ကော်မရှင် လက်ထောက်ချ၍ ဒီမိုကရက်တစ် ပါတီဝင်များ ထောက်လှမ်းရေး အစစ်ခံရ

ကော်မရှင် လက်ထောက်ချ၍ ဒီမိုကရက်တစ် ပါတီဝင်များ ထောက်လှမ်းရေး အစစ်ခံရ

ဒီမိုကရက်တစ် ပါတီဝင်များကို ထောက်လှမ်းရေးများက နေအိမ်များတွင် စုံစမ်း စစ်ဆေးမှုသည် ခြိမ်းခြောက်ခြင်း ဖြစ်သည်ဟု  ပါတီဥက္ကဋ္ဌ ဦးသုဝေက နေပြည်တော်ရှိ ရွေးကောက်ပွဲ ကော်မရှင်ထံ ...

ရန်ကုန် (မဇ္ဈိမ)။     ။ ဒီမိုကရက်တစ် ပါတီဝင်များကို ထောက်လှမ်းရေးများက နေအိမ်များတွင် စုံစမ်း စစ်ဆေးမှုသည် ခြိမ်းခြောက်ခြင်း ဖြစ်သည်ဟု  ပါတီဥက္ကဋ္ဌ ဦးသုဝေက နေပြည်တော်ရှိ ရွေးကောက်ပွဲ ကော်မရှင်ထံ တနင်္လာနေ့က ကန့်ကွက်ထားသည်။

 ဒီမိုကရက်တစ်ပါတီ (မြန်မာ)၏ ဌာနချုပ် ဆိုင်းဘုတ်တင်ပွဲ အခမ်းအနားကို ဗိုလ်တထောင်မြို့နယ် ၅၂ လမ်းတွင် သောကြာနေ့နံနက်က ပြုလုပ်ရာ ပါတီဥက္ကဌ ဦးသုဝေ (အလယ် တိုက်ပုံနှင့်)"အခု ထောက်လှမ်းရေးတွေက ပါတီဝင် နေအိမ်တွေအထိ လာပြီးတော့ ကိုယ်ရေးသမိုင်းနဲ့ အချက်အလက်တွေကို အသေးစိတ် တောင်းခံတဲ့အပြင် ဓါတ်ပုံ ၂ ပုံကိုပါ တောင်းယူနေတယ်။

ပါတီဝင်တွေကို ခြိမ်းခြောက် နေတယ်လို့ ပြောရမှာ ဖြစ်တယ်၊ ဒါဟာ လုံးဝ မလုပ်ထိုက်တဲ့ ကိစ္စပါ" ဟု ဦးသုဝေက ပြောသည်။  

အနည်းဆုံး ပြရမည့် ပါတီဝင် ၁,ဝဝဝ စာရင်းကို ရွေးကောက်ပွဲ ကော်မရှင်သို့ ပို့ထားရာ ကော်မရှင်က ထောက်လှမ်းရေး အဖွဲ့ကို လက်ဆင့် ကမ်းလိုက်ရာက နေအိမ်များသို့ ထောက်လှမ်းရေးများ ဝင်ရောက် စစ်ဆေးမှုများ ဖြစ်ပေါ်လာသည်ဟု ဦးသုဝေက ပြောသည်။

အတိုက်အခံ လှုပ်ရှားမှုကို သည်းခံလေ့ မရှိသော နိုင်ငံတွင် ပြည်သူများ အနေဖြင့် ထောက်လှမ်းရေးနှင့် ပတ်သက်လိုခြင်း မရှိကြသည့်အပြင် ထောက်လှမ်းရေးများနှင့် ပတ်သက်ပါကလည်း အန္တရာယ် ရှိနိုင်သည်ဟု ယူဆယုံကြည်ကြသည်။

ရွေးကောက်ပွဲ ကော်မရှင် ထုတ်ပြန်ချက်တွင် ပါတီဝင်များအားလုံး ကိုယ်ရေးသမိုင်း အသေးစိတ်နှင့် ဓာတ်ပုံ ၂ပုံ တင်ပြရန် မတောင်းဆိုထားသဖြင့် ထောက်လှမ်းရေးများ လုပ်ဆောင်နေမှုအပေါ် အရေးယူ ရပ်တန့်ပေးရန် ဦးသုဝေက တောင်းဆိုထားသည်။

"ပြည်သူတွေကိုလည်း ပါတီဝင်တာနဲ့ ပတ်သက်ပြီးတော့ အင်တာဗျုးတွေ လုပ်ဖူးတယ်၊ တော်တော်များများက ပါတီဝင်ရမှာကို ကြောက်ကြတယ်၊ အခုလို ထောက်လှမ်းရေးက စစ်တယ်ဆိုတော့ ကျနော့်အထင်အရ ပါတီဝင်ဖို့ လူတွေက နဲနဲတော့ နောက်တွန့်ကြမှာပဲ” ပြည်တွင်း သတင်းထောက်တဦးက မဇ္ဈိမသို့ ပြောသည်။

ထိုအခိုက် စစ်အစိုးရ၏ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေး ပါတီအနေဖြင့် ရန်ကုန်တွင် ပါတီဝင်များကို စည်းရုံးမှုများ ပြုလုပ်နေပြီး ယခင်က သတ်မှတ်ထားသော ပါတီကြေး ၁ဝဝဝ ကျပ်ကို ပေးစရာပင် မလိုဟု စည်းရုံးရေးမှူးများက ပြောသည်။

ဝေဖန်သူများကတော့ ကြံ့ဖွံ့ပါတီ အနေဖြင့် နိုင်ငံပိုင်ငွေ ယန္တရားများကို အသုံးချထားခဲ့သော လူမှုရေး ကြံ့ဖွံ့အသင်းမှ လွှဲပြောင်းရယူထားသည့် ငွေများကို ပါတီဝင်များက ထည့်ဝင်သော ငွေအဖြစ် အသွင်ပြောင်းရေး လုပ်ဆောင်နေခြင်း ဖြစ်သည်ဟု သုံးသပ်သည်။

Most read this week