ဇွန်လ ၁၈ ရက်နဲ့ ၁၉ ရက်နေ့တွေတုန်းက လွိုင်ကော်နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာ တက္ကသိုလ်နဲ့ လွိုင်ကော် တက္ကသိုလ်က ကျောင်းသူ ကျောင်းသား အယောက် ၈ဝ....
ဇွန်လ ၁၈ ရက်နဲ့ ၁၉ ရက်နေ့တွေတုန်းက လွိုင်ကော်နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာ တက္ကသိုလ်နဲ့ လွိုင်ကော် တက္ကသိုလ်က ကျောင်းသူ ကျောင်းသား အယောက် ၈ဝ လောက်ဟာ ဒီမောဆိုမြို့နယ် ဆိုဘောသဲရွာက ရေဝိုင်းတောင်မှာ စုစုပေါင်း ဧက အစိတ်လောက်ရှိတဲ့ ကျွန်းပင်၊ သရက်ပင်၊ မယ်ဇလီပင် နဲ ့ယမနေပင်တွေ စိုက်ပျိုးနေကြပါတယ်။
ပြုန်းတီးသွားတဲ့ သစ်တွေကို ပြန်လည်အစားထိုး စိုက်ပျိုးတဲ့အနေနဲ့ နအဖစစ်အစိုးရက လွိုင်ကော်နဲ့ ့ဒီမောဆို မြို့နယ်မှာ တအိမ်ကို ကျွန်းသုံးပင်စီ မစိုက်မနေရ စိုက်ပျိုးဖို့့ နှိုးဆော်နေတာပါ။ အပင်ပေါက် အတွက် ရပ်ကွက် လူကြီး ထောက်ခံစာနဲ့ သစ်တောရုံးမှာ သွားထုတ်ရပါတယ်။ လွိုင်ကော်မှာ လူဦးရေက တသိန်းခွဲလောက်ရှိပြီး ဒီမောဆိုဆိုရင် ၆၆,ဝဝဝ ရှိပါတယ်။
သစ်ထုတ်လုပ်ရေးနဲ့ ပတ်သက်ပြီး ရရှိလာတဲ့ အကျိုးအမြတ်တွေကို ကရင်နီပြည်သူတွေ အတွက် အကျိုးအမြတ် ရှိတယ်လို့ ရှာပြီး ပြောရမှာတောင် ခက်တယ် သစ်ပင်ကြီးတွေနဲ့ စိမ်းလန်းစိုပြေခဲ့ဖူးတဲ့ ကရင်နီပြည်က တောတောင်တွေဟာ အခုချိန်မှာ သွားလည်မယ်ဆိုရင် ပူလောင်ခြောက်သွေ့တဲ့ တောင်ကတုံးတွေကိုပဲ မြင်တွေ့ကြရမှာပါ။
“၁၉၉၄ခုနှစ်က လွိုင်ကော်နဲ့ ဒီမောဆိုဘက်မှာ သစ်တောတွေ ကျန်သလောက် ရှိပါသေးတယ်။ အဲ့ဒီအချိန်တုံးက လမ်းနဘေးတွေမှာ ကျွန်းပင်တွေ မရှိသလောက် နည်းလာတယ်ဆိုပေမဲ့ သစ်ပင်ငယ်တွေနဲ့ စိမ်းလန်း နေပါသေးတယ်။ အခုဆို သစ်ပင်ငယ်ကအစ ဘာမှမရှိတော့ဘူး”လို့ ကရင်နီဖွံ့ဖြိုးရေး သုတေသနအစုအဖွဲ့့ွဲ့ KDRGမှ တာဝန်ခံ တော်ရယ်ပိုးက ပြောပါတယ်။
