ကျောက်ဖြူတွင် ရွေးကောက်ပွဲ ဆန့်ကျင်ရေး လှုပ်ရှားမှု ပေါ်ပေါက်

ကျောက်ဖြူတွင် ရွေးကောက်ပွဲ ဆန့်ကျင်ရေး လှုပ်ရှားမှု ပေါ်ပေါက်
by -
တာကလူး

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်တွင် စစ်အစိုးရမှ ကျင်းပမည့် ရွေးကောက်ပွဲနှင့် ရွေးကောက်ပွဲဝင် ပါတီများကို ဆန့်ကျင်ကြရန် ပြည်သူများအကြား လှုံဆော်တိုက်တွန်းသည့် လက်ကမ်းစာစောင်များနှင့် နံရံကပ် ပိုစတာများ ဖြန့်ဝေသည့် လှုပ်ရှားမှုတစ်ခု ယခုရက်ပိုင်းအတွင်း ပေါ်ပေါက်....

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်တွင် စစ်အစိုးရမှ ကျင်းပမည့် ရွေးကောက်ပွဲနှင့် ရွေးကောက်ပွဲဝင် ပါတီများကို ဆန့်ကျင်ကြရန် ပြည်သူများအကြား လှုံဆော်တိုက်တွန်းသည့် လက်ကမ်းစာစောင်များနှင့် နံရံကပ် ပိုစတာများ ဖြန့်ဝေသည့် လှုပ်ရှားမှုတစ်ခု ယခုရက်ပိုင်းအတွင်း ပေါ်ပေါက်နေကြောင်း သတင်း ရရှိသည်။

“စစ်ကျွန် သက်ဆိုးရှည်မည့် ရွေးကောက်ပွဲကို ဆန်ကျင့်ကြ” “နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းကို ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ဆန့်ကျင်ကြ” စသည့် စာတန်းများ ပါသည့် နံရံကပ်စာများနှင့် လက်ကမ်းစာစောင်များကို အမည်မသိသူများက ယခုလ (၆) ရက်နေ့ ညအချိန်တွင် ကျောက်ဖြူမြို့ပေါ်တွင် ဖြန့်ဝေလှုပ်ရှားခဲ့ကြပြီးနောက် မြို့နယ်အတွင်း ကျေးရွာများတွင်လည်း ဆက်တိုက် ဖြန့်ဝေလှုပ်ရှားမှုများ ပေါ်ပေါက်လျက်ရှိနေကြောင်း ဒေသခံတစ်ဦးက ယခုကဲ့သို့ ပြောသည်။

“ဒီလ (၇) ရက်နေ့ မနက်ပိုင်းမှာပဲ အဲဒီ ရွေးကောက်ပွဲ ဆန့်ကျင့်တဲ့ ပိုစတာတွေ လက်ကမ်းစာစောင်တွေကို ကျောက်ဖြူမြို့ရဲ့ နေရာတိုင်း လိုလိုမှာပဲ တွေ့ခဲ့ကြရတာ ဖြစ်ပါတယ်။ ဘယ်သူတွေက လုပ်သွားသလဲ ဆိုတာတော့ မသိရပါဘူး။ ခုအချိန်ထိ ဒီကျောက်ဖြူမြို့နယ် အတွင်းမှာ ရှိတဲ့ ကြက်တိန်ကျေးရွာ အုပ်စု၊ ပျားတွဲ ကျေးရွာအုပ်စု၊ စိုင်ခြုံကျေးရွာအုပ်စု၊ ကပ်သပြေကျေးရွာအုပ်စု တွေမှာလဲ ခုလိုဖြန့်ဝေလှုပ်ရှားမှုတွေ ရှိနေဆဲပဲလို့လဲ ကြားပါတယ်” ဟု ၎င်းဒေသခံမှ ပြောသည်။

“နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းကို ဒေါ်အောင်ဆန်းစုကြည်နှင့် အတူဆန့်ကျင်ကြ” ဟု ခေါင်းစဉ် တပ်ပြီး ဖြန့်ဝေခဲ့သည့် လက်ကမ်းစာစောင်များတွင် “လက်ရှိ ရွေးကောက်ပွဲဝင်ရန် မှတ်ပုံတင်ထားကြသည့် နိုင်ငံရေး ပါတီများသည် အတင်းအဓမ္မ အာဏာသိမ်းထားသည့် နအဖ စစ်အစိုးရကို တရားဝင် စစ်အစိုးရ ဖြစ်လာအောင် ပြုလုပ်ပေးမည့် အတုအယောင် ရွေးကောက်ပွဲကို ကမကထ ပြုနေသည့် အမျိုးသား သစ္စာဖေါက် နိုင်ငံရေး ပါတီများသာ ဖြစ်ကြသဖြင့် ရွေးကောက်ပွဲတွင် မည်သည့် ပါတီကိုမျှ မဲမပေးပဲ ဆန့်ကျင်ကြရန် ပြည်သူများ၏ အနာဂတ် အကျိုးကို မျှော်၍ တိုက်တွန်း နှိုးဆော်လိုက်ရပါသည်” ဟု ရေးသားပါရှိကြောင်း သူက ဆက်ပြော ခဲ့သည်။

ဒေသခံ ရဲများက အဆိုပါ နံရံကပ် ပိုစတာများနှင့် လက်ကမ်းစာစောင်များကို ထိုနေ့မနက်အတွင်းတွင်ပင် လာရောက် ခွာယူသိမ်းဆည်းမှုများ ပြုလုပ်ခဲ့ပြီး ဒေသခံများအားလည်း စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့ ကြောင်းလည်း ကျောက်ဖြူ ရွှေပန်းထိမ်တန်းမှ ဆိုင်ပိုင်ရှင် တစ်ဦးကလည်း ယခုကဲ့သို့ ပြောသည်။

“ကျွန်တော်တို့ ပန်းထိမ်တန်းမှာ ရှိတဲ့ ဆိုင်တွေရဲ့ တံခါးတိုင်းမှာ မြင်သာထင်သာတဲ့ နေရာတွေမှာ ပိုစတာတွေ ကပ်ပြီး လက်ကမ်းစာစောင်တွေကိုလဲ ပစ်ချထားခဲ့ကြတာ ဖြစ်ပါတယ်။ အဲဒီနေ့ မနက်ပိုင်း စောစောစီးစီးပဲ ရဲတွေက လာပြီး ကပ်ထားတဲ့ ပိုစတာတွေကို ခွါယူပြီး၊ လက်ကမ်းစာစောင်တွေကိုလဲ တောင်းယူသွား ခဲ့ကြပါတယ်။ ပြီးတော့ ဘယ်သူလုပ်ခဲ့တာလဲဆိုတာကို တွေ့မြင်လိုက်တဲ့ သူတွေများ ရှိသလားဆိုပြီး မေးမြန်း စုံစမ်းခဲ့ပါသေးတယ်။ နောက်ထပ် ဘာမှတော့ မလုပ်ခဲ့ကြပါဘူး” ဟု ပြောသည်။

ထိုနေ့မှ စ၍ ဒေသအာဏာပိုင်များမှ ကျောက်ဖြူတွင် ရဲလုံခြုံရေးကို အထူးတင်းကျပ်ထားလိုက်ပြီး ၂၄ နာရီစလုံး ကား ၄ စီးဖြင့် မြို့ကို လှည့်ပတ်ကြည့်ရှူ့မှုများ ပြုလုပ်နေကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရှိရသည်။

၁၉၉၀ ခုရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်ရှိ ကျောက်ဖြူမြို့သည် NLD ကို အများဆုံး ထောက်ခံအားပေးခဲ့သည့် မြို့တစ်ခု ဖြစ်ပြီး လက်ကမ်းစာစောင်များတွင် ဒေါ်အောင်ဆန်းစုကြည်၏ နာမည် ပေါ်ပေါ်ထင်ထင် ပါရှိနေသောကြောင့် ဒေသခံ NLD အဖွဲ့ဝင်များအပေါ် သံသယ ဖြစ်နေပြီး သူတို့မှာ ယခုအခါ အထူးရဲတပ်ဖွဲ့၏ စောင့်ကြပ်ကြည့်ရှူခြင်းကို ခံနေကြရကြောင်း စုံစမ်းသိရှိရပါသည်။

 

 

 

 

 

Most read this week