ကရင်နီပြည် ရေကာတာ ဆောက်လုပ်မှုအပေါ် KDRG မှ ပြင်းထန်စွာ ရှုတ်ချ

ကရင်နီပြည် ရေကာတာ ဆောက်လုပ်မှုအပေါ် KDRG မှ ပြင်းထန်စွာ ရှုတ်ချ
by -
နှောင်းလှိုင်

ထိုင်းနိုင်ငံအတွင်း သောင်းနှင့်ချီ၍ ခိုလှုံနေကြသည့် ကရင်နီဒုက္ခသည်တို့၏ မူလနေထိုင်လာခဲ့သည့် ဒေသများ ဖြစ်သည့် သံလွင်မြစ်ပေါ်တွင် ရေအားလျှပ်စစ်....

ထိုင်းနိုင်ငံအတွင်း သောင်းနှင့်ချီ၍ ခိုလှုံနေကြသည့် ကရင်နီဒုက္ခသည်တို့၏ မူလနေထိုင်လာခဲ့သည့် ဒေသများ ဖြစ်သည့် သံလွင်မြစ်ပေါ်တွင် ရေအားလျှပ်စစ် ထုတ်လုပ်ရေးအတွက် ဧရာမ ရေကာတာသစ် တည်ဆောက်ရန် စစ်အစိုးရအုပ်စုနှင့် တရုတ်ကုမ္မဏီတို့၏ နှစ်ဦးနှစ်ဘက် ပူးပေါင်းမှုကို KDRG မှ ပြင်းပြင်းထန်ထန် ရှုတ်ချ ကန့်ကွက်သည်ဟု ယနေ့ သြဂုတ်လ ၉ ရက်နေ့တွင် ထုတ်ပြန်ကြေညာစာတွင် ရေးသားထားသည်။

“ကရင်နီ ဖွံ့ဖြိုးရေးသုတေသနအဖွဲ့( KDRG ) မှ ကရင်နီပြည်နယ်တွင် တည်ဆောက်မည့် ဤရေကာတာသစ် အစီအစဉ်များကို ပြင်းပြင်းထန်ထန် ရှုတ်ချကန့်ကွက်ပြီး နအဖနှင့် ဒါထာကုမ္မဏီတို့၏ အစီအစဉ်များကို ချက်ချင်း ရပ်တန့်ရန် တောင်းဆိုသည်” ဟု ထုတ်ပြန်စာတွင် ရေးသားဖော်ပြထားသည်။

ရွာသစ်ကျေးရွာအနီးရှိ ကျောက်ကျဉ်းတွင် လျှပ်စစ်ဓါတ်အား မီဂါ၀ပ် (၆၀၀) ထုတ်ပေးနိုင်မည့် ရေကာတာတခု ဆောက်လုပ်ရန် နအဖစစ်အုပ်စုနှင့် စစ်အစိုးရ အုပ်စုနှင့် ယူနန်ပြည်နယ်၊ ဒါထာ ရေအားလျှပ်စစ်ထုတ်လုပ်ရေး ကုမ္မဏီ Datang ( Yunnan ) United Hydropower Developing Co) တို့သည် ၂၀၁၀ ခုနှစ် ဇန္နဝါရီလ ရ ရက်နေ့တွင် နှစ်ဦးနှစ်ဘက် နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ကြပြီး ရေကာတာ တည်ဆောက်ရန် ကရင်နီ လူထုများနှင့် ညှိနှိုင်းတိုင်ပင်မှု မရှိဘဲ မြန်မာပြည်အလယ်ပိုင်းမှ အလုပ်သမားများအား ရေကာတာ တည်ဆောက်မည့်နေရာသို့ ဆောက်လုပ်ရေးပစ္စည်းများက သယ်ဆောင်ပေးနေပြီဟု ဆိုသည်။

လွန်ခဲ့သည့် နှစ်ပေါင်း ၅၀ ကတည်းက ကရင်နီပြည်နယ်၊ လောပိတတွင် မြန်မာနိုင်ငံ ပထမ အကြီးမားဆုံး ရေအားလျှပ်စစ် ထုတ်လုပ်ရေး စီမံကိန်းတည်ဆောက်ခဲ့ပြီး ဒေသခံ ၁၂၀၀၀ ကျော်တို့သည် အခြားဒေသသို့ အဓမ္မ ပြောင်းရွှေ့ခဲ့ကြရသည်။ ၉၅ ရာခိုင်နှုန်းသော လျှပ်စစ်ဓါတ်အားကို အခြား မြန်မာပြည်ဒေသအသီးသီးသို့ ပို့ဆောင်ပေးခဲ့ပြီး စက်ရုံလုံခြံုရေးအတွက် မြေမြုပ်မိုင်း အလုံးပေါင်း (၁၈၀၀၀) မြုပ်နှံထားသည်။