အခုလို တောင်ကတုံး ဖြစ်သွားခြင်းဟာ သစ်ခုတ်ခြင်း၊ ထင်းရုှုးဆီထုတ်ခြင်း၊ ပင်စည်လိုက် လှဲပစ်ပြီး သစ်ခွပန်း ရှာခြင်း၊ ရွှေ့ပြောင်းတောင်ယာ လုပ်ခြင်း၊ အပင်တွေကို ပင်ရင်းအထိခုတ်ခြင်းနဲ့ ပေမပြည့်တဲ့ အပင်တွေကိုလည်း ခုတ်ယူခြင်းတို့ကြောင့် ဖြစ်ပါတယ်။
ရွာသူရွာသားတွေ သစ်မခုတ်ရ ဆိုတဲ့အမိန့်ကို သစ်တောက တင်းတင်းကြပ်ကြပ် ပိတ်ပင်ထားလို့ ရွာသားတွေက သစ်တိုလေးတချောင်း ခုတ်ခွင့်မရတဲ့ အချိန်မှာ ထူးလို သစ်ကုမ္ပဏီကြီးတွေရဲ့ သစ်အပြည့်တင်ထားတဲ့ ဆယ်ဘီး ကားတွေက ကရင်နီပြည်ကို ဥဒဟို ဖြတ်သန်းသွားလာနေကြတယ်။
ပြုန်းတီးသွားတဲ့သစ်တွေ အစားထိုး ပြန်လည်စိုက်ပျိုးတယ် ဆိုပေမယ့်လည်း တဖက်မှာက ထူးကုမ္ပဏီ၊ ကယားဖူး သစ်ထုတ်လုပ်ရေး ကုမ္ပဏီ၊ မြန်မာ့ သစ်ထုတ်လုပ်ရေးနဲ့ စစ်အစိုးရနဲ့ အပစ်ခတ်ရပ်စဲရေး ယူထားတဲ့ အဖွဲ့တွေက သစ်ခုတ်တာတွေကို လျှော့မသွားပါဘူး။
ကယားဖူးသစ် ကုမ္ပဏီကို ဦးကျော်စိန်(ရှိန်) ပိုင်တာဖြစ်ပြီး ထူးလိုပဲ ဘောလခဲနဲ့ ဖာဆောင်းဘက်မှာ သစ်ထုတ်ခွင့် ရထားတာပါ။
သစ်ထုတ်လုပ်ရေးနဲ့ ပတ်သက်ပြီး ထွက်လာတဲ့ အကျိုးအမြတ်တွေကို ပြည်သူတွေအနေနဲ့ ဘယ်လောက် ခံစားပိုင်ခွင့် ရှိလဲဆိုတာကိုတော့ အမြဲစိမ်းလန်းသော Karenni Evergreen အဖွဲ့က ဒါရိုက်တာ ဆရာညေးရယ်က “လူထုကတော့ သစ်ဖြတ်ခလား သစ်ဆွဲခလား အလုပ်သမား သဘောလောက်ပဲ ရမှာပေါ့ ”လို ့ပြောပါတယ်။
သစ်ထုတ်လုပ်ရေးနဲ့ ပတ်သက်ပြီး ရရှိလာတဲ့အကျိုးအမြတ်တွေကို ကရင်နီပြည်သူတွေအတွက် အကျိုးအမြတ်ရှိတယ်လို့ ရှာပြီးပြောရမှာတောင် ခက်တယ်လို့ KDRGက တော်ရယ်ပိုးကလည်း ဆိုပါတယ်။
ကုမ္ပဏီတွေ၊ အပစ်ခတ်ရပ်စဲရေး ယူတဲ့အဖွဲ့တွေဟာ သစ်တွေကို တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံနဲ့ အင်ဒိုနီးရှား နိုင်ငံတွေကို တင်ပို့ရောင်းချကြပြီး ရရှိလာတဲ့ အကျိုးအမြတ်တွေကို မိမိတို့ရဲ့ အကျိုးစီးပွား သို့မဟုတ် မိမိတို့ရဲ့အဖွဲ့အစည်းတွေ ရပ်တည်ရေးအတွက်သာ အသုံးပြုကြတယ်လိ့ု Evergreen အဖွဲ့ကဆိုပါတယ်။
