ရန်ကုန်တွင် ထိုင်းပစ္စည်းများ ပြတ်လပ် ဈေးထိုးတက်

ရန်ကုန်တွင် ထိုင်းပစ္စည်းများ ပြတ်လပ် ဈေးထိုးတက်
by -
ဆလိုင်းထွန်း

ထိုင်း-မြန်မာ နယ်စပ်ဂိတ်များ တလကျော်ပိတ်ပင်မှု နောက်ဆက်တွဲအဖြစ် ရန်ကုန်တွင် ထိုင်းနိုင်ငံထုတ် လျှပ်စစ်ပစ္စည်းများ လက်ကျန် မရှိ....

ထိုင်း-မြန်မာ နယ်စပ်ဂိတ်များ တလကျော်ပိတ်ပင်မှု နောက်ဆက်တွဲအဖြစ် ရန်ကုန်တွင် ထိုင်းနိုင်ငံထုတ် လျှပ်စစ်ပစ္စည်းများ လက်ကျန် မရှိသလောက်ဖြစ်ကာ ဈေးနှုန်းများ မြင့်တက်နေသည်။

ပြီးခဲ့သည့်လ ၉ ရက်မှစ၍ မြန်မာဘက်က နယ်စပ်ဂိတ် ၂ဝ ခန့် ပိတ်ပစ်ခဲ့အပြီး ထိုင်းနိုင်ငံထုတ် တီဗီ၊ ရေခဲသတ္တာ၊ လေအေးစက်နှင့် အဝတ်လျှော်စက်များ အဝင်ရပ်ဆိုင်းကုန်ရာ ကျပ်တသိန်းကျော်တန် ပစ္စည်းများမှာ ၁ သောင်းမှ ၃ သောင်းအထိ ဈေးနှုန်းမြင့်တက်သွားသည်။

“ဈေးတက်တာ တလလောက်ရှိပြီ။ ပစ္စည်းလည်း အရင်ကထက်စာရင် သိသိသာသာ ပြတ်လာတယ်။ လိုချင်တဲ့ ပစ္စည်း မရဘူး ဖြစ်နေတယ်။ အရင်ကထက် ၃ သောင်းလောက် တင်ရောင်းတယ်” ဟု ဘားလမ်းရှိ ထိုင်း MC လျှပ်စစ်ပစ္စည်း ရောင်းဝယ်ရေးဆိုင်မှ တာဝန်ရှိသူတဦးက မဇ္ဈိမကို ပြောသည်။

ပန်းဆိုးတန်း အလယ်ဘလောက်ရှိ Kyaw လျှပ်စစ်ပစ္စည်းဆိုင်မှ တာဝန်ရှိသူတဦးက “အရင်တုန်းက ပြတ်ရင်လည်း တပတ်၊ ၁ဝ ရက်ပဲ ပြတ်တာ။ အခုက အတော်ကြာပြီ။ ဈေးကိုတော့ ထောင်တက် မရောင်းဘူး။ တသောင်းလောက်ပဲ တက်တယ်။ တချို့ဆိုင်တော့ များတယ်လို့ သိရတယ်။ ပစ္စည်းရှားတာ၊ ပြတ်တာ၊ အဝင် နည်းလာရင် ဈေးတက်တာ သဘာဝပါ” ဟု ပြောသည်။

ဆက်လက်၍ ဂိတ်ပိတ်ထားပါက ဈေးနှုန်းများ ယခုထက်မက မြင့်တက်လာနိုင်ပြီး ပစ္စည်းများပါ ပြတ်လပ် သွားမည် ဖြစ်ကြောင်း ရန်ကုန် လျှပ်စစ်ပစ္စည်းဆိုင်များ အဆိုအရ သိရသည်။

ယခင်က ပုံမှန်ဈေးနှုန်းအဖြစ် LG တီဗီ (၂၁ လက်မ ကာလာ) တလုံး ကျပ် ၁ သိန်း ၃ သောင်းကျော်၊ Samsung (၂၁ လက်မ) ၁ သိန်း ၄ သောင်းဝန်းကျင်နှင့် ရေခဲသတ္တာများဖြစ်သည့် solar ၊ Panasonic ၊ Mitsubishi ၊ Samsung တို့ဈေးမှာ ၁ သိန်း ၇ သောင်းမှ ၄ သိန်းအထိ ဖြစ်သည်။  လေအေးစက်မှာ အမျိုးစားအလိုက် ကျပ် ၂ သိန်းမှ ၈ သိန်းအထိ ရှိခဲ့ပြီး အဝတ်လျှော်စက်မှာ ၁ သိန်း ၇ သောင်းမှ ၃ သိန်းအထိ ရှိကြသည်။

