မဟာမုနိ ဗုဒ္ဓဝိဟာရ ကျောင်းကိစ္စ ပြည်တွင်း နိုင်ငံရေး ပါတီ တခုမှ သဘောထားထုတ်ပြန်

မဟာမုနိ ဗုဒ္ဓဝိဟာရ ကျောင်းကိစ္စ ပြည်တွင်း နိုင်ငံရေး ပါတီ တခုမှ သဘောထားထုတ်ပြန်
by -
မင်းဆက်ခိုင်

ရမ္မာဝတီ အရှင် ပညာစာရ ဖမ်းဆီး လူဝတ်လဲ ခံရပြီးနောက် ရခိုင်ရှေးဟောင်း ယဉ်ကျေးမူ အမွေအနှစ်များ သိမ်းဆည်းခံရ.....

ရမ္မာဝတီ အရှင် ပညာစာရ ဖမ်းဆီး လူဝတ်လဲ ခံရပြီးနောက် ရခိုင်ရှေးဟောင်း ယဉ်ကျေးမူ အမွေအနှစ်များ သိမ်းဆည်း ခံရမူနှင့် ကလေးငယ်များကို နယ်ဝေး ပြောင်းရွှေ့မူများနှင့် ပတ်သက်ပြီး များမကြာမှီကမှ နိုင်ငံရေး ပါတီ တခု အဖြစ် အသိအမှတ် ပြုခံထားရသော RNDP မှ ကျေညာချက် တစောင်ကို သြဂတ်စ်လ ၉ ရက်နေ့တွင် ထုတ်ပြန် လိုက်သည်။

သဘောထားထုတ်ပြန်ရခြင်းနှင့် ပတ်သက်ပြီး ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP မှ ဦးခိုင်ပြည်စိုး ကို မေးမြန်းရာ သူက ယခုကဲ့သို့ ပြောသည်။

“ကျောင်းမှာ ကျန်ရှိလိုက်တဲ့ကလေးတွေ၊ တခြားနေရာတွေကို ခေါ်ဆောင် သွားခံရတဲ့ ကလေးတွေ၊ နောက် စာအုပ် စာပေတွေနဲ့ ပတ်သက်ပြီး အစိုးရက သိမ်းဆည်းသွားတဲ့ကိစ္စကို အဓိက ရည်ရွယ် ပါတယ်။ ဒီကိစ္စကို ဘယ်လို ဆက်လက်ထိမ်းသိန်းမလဲ၊ ဘယ်လို နေရာချ ထားပေးမလဲဆိုတဲ့ အပိုင်းကို ကျနော်တို့ အဓိကထား စဉ်းစားပါတယ်။ နောက်ပြီးတော့ အဲဒီ ကျောင်းမှာ မှီတင်း နေထိုင်နေကြတဲ့ သူတွေဟာ မှီခိုရာမဲ့ ဖြစ်နေကြ ပါတယ်။ အဲဒါတွေကို ကျနော်တို့ စနစ်တကျ ပြန်လည် နေရာ ချပေးနိုင်ဖို့ အတွက် မြို့မိမြို့ဖတွေ ရဟန်း သင်္ဃာတွေနဲ့ တိုင်ပင်ညှိနှိုင်းပြီးတော့ ပြန်လည် လုပ်ပေးသင့်တယ် ဆိုတဲ့ အမြင်မျိုး ရှိနေတဲ့ အတွက် အခုလို ကျနော်တို့ သဘောထားကို ထုတ်ပြန်ရ တာ ဖြစ်ပါတယ်။”

အဆိုပါ သဘောထား ထုတ်ပြန်ချက်ထဲတွင် “ မဟာမုနိ ဗုဒ္ဓဝိဟာရ ကျောင်းတွင် ထားရှိခဲ့သော ရခိုင်သမိုင်းဝင် ပေစာ၊ ကျမ်းစာ၊ ဒင်္ဂါးပြား အစရှိသော ပစ္စည်းများသည် ရခိုင်အမျိုးသားများ မြတ်နိုးတန်ဖိုးထားသော သမိုင်း အမွေအနှစ် ပစ္စည်းများ ဖြစ်သည်နှင့် အညီ ရခိုင် အမျိုးသားများ အစဉ်အမြဲ တန်ဖိုးထား ဂုဏ်ယူလေ့လာ နိုင်ရန် အတွက် အမျိုးသား ဂုဏ်ဆောင်ပစ္စည်းများ အဖြစ် ရခိုင် ဒေသ၌သာလျှင် ဥပဒေနှင့်အညီ ထိန်းသိမ်းစောင့်ရှောင့် ခင်းကျင်းပြသနိုင်ရမည်ဟု ကျွနု်ပ်တို့ အခိုင်အမာယုံကြည်ပါသည်။” ဟု ဖေါ်ပြထားသည်။