တနှစ်ပတ်လုံးဒီဒေသမှာ သစ်ထုတ်လုပ်မှုကို ခန့်မှန်းရခက်ပေမယ့် ၂ဝဝ၉ ခုနှစ်အတွင်းမှာတော့ ဖာဆောင်းခွင် တခုထဲက တန်ချိန် ၅ဝဝ ထုတ်လုပ်ခဲ့ပါတယ်။ ဒီနှစ်မှာ နှစ်ဆတိုးထုတ်ဖို့ ခန့်မှန်းထားတယ်လို့ သစ်တောဝန်ထမ်း တဦးက ပြောပါတယ်။
ဒေသမှာ ကျွန်းသစ်ခွဲသား တတန်ကို ကျပ်ငါးသိန်းပေါက်ပြီး လုံးတန်ဆို သုံးသိန်း ပေါက်ပါတယ်။ သစ်ခွင်မှာ အလုပ်လုပ်တဲ့ ဒေသခံတွေကတော့ တရက်ကို ဘတ် ၁၅ဝ (၄၅ဝဝ) ကျပ် ရပါတယ်။
ဖြုန်းတီးလိုက်တဲ့ သစ်တွေအစား နှစ်ရှည်ပင်တွေ ပြန်လည် စိုက်ကြပေမယ့်လဲ သစ်ထုတ်လုပ်ရေးကို လျှော့ချဖို့နဲ့ သတ်မှတ်ထားတဲ့ သစ်တွေရဲ့ စံချိန်စံနှုန်းအတိုင်း လိုက်နာဆောင်ရွက်ဖို့လိုကြောင်း ကရင်နီပြည် သစ်တောရေးရာ ဆိုင်ရာ လေ့လာသူတဦးက ထောက်ပြပါတယ်။
မြန်မာ စစ်တပ်တွေ ရေဆင်းချိုးတယ်ဆိုတာ တခါမှ မတွေ့ဖူးဘူး။ တပ်ထဲမှာဘဲ ချိုးတယ်လေ။ ကျနော်တို့ အတွက်တော့ တခါတလေ ဆို စားဖို့တောင်မရှိဘူး
“သစ်တော ဥပဒေတွေမှာတော့ သစ်နုတွေနဲ့ အရွယ်မရောက်သေးတဲ့ သစ်တွေကို ခုတ်ခွင့်မရပါဘူး။ ကျနော်တို့ တိုင်းပြည်မှာက ဥပဒေမှ မအုပ်စိုးတာလေ။ သစ်တော ကာကွယ်ခွင့်ဆိုတာ ဘယ်လို အခြေအနေလဲလို့တောင် ပြောလို့ရနိုင်ပါတယ်။ အမှန်တကယ်တော့ ဒီသစ်နုတွေခုတ်တာ ဥပဒေနဲ့ တင်းကျပ်စွာ ကာကွယ််ဖို ့လိုပါတယ်”
သစ်ထုတ်လုပ်ငန်းကို လုပ်တဲ့ကုမ္ပဏီတွေဟာ သစ်တွေကို အကွက်လိုက် လက်နက်ကိုင်တဲ့ တပ်ဖွဲ့တွေကနေ ဝယ်ပြီး ၄ ပေခွဲမပြည့်သေးတဲ့ အပင်တွေကိုပါမကျန် ထုတ်ယူနေကြတယ်လို့ ကရင်နီပြည် အမှတ်(၂)ခရိုင်မှာ လုပ်ရှားနေတဲ့ ကရင်နီတပ်မတော် ထောက်လှမ်းရေး အရာရှိတဦးက ပြောပါတယ်။
ကုမ္ပဏီတွေနဲ့ ့ လက်နက်ကိုင်အဖွဲ့တွေက ပေမပြည့်တဲ့ သစ်တွေ ခုတ်တာနဲ့ ပတ်သက်ပြီး KDRG က တော်ရယ်ပိုးက ရေရှည်အတွက် ထည့်စဉ်းစားသင့်ကြောင်း ပြောပါတယ်။
