ဘွဲ့ရ လူငယ် တဦး မတရားသဖြင့် ထောင်ဒဏ် ချမှတ်ခံရ

ဘွဲ့ရ လူငယ် တဦး မတရားသဖြင့် ထောင်ဒဏ် ချမှတ်ခံရ

ရခိုင်ပြည်နယ် မောင်တောမြို့မှ ဘွဲ့ရ လူငယ် တဦးကို အမူနှင့် တစုံတရာ ပတ်သက်မူ မရှိဘဲ မြို့နယ် တရားသူကြီး ဦးတင်စိုးမှ အလုပ်ကြမ်းနှင့် ထောင်ဒဏ် တစ်နှစ် ....

ရခိုင်ပြည်နယ် မောင်တောမြို့မှ ဘွဲ့ရ လူငယ် တဦးကို အမူနှင့် တစုံတရာ ပတ်သက်မူ မရှိဘဲ မြို့နယ် တရားသူကြီး ဦးတင်စိုးမှ အလုပ်ကြမ်းနှင့် ထောင်ဒဏ် တစ်နှစ် ချမှတ်လိုက်ကြောင်း အဆိုလူငယ်၏ ကျောင်းနေဘက် သူငယ်ချင်းများက နိရဥ္စရာသို့ ရေးသားပေးပို့သော စာတွင် ဖေါ်ပြထားသည်။

ကိုထွန်းလင်းကျော်မှာ အသက် ၂၂ နှစ်သာ ရှိသေးပြီး စစ်တွေ တက္ကသိုလ်မှ ရုက္ခဗေဒနှင့် ဘွဲ့ရထားသူ လူငယ် တဦးဖြစ်ကာ ဇွန်လ ၁၀ ရက်နေ့က တစုံတရာ ပြစ်မူ မရှိဘဲ တရားသူကြီး ဦးတင်စိုးမှ အပြစ်ရှိသူ အဓိက တရားခံများထံမှ လာဒ်ငွေယူ၍ သူ့အား အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁ နှစ်ချမှတ်လိုက်ခြင်း ဖြစ်သည်။

ဖြစ်စဉ်နှင့် ပတ်သက်ပြီး ရေးသားဖေါ်ပြရာတွင် ဘွဲ့ရကျောင်းသား လူငယ် တဦး ဖြစ်သူ မောင်ထွန်းလင်းကျော် သည် ၂၀၀၉ ခု ဧပြီလ ၁၂ ရက်နေ့က ချဲဒိုင်ကိုင်သည့် မောင်တော အမှတ် ၄ ရပ်ကွက်မှ ဦးဝင်းရွှေ အိမ်ရှေ့ ခန်းတွင် သူ့သူငယ်ချင်း ဖြစ်သူ အောင်မြင့်နှင့် ဗွီဒီယို ကြည့်နေစဉ် ဒုရဲအုပ် အောင်ကျော်ခန့်နှင့် အဖွဲ့မှ အဆိုပါ အိမ်အား သတင်းအရ တက်ရောက်ရှာဖွေခဲ့ကြောင်း၊ ရဲအဖွဲ့က အဆိုပါ အိမ်ပေါ်မှ တရားမဝင် မိုဘိုင်း လက်ကိုင်ဖုံး တလုံး၊ ဂဏန်း တွက်စက် နှစ်လုံးနှင့် ချဲစာရွက်များကို ဖမ်းဆီး ရမိခဲ့ကြောင်း၊ သို့သော်လည်း ဒိုင်ကိုင်သူ ဦးဝင်းရွှေမှာ ထွက်ပြေး လွှတ်မြောက်သွားခဲ့ကြောင်း၊ သို့အတွက် ရဲအဖွဲ့မှ ဦးဝင်းရွှေ၏ ဇနီး ဒေါ်သန်းသန်းအေး (ခေါ်) မချောစုနှင့် ကိုထွန်းလင်းအောင်တို့အား ရဲအဖွဲ့မှ ဖမ်းဆီး ခေါ်ဆောင်သွားပြီး တရားစွဲဆိုခဲ့သည်ဟုသိရသည်။