၎င်းအပြင် ထုတ်ပြန်ချက်ထဲတွင် “ဘုန်းတော်ကြီးကျောင်း အရိပ်အာဝါသ အောက်တွင် ခိုလှုံခဲ့ကြသော ကျောင်း သားလူငယ်၊ ကလေးသူငယ်များ အနေဖြင့် မိမိတို့ နေထိုင်ရာ ဇာတိပတ်ဝန်ကျင်းမှ ဝေးကွာသော နေရာသို့ ခရီးဝေး သွားလာရခြင်းများကြောင့် နာဖျား မကျန်းဖြစ်ရခြင်း၊ စိတ်ပိုင်းဆိုင်ရာ အားငယ် စိုးရွံ့မှုများ ခံစားရ နိုင်ဖွယ် ရှိခြင်းတို့ အပေါ် စိုးရိမ် မကင်း ဖြစ်ကြသူများ လာရောက်တင်ပြ အကြံပြုကြသကဲ့သို့ မိမိတို့လည်း ပြည်သူများနှင့် ထပ်တူ စိုးရိမ် ပူပန်မှုရှိပါသည်” ဟု ဖေါ်ပြထားသည်။

ရမ္မာဝတီ အရှင် ဦးပညာစာရအား ဇူလိုင်လ ၂၇ ရက်နေ့က အာဏာပိုင်များ မှ ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ပြီး ကျောင်း၌ထားရှိသော သမိုင်းဝင် ပစ္စည်းများ၊ စာပေကျမ်းဂန်များ၊ ရွှေဒင်္ဂါး ငွေဒင်္ဂါးများနှင့် အဖိုးတန်ပစ္စည်း မြောက်များစွာ ကို သိမ်းဆည်းသွားခဲ့သည်။

ထိုနောက် ယခုလ ၅ရက်နေ့က ကျောင်း၌ကျန်ရှိခဲ့သည့် ကလေးများထဲမှ ၉၀ကျော်ကို မကွေးတိုင်းနှင့် မန္တလေးတိုင်းသို့ အာဏာပိုင်များမှ ခေါ်ဆောင် သွားခဲ့သည်။

ဦးခိုင်ပြည်စိုးမှ “အခုက ဒီကလေးတွေ ရပ်ဝေးကို ပါသွားတဲ့ကိစ္စနဲ့ ကျောင်းကို မှီတင်းနေထိုင်ခဲ့တဲ့ သူတွေ အပေါ်မှာ ပြည်သူတွေက စိုးရိမ် မှုတွေဖြစ်နေကြပါတယ်။ ကျောင်းမှာ မှီတင်းနေထိုင်ခဲ့တဲ့ သူတွေ အခုဆို စစ်တွေမြို့မှာ ပြန့်ကျဲ နေကြပါတယ်။ ဒီလိုဖြစ်နေတဲ့ အတွက်ကြောင့် ဒီကိစ္စကို မြို့ခံ လူထုတွေအနေနဲ့ ငါတို့ တခုမှ လုပ်မပေးနိုင် ပါလားဆိုတဲ့ အမြင်တွေ ရှိနေကြပါတယ်။ လုပ်ပေး ချင်ပေမယ့် မလုပ်ပေးနိုင်တဲ့ အနေအထားကို ရောက်ရှိနေကြရပါတယ်။ စစ်တွေမြို့မှာ ရှိတဲ့ မြို့မိမြို့ဖတွေ လူမှုရေး အဖွဲ့အစည်းတွေက တာဝန်ယူ လုပ်ဆောင် ပေးချင်စိတ်တွေ ရှိနေကြတာကို တွေ့နေကြပါတယ်” ဟု ဆက်ပြောသည်။

ဦးပညာစာရအား တရားစစ်ဆေးစီရင်ရာတွင် ပြည်ထောင်စု မြန်မာနိုင်ငံသား တဦး၏ ရပိုင်ခွင့်များနှင့် အညီ ဥပဒေအရ နည်းလမ်းတကျ ခုခံနိုင်သော အခွင့်အရေး ရရှိသင့်သည်ဟုလည်း RNDP က ကျေညာချက်တွင် ဖေါ်ပြထားသည်။

အဆိုပါ ထုတ်ပြန်ချက်ကို မြို့ခံပြည်သူလူထုအကြား၊ အစိုးရဌာနဆိုင်ရာ ရုံးများတွင်လည်း ဆက်လက် ဖြန့်ဝေ သွားမည်ဟု ဦးခိုင်ပြည်စိုးက ပြောသည်။

ဆရာတော်အား ဖမ်းဆီးခြင်း၊ ရခိုင်သမိုင်းဝင်ပစ္စည်းများကို သိမ်းယူခြင်း၊ ကလေးငယ်များအား ဗမာပြည်သို့ ခေါ်ဆောင်ခြင်းများသည် ဥပဒေအရ လုပ်ဆောင်ခြင်းမဟုတ်ပဲ လူမျိုးရေး အရ လုပ်ကြံ ဖန်တီးခြင်းများသာ ဖြစ်သည်ဟု ရခိုင် ပြည်သူလူထုအကြားတွင် ပြောဆိုနေကြကြောင်း သတင်း ရရှိသည်။

 

 

 

 

 

 

Most read this week