“သူတို့တွေက စီးပွားရေး လုပ်တယ်ဆိုပေမယ့် ရေရှည်အတွက် တဖက်မှာထည့် စဉ်းစားပေးသင့်တယ်။ နောက်ပြီး ငွေတွေရတာပဲ စီးပွားရေးအတွက် သက်သက်လုပ်တာ မဟုတ်ပဲနဲ ့ပြန်လည်အစားထိုး စိုက်ပျိုးဖို့အတွက် ထည့်စဉ်းစားရင် ကောင်းတာပေါ့”
ဒီလိုသစ်တောတွေ ပြုန်းတီးစေခြင်းကြောင့် ရေရှားပါးခြင်း၊ တောရိုင်းတိရိစ္ဆာန်တို့ရဲ့ စားကျက်တွေကို ပျက်စီး စေခြင်းနဲ့ ရာသီဥတု ဖောက်ပြန်ခြင်းစတဲ့ ဆိုးကျိုးတွေကို ဖြစ်ပေါ်စေပါတယ်။
သစ်တွေကို ဝယ်ခုတ်တဲ့သူတွေဟာ တောရိုင်းတိရိစ္ဆာန်တွေကိုပါ ဝင်ပစ်တဲ့အတွက် တောရိုင်းတိစ္ဆာန်တွေ ရှားပါးကုန်တယ်လို့လဲ Evergreenအဖွဲ့က ဒါရိုက်တာ ဆရာညေးရယ်က ပြောပါတယ်။
ရာသီဥတုတွေ ဖောက်ပြန်ခြင်းကြောင့် ကရင်နီပြည်မှာ ရေရှားပါးတဲ့ ပြဿနာကိုလည်း ရင်ဆိုင်လာကြရပြီး ဒီနှစ်ဆိုရင် လယ်သမားတွေ စပါးမစိုက်နိုင်ဘဲ စိတ်ပျက်လက်ပျက် ဖြစ်နေကြရပါတယ်။
မိုးရာသီ ရောက်နေပြီဖြစ်ပေမယ့် ကရင်နီပြည်မှာ မိုးရွာသွင်းမှု နည်းပါးပြီး တောင်သူတွေအနေနဲ့ စိုက်ပျိုးထားတဲ့ ပျိုးပင်များကို ရေမပေးနိုင်တဲ့အပြင် သောက်သုံးစရာရေပါ လုံလောက်မှုမရှိတဲ့ အခက်အခဲများ ကြံုတွေ့နေရတယ်။
ထိုကြားထဲက နောက်ထပ်ပြဿနာတခု ထပ်ပေါ်လာတာက ကျေးရွာအနီးအနားမှာ အခြေစိုက်နေတဲ့ မြန်မာစစ်တပ် တွေက စခန်းအတွက် ရေမပို့မနေရ အမိန့်ထုတ်ထားတာပါပဲ။
ကရင်နီပြည် ဖရူဆိုမြို့နယ်အတွင်းက ရွာသားတွေဟာ ရွာအနီး အခြေစိုက်ထားသော စစ်တပ်စခန်းအား နေ့စဉ်နေ့တိုင်း ရေထမ်းပို့ပေးနေရတယ်။ စစ်တပ်အတွက် သောက်သုံးရေအပြင် ချိုးရေကိုပါ ခပ်ပို့ပေး နေရတယ်လို့ ရွာသားများက ပြောတယ်။ တပ်စခန်းတခုဆီ တရက်ကို ဝါးမောက်ဗူး (တစ်ဂါလံရှိသောရေဗူး) ၄၅ဗူး အချိန်မှန် ပို့ပေးနေရပြီး မပို့ပေးပါက ဒဏ်ငွေသော်လည်းကောင်း၊ အိမ်မွေးတိရိစ္ဆာန်များကိုသော် လည်းကောင်း ပေးဆောင်ရတယ် ဆိုတယ်။
