မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ရုံးတွင် မြန်မာကျပ်ငွေ (၉၃) သိန်းကျော် တန်ဖိုးရှိသည့် အမေရိကန် ဒေါ်လာနှင့် အက်ဖ်အီးစီငွေများ ခိုးယူခံရမှု ဇူလိုင်လ (၃ဝ) ရက်နေ့က ဖြစ်ပွားခဲ့ ...
ရန်ကုန် (မဇ္စျိမ) ။ ။ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ရုံးတွင် မြန်မာကျပ်ငွေ (၉၃) သိန်းကျော် တန်ဖိုးရှိသည့် အမေရိကန် ဒေါ်လာနှင့် အက်ဖ်အီးစီငွေများ ခိုးယူခံရမှု ဇူလိုင်လ (၃ဝ) ရက်နေ့က ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
ဘောလုံးအဖွဲ့ချုပ် ငွေစာရင်းကိုင်တာဝန်ခံ အခန်းတွင်းရှိ အလုပ်စားပွဲအံဆွဲအတွင်းမှ အဖွဲ့ချုပ်ပိုင် အမေရိကန်ဒေါ်လာနှင့် အက်ဖ်အီးစီငွေများ ဇူလိုင် (၂၉)ရက်နေ့ ညနေမှ ဇူလိုင် (၃ဝ) ရက် နံနက်အကြားတွင် ပျောက်ဆုံးသွားခဲ့ကြောင်း ငွေစာရင်းကိုင် တာဝန်ခံက သင်္ကန်းကျွန်း ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားခဲ့သည်။
ဘောလုံးအဖွဲ့ချုပ် ငွေစာရင်းကိုင် တာဝန်ခံဖြစ်သူ ဒေါ်သက်သက်ခိုင်ကိုယ်တိုင် တရားလိုပြုလုပ်ပြီး သင်္ကန်းကျွန်း ရဲစခန်းသို့ အမှုဖွင့်ခဲ့ကြောင်း သိရသည်။
ဒေါ်သက်သက်ခိုင်က ဇူလိုင်လ (၂၉) ရက်နေ့ ရုံးမဆင်းမီအချိန်က မြန်မာကျပ်ငွေ (၆၁) သိန်းကျော်ဖိုးရှိ အမေရိကန်ဒေါ်လာနှင့် ကျပ်ငွေ (၃၂) သိန်းကျော်ဖိုးရှိ အက်ဖ်အီးစီငွေများ သူမ၏ အလုပ်စားပွဲ အံဆွဲအတွင်း ထည့်သွင်း သော့ခတ်ထားခဲ့ကြောင်း၊ ဇူလိုင်လ (၃ဝ) ရက်နေ့ နံနက် ရုံးတက်ချိန် အဆိုပါအံဆွဲအား သော့ဖွင့်ကြည့်ရာ ငွေစက္ကူအားလုံး ပျောက်ဆုံးနေကြောင်း သင်္ကန်းကျွန်းရဲစခန်းတွင် ထွက်ချက်ပေးခဲ့သည်။
ဖြစ်စဉ်နှင့် ပတ်သက်၍ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ဝန်ထမ်းများ ပါဝင်ပတ်သက်နေကြောင်း သတင်းများထွက်ပေါ်နေပြီး ဝန်ထမ်း (၆) ဦးခန့် ဖမ်းဆီးထားကြောင်း သိရသည်။
သင်္ကန်းကျွန်း ရဲစခန်းသို့ မဇ္စျိမမှ ယနေ့ ဆက်သွယ်မေးမြန်းခဲ့ရာ တာဝန်ခံအရာရှိဖြစ်သူက အမှုအား (ပ) ၅၁ဝ/၁ဝ၊ ပုဒ်မ ၃၈ဝ ဖြင့် အမှုဖွင့်လှစ် စစ်ဆေးနေဆဲဖြစ်ကြောင်း၊ ဖမ်းဆီးထားသည့် အရေအတွက်နှင့် ပတ်သက်၍မူ ရဲလုပ်ထုံးလုပ်နည်းအရဖြစ်၍ ပြောကြားနိုင်ခြင်း မရှိကြောင်း ဖြေဆိုသည်။
မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၏ မီဒီယာတာဝန်ခံဖြစ်သူ ဦးစိုးမိုးကမူ ဘောလုံးနှင့် ပတ်သက်သည့် အကြောင်းကိစ္စမဟုတ်သဖြင့် သူ့တွင် ဖြေကြားပိုင်ခွင့်မရှိကြောင်း ငြင်းဆိုသည်။
ပျောက်ဆုံးသွားသည့်ငွေများသည် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ပိုင်ငွေများဖြစ်ပြီး မြန်မာ့ဘောလုံးလောက တိုးတက်ရေးအတွက် အသုံးပြုရမည့် ငွေကြေးများဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် တာဝန်ရှိသူတစ်ဦးက အတည်ပြုသည်။