အချက်အချာကျသည့်  ပန်းဆိုးတန်း၊ ဗိုလ်အောင်ကျော်နှင့် ဘားလမ်းတွင် လျှပ်စစ်ပစ္စည်းဆိုင်ပေါင်း ၁ဝဝ ခန့် ရှိသည်။

လျှပ်စစ်ပစ္စည်းကဲ့သို့ပင် ထိုင်းနိုင်ငံမှ တင်သွင်းသည့် စားသောက်ကုန်များလည်း ဈေးနှုန်း ၂ ဆခန့် တက်နေ ကြောင်း စားသုံးသူများက ဆိုသည်။

အချိုရည်ဗူးများဖြစ်သည့် cool ဈေးနှုန်း ကျပ် ၁ဝဝ မှ ၃ဝဝ ၊ coca cola နှင့် sprite  ကျပ်၃ဝဝ မှ ၈ဝဝ ကျော်၊ အချိုမှုန့် ၅ဝဝ တန်မှာ ၁၅ဝဝ၊ ကွာစေ့၊ ဘီစကစ်၊ ကိတ်မုန့်၊ ကော်ဖီမစ်ဈေးနှုန်း ၄ဝဝ - ၅ဝဝ တန်မှ ကျပ်တထောင် ဈေးအထိ ခုန်တက်ကုန်သည်။ ကြော်လှော်ချက်ပြုတ်နိုင်သည့် ready made စားသောက်ဖွယ်ရာ အထုပ်များ ကျပ် ၇ဝဝ - ၈ဝဝ ခန့်မှ ၂ဝဝဝ ခန့်အထိ ဈေးတက်နေသည်။

ထို့အပြင် ထိုင်းနိုင်ငံထုတ် ဆောက်လုပ်ရေးနှင့် အိမ်သုံးပစ္စည်းအရောင်းဆိုင်များလည်း ပစ္စည်း ပြတ်လပ်လာပြီး ဈေးနှုန်း တဆခန့် တက်သွားသည်။

“လမ်းပိတ်တော့ ဘိလပ်မြေ၊ သွပ်၊ သံ၊ သံစကာ စတဲ့ ပစ္စည်းတွေ ပို့တဲ့သူ မရှိသလောက်ပဲ။ အခုလည်း အထဲမှာ ပြတ်နေတယ်။ ရှိတဲ့ပစ္စည်းက တဆလောက် တက်တယ်။ ဥပမာ - ၅ ထောင်တန်ကို တသောင်းလောက်ထိ တက်တယ်” ဟု မဲဆောက်မြို့ရှိ ဆောက်လုပ်ရေးနှင့် အိမ်သုံးပစ္စည်း ကုန်သည် တဦးက မဇ္ဈိမကို ပြောသည်။

တာမွေမြို့ရှိ Julep အလှကုန်ပစ္စည်း လက်ကားဆိုင်မှ စာရေးမတဦးကလည်း “ထိုင်းဘက်က မဝင်တော့ ကုမ္ပဏီက ပစ္စည်းပြတ်နေတယ်။ ရှိတဲ့ ပစ္စည်းတွေက ဆိုင်တွေကို မျှပေးနေရတယ်။ ဈေးနှုန်းက နဂိုဖွင့်ထားတဲ့ ဈေးတက်လို့ မရဘူး။ ဈေးနှုန်းတော့ တက်မရောင်းဘူး။ ပစ္စည်းတွေကို ထိန်းထားတယ်။ ပစ္စည်းကို လုံလုံလောက် မပေးနိုင်တော့ ဖောက်သည်တွေနဲ့ အဆင်ပြေအောင် စကားပြောနေရတယ်” ဟု ပြောသည်။
set
နယ်စပ်ဂိတ်များ တရားဝင် ပိတ်ထားခဲ့သော်လည်း ကုန်သည်အချို့က ညပိုင်းတွင် ဂိတ်သေးများမှတဆင့် အစောင့်စစ်တပ်များကို ငွေပေးကာ တပိုင်တနိုင်နည်းဖြင့် မြန်မာပြည်တွင်းသို့ ထိုင်းပစ္စည်း တင်သွင်းမှုများ ရှိနေကြောင်း သိရသည်။

နှစ်နိုင်ငံနယ်စပ် သောင်ရင်းမြစ်ပေါ်တွင် ထိုင်းဘက်က ကမ်းပါးကာ နံရံတည်ဆောက်သည်ကို ကန့်ကွက်သည့် အနေဖြင့် မြန်မာဘက်က မဲဆောက်-မြဝတီ တံတား အပါအဝင် နယ်စပ်ဖြတ် ဂိတ်ပေါင်း ၂ဝ ခန့်ကို ပိတ်ထားခြင်း ဖြစ်သည်။

 

 

 

 

Most read this week