ဒုရဲအုပ် အောင်ကျော်ခန့်သည် ကိုထွန်းလင်းကျော်အား ဖမ်းဆီး မခေါ်ဆောင်မှီ အိပ်ခန်း တခုထဲသို့ အတင်း ဆွဲခေါ်ကာ ရှာဖွေရေး ပုံစံတွင် အကျပ်ကိုင် လက်မှတ် ရေးထိုးခိုင်းခဲ့သည်ဟုလည်း သိရသည်။

သူတို့အား ဖမ်းဆီးစဉ်က မောင်တောမြို့ အမှတ် ၄ ရပ်ကွက် ရယက ဥက္ကဌ ဦးညိုထွန်းနှင့် မြို့မ ကညင်တန်း ရွာနေ အဘူဆီးဒီးတို့ကို ရဲက အသိသက်သေ အဖြစ် ခေါ်ယူလာခဲ့သည်ဟု သိရသည်။

ရဲတပ်ဖွဲ့မှ မသန်းသန်းအေး(ခ) မချောစုအား တရားမဝင် လက်ကိုင်ဖုန်းလယ်ဝယ် ထားရှိ မှုနှင့် နှစ်လုံးထီ ဒိုင်ကိုင်မူဖြင့် တရားစွဲဆိုခဲ့ပြီး ကိုထွန်းလင်းအောင်ကို လောင်းကစား အမူဖြင့် တရားစွဲဆိုခဲ့သည်ဟု သိရသည်။

အမူကို စစ်ဆေးစဉ် အသိသက်သေများ ဖြစ်ကြသော မောင်တော အမှတ် ၄ ရပ်ကွက် ရယက ဥက္ကဌ ဦးညိုထွန်းနှင့် မြို့မ ကညင်တန်းရွာနေ အဘူ ဆီးဒီးတို့က အခင်း ဖြစ်ပွားသည့်နေ့က မောင်ထွန်းလင်း ကျော်မှာ အိမ်ရှေ့ခန်းတွင် ဗွီဒီယို ကြည့်နေပြီး သူ့ထံမှ တစုံတရာ ဖမ်းဆီး ရရှိခြင်း မရှိကြောင်း ထွက်ဆိုခဲ့သည်ဟု သိရ သည်။

သို့သော်လည်း မြို့နယ် တရားသူကြီး ဦးတင်စိုးသည် အမူကို စီရင်ချက် ချသည့် ဇွန်လ ၁၀ ရက်နေ့က အမူတွင် အဓိက တရားခံ တဦးဖြစ်သည့် မချောစုကို တရားသေ လွှတ်ပေးလိုက်ပြီး မတရားစွပ်စွဲခံရသူ မောင်ထွန်းလင်းကျော်ကိုမူ အလုပ်ကြမ်းနှင့် ထောင်ဒဏ် တစ်နှစ် ချမှတ် လိုက်သည်ဟု သိရသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး နိရဥ္စရာမှ ကိုထွန်းလင်းကျော် သူငယ်ချင်း တဦးအား မေးမြန်းရာ သူက “ ကိုထွန်းလင်းကျော်က ဆင်းရဲတော့ ငွေမပေးနိုင်ဘူး။ ဒါကြောင့် ဦးတင်စိုးက ချမ်းသာပြီးငွေပေးနိုင်တဲ့ သူတွေ အစား သူ့ကို ထောင်ချလိုက်တာပေ့ါဗျာ။ ဘာမှ မဆိုင်တဲ့ လူငယ်ယောက်ကို ဒီလို မတရား လုပ်တာဟာ ထွန်းလင်းကျော် ဘဝကို တမင်ဖျက် စီးလိုက်တာဖြစ်တယ်လို့ ကျွန်တော်တို့ ပြောချင်ပါတယ်” ဟု ပြောသည်။

မြို့နယ် တရားသူကြီး ဦးတင်စိုးသည် မချောစု မိသားစုထံမှ သူမအား တရားသေ လွှတ်ပေးရန် ကျပ် သိန်း ၅၀ လာဒ်ယူခဲ့သည်ဟု သိရသည်။

ယခုကဲ့သို့ တရားသူကြီး ဦတင်စိုးမှ လာဒ်ငွေ ယူပြီး အမူနှင့် မသက်ဆိုင်သူ လူငယ် တဦးကို ထောင်ချလိုက် သဖြင့် မောင်တော ဒေသခံများ အကြား အထူးမကျေနပ်မူများ ဖြစ်ပေါ်နေကြောင်း သတင်း ရရှိသည်။

 

 

 

 

 

Most read this week