“အခုဟာက လုံခြံုရေးဆိုပြီးမှ ခပ်ကျယ်ကျယ်ယူမယ်ဆိုရင်တော့ အဲဒီထက်များလာမယ်။ အဲလိုဖြစ်ရင် အဲဒီဒေသမှာ ရှိတဲ့ ရွာမှာ ရှိတဲ့လူတွေက တောင်ယာလိုက်လုပ်တာတို့ ၊ တောလယ်တာတို့၊ သွားရေးလာရေး အဲဒီဟာတွေက အကုန်လုံး ကြဲသွားမှာပေါ့နော်။ လောပိတဆိုရင် မိုင်းစိုက်ခင်းဆိုရင် သွားလို့ရတာမှ မဟုတ်တာ”ဟု ကရင်နီ ဖွံ့ဖြိုးရေးသုတေသနအဖွဲ့မှ ဒါရိုက်တာ တော်ရယ်ပိုးက ပြောပါသည်။

နောက်ထပ် တည်ဆောက်မည့် ရေကာတာသစ်များသည် ဆယ်စုနှစ်များအတွင်း မြန်မာစစ်တပ်၏ စနစ်တကျ လူ့အခွင့်အရေး ချိုးဖောက်မှုများဖြစ်သည့် အစုလိုက်အပြံုလိုက် အဓမ္မပြောင်းရွှေ့မှု၊ ကျေးရွာများ မီးရှို့ဖျက်ဆီးမှု၊ သတ်ဖြတ်မှု၊ ညှင်းပမ်းနှိပ်စက်မှုနှင့် အမျိုးသမီးများအား မုဒိန်းကျင့်မှု စသည့်များကို ကြံုတွေ့ခံစားနေကြရသည့် ကရင်နီ လူထုတို့၏ အခွင့်အရေးများကို ဆက်လက်ချိုးဖောက်ခံရမည် ဖြစ်သည်။

“မြန်မာနိုင်ငံပြည်မဘက်က မြို့ကြီးတွေဘက်က နေထိုင်တဲ့ မိတ်ဆွေတွေကို ကျနော် နည်းနည်းပြောချင်တယ်။ ခုကျနော်တို့ဆီမှာ ဆောက်မဲ့ရေကာတာကနေပြီးမှ ထွက်လာတဲ့ လျှပ်စစ်မီးက လည်းပဲ သူတို့တွေ အတွက် မဟုတ်ပါဘူး။ ကျနော်တို့အတွက်လည်း မဟုတ်ဘူး။ တရုတ်အတွက်ဖြစ်တယ်။ ရလာတဲ့ဒေါ်လာငွေတွေ ဆိုရင် စစ်အစိုးရအတွက် အာဏာတည်မြဲရေးအတွက် ဖိနှိပ်မှု ရပ်တရပ်အတွက် အဲလိုအသုံးပြုမယ်။ ဆိုတော့ အဲဒီ ဖိနှိပ်မှုအောက်မှာ ကျနော်တို့တွေရော မြို့ထဲမှာ ရှိတဲ့ မိတ်ဆွေတွေရောအကုန်လုံး ကျနော်တို့နဲ့အတူတူ ကျနော်တို့နဲ့ ၀ုိင်းခံရမှာလေ။ ဆိုတော့ သူတို့ မျှော်လင့်ဖို့ မလိုဘူးပေါ့နော်။ ကျနော်တို့၊ ကျမတို့ လျှပ်စစ်မီး ရမယ်ဆိုတာမျိုး မျှော်လင့်ပြီးတော့မှ ထောက်ခံတာမျိုး အဲလိုမလုပ်ဖို့ အဲလိုပြောချင်တယ်” ဟု တော်ရယ်ပိုးက ပြောပါသည်။

စစ်အစိုးရနှင့် တရုတ်တို့၏ နားလည်မှု စာချုပ်တွင် ကရင်နီပြည်တွင်းရှိ ကရင်နီ ရှမ်းနယ်စပ်ရှိ သဘက်ချောင်းတွင် လျှပ်စစ်ဓါတ်အား (၁၁၀) မီဂါ၀ပ်နှင့် ပွန်ချောင်းတွင် လျှပ်စစ်ဓါတ်အား (၁၃၀) မီဂါ၀ပ် အသီးသီး ထုတ်လုပ် ပေးနိုင်မည့် ရေကာတာများကိုလည်း တည်ဆောက်သွားရန် ရှိသည်ဟု သိရသည်။

 

 

 

 

 

 

Most read this week