ကျောက်တော် ရတပ ပါတီ ရုံးဖွင့်ပွဲ လူပေါင်း ၃၀၀ ကျော်တက်ရောက်

ကျောက်တော် ရတပ ပါတီ ရုံးဖွင့်ပွဲ လူပေါင်း ၃၀၀ ကျော်တက်ရောက်

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ (ရတပ)၏ ကျောက်တော် မြို့နယ်ရုံးဖွင့်ပွဲကို ယနေ့ (ကြာသပတေးနေ့) တွင် ကျင်းပရာ လူပေါင်း ၃၀၀ ကျော်တက်ရောက်....

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ (ရတပ)၏ ကျောက်တော် မြို့နယ်ရုံးဖွင့်ပွဲကို ယနေ့ (ကြာသပတေးနေ့) တွင် ကျင်းပရာ လူပေါင်း ၃၀၀ ကျော်တက်ရောက်ခဲ့ပြီး အကူအညီ ပါတီရံပုံငွေ ကျပ် ၉ သိန်း ရရှိခဲ့သည်ဟု သတင်း ရရှိသည်။

အဆိုပါ ရုံးဖွင့်ပွဲနှင့် ပတ်သက်ပြီး နိရဥ္စရာက ဆက်သွယ်မေးမြန်းရာ ပါတီ ဥက္ကဌ ဦးအေးမောင်က "အခမ်းအနား ဖွင့်ပွဲကို လူပေါင်း ၃၀၀ ကျော် တက်ရောက် ခဲ့ပါတယ်။ ခုနလေးတင်ဘဲ အခမ်းအနား ဖွင့်ပွဲက ပီးသွားပါတယ်။ တော်တော့ကို စည်စည်ကားကား ဖြစ်ပါတယ်။ ပါတီရံပုံငွေ ၉ သိန်းထိ အလှူ ထည့်ဝင် ခဲ့ကြပါတယ်" ဟု ပြောသည်။

ပါတီရုံးဖွင့်ပွဲအား ရခိုင်စည်တော် ၉ လုံးကို တီးခတ်ကာ ဖွင့်လှစ်ခဲ့ကြပြီး ဓညဝတီ ကိုလှသိန်းက ရတပ အတွက် သီကုံးထားသော ရတုကိုပိုဒ်စုံကို ဖတ်ကြား သီဆိုခဲ့သည်ဟုသိရသည်။

" ပါတီရုံးဖွင့်ပွဲမှာ ပါင်္တ အလံ၊ ပြည်နယ် အလံနဲ့ နိုင်ငံတော် အလံကို လွှင့်တင်ခဲ့ကြပါတယ်။ ပါတီ နာယကတွေနဲ့ ပါတီ အထွေထွေ အတွင်းရေးမှူးတို့က ဖွင့်ပွဲမှာ မိန်းခွန်တွေ ပြောကြား ခဲ့ကြပါတယ်။ ဒါ့အပြင် တက်ရောက် လာတဲ့ သူတွေကလည်း မေးခွန်းတွေ မေးခဲ့ကြပါတယ်။ အဓိကတော့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံနဲ့ ပတ်သက်ပြီး မေးမြန်းကြတာပါဘဲ။ ပါတီခေါင်းဆောင်တွေက ဒိုင်ခံ ဖြေရှင်းခဲ့တဲ့ အတွက် အားလုံးလိုလိုက ကျေနပ် လက်ခံ သွားကြပုံ ရပါတယ်" ဟု သူက ပြောသည်။

ကျောက်တော်မြို့နယ် ပါတီရုံးအား စျေးအနီးတွင် ဖွင့်လှစ်ခဲ့ပြီး အဖွဲ့ဝင် ၂၀ ဦးပါ ကျောက်တော် မြို့နယ် ကော်မီတီ ကိုလည်း ဖွဲ့စည်းနိုင်ခဲ့ကြောင်း ဥက္ကဌ ဦးအေးမောင်က ပြောသည်။

" မြို့နယ် ကော်မီတီကို အဖွဲ့ဝင် ၂၀ နဲ့ ဖွဲ့ပါတယ်။ အင်တိုက်အားတိုက် ဖွဲ့စည်းနိုင်ခဲ့ပါတယ်။ အခု ကျောက်တော် မြို့နယ်ရုံးက ကျွန်တော်တို့ ရခိုင်ပြည်နယ် အတွင်းမှာ ဖွင့်လှစ်နိုင်ခဲ့တဲ့ ၁၁ ခုမြှောက် မြို့နယ် ရုံးဖြစ်ပါတယ်။ မြို့နယ် ၆ ခုမှ အပ ကျန်မြို့နယ်တွေမှာ မြို့နယ် ရုံးတွေကို ဖွင့်လှစ်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။"

မြို့နယ်ရုံး မဖွင့်လှစ်နိုင်သေးသော မြို့နယ်များမှာ မောင်တော၊ အမ်း၊ မာန်အောင်၊ တောင်ကုတ်၊ သံတွဲနှင့် ဂွတို့ ဖြစ်သည်။
RNDP-photo
" ကျွန်တော်တို့ရဲ့ လက်ရှိ အခက်အခဲကတော့ ဘဏ္ဍာရေး ဖြစ်ပါတယ်။ ခုလောလောဆယ်တော့ ပါတီ မူဝါဒကို လက်ခံ ယုံကြည်သူတွေက ထည့်ဝင်ငွေနဲ့ဘဲ လည်ပတ်နေပါတယ်။ အခုအခါမှာတော့ ပါတီတွင်းက တတ်နိုင်တဲ့ သူတွေရဲ့စာရင်းကို ကောက်ယူနေပါတယ်။ ကျပ် ၅၀၀၀၀ ကနေ တစ်သိန်းထိ ရံပုံငွေ ကောက်ခံသွားဖို့လည်း အစီစဉ် တရပ် ချမှတ်ထားပါတယ"ဟု သူက ဆက်ပြောသည်။

ကျောက်တော်မြို့နယ် ရုံးဖွင့်ပွဲသို့ စစ်ထောက်လှမ်းရေးများနှင့် ရဲထောက်လှမ်းရေးများ လာရောက် ခဲ့ကြသော်လည်း တစုံတရာ အနှောင့်ယှက်များ ပေးခြင်း မရှိကြောင်း သိရသည်။

အခမ်းအနားတွင် ပါတီ ပေါ်လစီများနှင့် ရှေ့လုပ်ငန်းစဉ်များကို ရေသားထားသော စာစောင်များနှင့် စာရွက် စာတန်းများကိုလည်း ဖြန့်ဝေခဲ့ကြသည်ဟု သတင်းများ ရရှိသည်။

 

 

 

 

 

 

 

Most read this week