော် ဇေယျာသော်၊ ငြိမ်းချမ်းနိုင်နှင့် မိုးဃ်းသွေးတို့က ရန်ကုန်မြို့၌ စတင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။ ယင်းအဖွဲ့သည် နိုင်ငံရေးသီချင်းများ ရေးဖွဲ့တီးခတ် သီဆိုကာ ပြည်သူများကြား ဖြန့်ဝေခြင်း၊ မှုတ်ဆေးကမ်ပိန်း၊ ပိုစတာကမ်ပိန်းများ ပြုလုပ်ခြင်းတို့ လုပ်ဆောင်လေ့ ရှိသည်။

နိုင်ငံရေးလှုပ်ရှားမှုများကြောင့် အဖွဲ့ဝင် ဇေယျာသော် (ခ) ကျော်ကျော် (အက်စစ်အဖွဲ့ အဆိုတော်)၊ အောင်ဇေဖြိုး (အင်ဂျင်နီယာ မဟာဘွဲ့ကျောင်းသား)၊ အာကာဗိုလ် (ဆေးတက္ကသိုလ် ကျောင်းသားဟောင်း) နှင့် သီဟ၀င်းတင် (ဒုတိယနှစ် ဥပဒေကျောင်းသား) တို့ ၂၀၀၈ ခုနှစ် မတ်လကတည်းက ဖမ်းဆီးခံခဲ့ကြရသည်။

 

 

 

 

 

Most read this week