ဆရာကြီး ဦးသာထွန်း ရုပ်ပုံကို စစ်တွေ ယဉ်ကျေးမူ ပြတိုက်တွင် ပြသထား

ဆရာကြီး ဦးသာထွန်း ရုပ်ပုံကို စစ်တွေ ယဉ်ကျေးမူ ပြတိုက်တွင် ပြသထား

၁၉၉၀ ခုနှစ်က စစ်တွေ အကျဉ်းထောင်ထဲတွင် သေဆုံးသွားခဲ့ရသော ရခိုင်-မြန်မာ ပဏ္ဍိတ် ဆရာကြီး ဦးသာထွန်းပုံကို တခြား ရခိုင်အမျိုးသား ခေါင်းဆောင်များ၏ ပုံများနှင့် အတူတကွ ချိတ်ဆွဲ....

၁၉၉၀ ခုနှစ်က စစ်တွေ အကျဉ်းထောင်ထဲတွင် သေဆုံးသွားခဲ့ရသော ရခိုင်-မြန်မာ ပဏ္ဍိတ် ဆရာကြီး ဦးသာထွန်းပုံကို တခြား ရခိုင်အမျိုးသား ခေါင်းဆောင်များ၏ ပုံများနှင့် အတူတကွ ချိတ်ဆွဲဖေါ်ပြထားသည်ဟု သိရသည်။

ဆရာကြီး ဦးသာထွန်းနှင့်အတူ ဖေါ်ပြထားသော ရခိုင်အမျိုးသား ခေါင်းဆောင်များမှာ ဆရာတော် ဦးဥတ္တမ၊ ဦးစန္ဒမာလာ လင်္ကာရ၊ ဦးရွှေဇံအောင်၊ ဦးစံရွှေဘု၊ ဦးအောင်သာဦး၊ ဦးထွန်းစံနှင့် ဦးစံသာအောင် တို့ဖြစ်ကြသည်။

ရခိုင်အမျိုးသား ခေါင်းဆောင်များ၏ ကိုယ်ရေးအကျဉ်းများကို မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာဖြင့် ဖေါ်ပြ ထားကြောင်း သိရသည်။

ယခုအခါ နှစ် ၂၀ မြောက် ဆရာကြီး ဦးသာထွန်းနေ့သို့ နီးကပ်လာသဖြင့် ဆရာကြီးကို လေးစားသူများက ပြတိုက်အတွင်းသို့ သွားရောက်ပြီး ဂုဏ်ပြုဦးညွတ်မူများ ပြုလုပ်နေကြသည်ဟု ကြားသိရသည်။

စစ်တွေမှ GTC ကောလိပ်မှ တတိယနှစ် တက်နေသူ ကျောင်းသား တစ်ဦးကို မေးကြည့်ရာ သူက “ စစ်တွေ ယဉ်ကျေးမူ ပြတိုက်ကို ခဏခဏ ရောက်ပါတယ်။ ခုလို ဘယ်နေရာမှ မတွေ့ရတဲ့ ကိုယ့်အမျိုးသား ခေါင်းဆောင်တွေကို တရားဝင် ပြတိုက်တခုမှာ ပြသထားတာကို တွေ့ရတဲ့အတွက် ၀မ်းသာဂုဏ်ယူမိပါတယ်။ လူငယ်တွေကိုလည်း ကိုယ်ကျိုးစွန့် အနစ်နားခံခဲ့တဲ့ ခေါင်းဆောင်ကြီးတွေက တိုင်းပြည်နဲ့ လူမျိုးအတွက် တခုခု လုပ်ဖို့ ပြောနေသလိုမျိုး ခံစားရပါတယ်” ဟု သူက ပြောသည်။

ဆရာကြီး ဦးသာထွန်းသည် ရခိုင်တမျိုးသားလုံးက လေးစားကြည်ညိုသော ပုဂ္ဂိုလ် တဦးဖြစ်ပြီး ၁၉၉၀ ခုနှစ် သြဂုတ် ၁၄ ရက်နေ့တွင် စစ်တွေ အကျဉ်းထောင်တွင် စစ်အာဏာပိုင်များက ဖမ်းဆီးထားစဉ် ကွယ်လွန် အနိစ္စ ရောက်ခဲ့သည်။

ဆရာကြီးသည် မြန်မာ့ဒီမိုကရေစီအရေးနှင့် တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းပိုင်ခွင့် ရရှိ်ရေးအတွက် ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ်တွင် ပါ၀င်ပြီး နာယကကြီးတဦးအဖြစ် ပါ၀င်တာဝန် ထမ်းဆောင်ခဲ့သည်။ ကျောက်တော် မြို့နယ် မဲဆန္ဒနယ် အမှတ် (၁) ကိုယ်စားလှယ်လောင်းအဖြစ် အမည်တင်သွင်း ခံထားရသူလည်း ဖြစ်ပါသည်။

သို့သော်လည်း ဆရာကြီးကို မင်းပြားနယ် မြို့နယ် ပြားချောင်းကျေးရွာတွင် အမျိုးသား တရားဟောကြား မူကြောင့် စစ်အာဏာပိုင်များက ဖမ်းဆီးပြီး ထောင် ၃ နှစ် ချမှတ်ခဲ့သည်။
U-Tha-Tun
ဆရာကြီးသည် စစ်တွေ အကျဉ်းထောင်ထဲတွင် ထောင်ချပြီး ၅ လအကြာတွင် စစ်အာဏာပိုင်များ၏ စိတ်ပိုင်း ဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာအရ ဖိနှိပ်ညှဉ်းပမ်းမူကြောင့် သေဆုံးခဲ့ရသည်။

ဆရာကြီးအား စစ်အာဏာပိုင်များက မြန်မြန်ဆန်ဆန် သေစေရန်အတွက် ထောင်တွင်းရှိ ထောက်လှမ်းရေး ဒလံများမှတဆင့် စိန်အဆိပ် အနည်းငယ်စီကို ထမင်းတွင် ထည့်ကျွေးခဲ့သဖြင့် ယခုကဲ့သို့ စောစီးစွာ သေဆုံး ရခြင်း ဖြစ်ကြောင်း ရခိုင်ပြည်သူများက ယုံကြည်ကြသည်။

ယခု လာမည့် သြဂတ်စ်လ ၁၄ ရက်နေ့မှာ ဆရာကြီး ဦးသာထွန်း ကွယ်လွန်ကျဆုံးခဲ့သော နှစ် ၂၀ ပြည့်မြောက်နေ့ ဖြစ်သဖြင့် ကမ္ဘာနှင့် အဝန်းတွင် ရောက်ရှိနေကြသော ရခိုင်အမျိုးသားများက ဆရာကြီးနေ့ အခမ်းအနားကို ပြုလုပ်ကျင်းပရန် စီစဉ်နေကြောင်း သတင်းများ ရရှိ်သည်။

 

 

 

 

Most read this week