“မြန်မာ စစ်တပ်တွေ ရေဆင်းချိုးတယ်ဆိုတာ တခါမှမတွေ့ဖူးဘူး။ တပ်ထဲမှာဘဲ ချိုးတယ်လေ။ ကျနော်တို့ အတွက်တော့ တခါတလေဆို စားဖို့တောင်မရှိဘူး”ဟု တပ်စခန်းများအတွက် အမြဲလိုလို ရေထမ်းပို့ပေးနေရတဲ့ ဖရူဆိုမြို့နယ်အတွင်းက ရွာသားတဦးက ပြောတယ်။
ဖရူဆိုမြို့နယ် ဖူးကရားခူရွာနားမှာ စစ်အစိုးရတပ်ရင်း ၅၁၃က တပ်သားအင်အား ၂ဝနဲ့ အခြေစိုက်ထားပါတယ်။
ကရင်နီပြည် သံလွင်မြစ် အနောက်ဘက်ခြမ်းမှာ ယခင်က မိုးခေါင်ရေရှားပါးမှု မဖြစ်ခဲ့ဖူးသော်လဲ ယခု ၂ဝ၁ဝ ပြည့်နှစ်ဟာ ရေရှားပါးဆုံး နှစ်ဖြစ်ခဲ့ပြီး လာမည့်လတွေမှာလဲ မိုးမရွာရင် ပိုဒုက္ခရောက်နိုင်တယ်လို့ ရွာသားတွေက ပူပန်နေကြပါတယ်။
“ရေထွက်ပေါက်နဲ့ ကျနော်တို့ ရွာက တနာရီလောက် လမ်းလျှောက်ရပါတယ်။ ပြီးတော့ ရေကိုရဖို့ အကြာကြီး ထပ်စောင့်နေရတော့ အချိန်အရမ်းကုန်တယ်၊ တောင်ယာ အလုပ်တွေပါ ပျက်တယ်။ အခုချိန်ထိ မိုးမရွာသေးဘူး၊ ရွာမှာ ဘယ်လိုလာမလဲ မသိသေးဘူး။ အခုအချိန်က ထွန်ယက် စိုက်ပျိုးရမယ့် အချိန်ပါ၊ ဒါပေမယ့် မိုးမရွာတော့ ဘာမှလုပ်လို့မရဘူး” လို့ ဖူးကရားခူရွာက လယ်သမားတဦးက ပြောတယ်။
ဖရူဆိုမြို့နယ် ဒေါသမကြီးရွာက ရွာသားတယောက်ကလည်း “ ဒီနှစ် ကျနော်တို့ရွာရဲ့ ရေထွက်ပေါက်က အရမ်းကို ထွက်နည်းသွားတယ်။ တနာရီလောက် ထိုင်စောင့်မှသာ ဝါးဗူး တစ်လုံးဘဲပြည့်တယ်လေ။ တချို့ဆိုရင် ဖရူဆို အထိ ထိုလာဂျီစက်နဲ့ သွားသယ်ပြီး ဂါလံပုံး တလုံးနဲ့ဆိုရင် ၂၅ဝ နဲ့ ပြန်ရောင်းရတာလဲရှိတယ်” လို့ ပြောပါတယ်။
ကရင်နီပြည်ရဲ့သစ်တောဧရိယာဟာ အရင် ရှိရင်းစွဲရဲ့ ၂ဝ ရာခိုင်နှုန်းလောက်ပဲ ကျန်တော့မယ်
ယခုနှစ် ကရင်နီပြည်တွင်း ဒေသအတော်များများမှာ ရေရှားပါးသည့် ပြဿနာနဲ့ ရင်ဆိုင်နေရပြီး ရွာအနီးအနားမှာ အခြေစိုက်နေတဲ့ စစ်တပ်စခန်းတွေကိုပါ ရေပုံမှန် မထမ်းပို့ပေးနိုင်ရင် လူ့အခွင့်အရေး ချိုးဖေါက်သည့် ပြဿနာတွေ ပေါ်ပေါက်လာမှာကိုလဲ ရွာသားတွေက စိုးရိမ်နေကြတယ်လို့ ဆိုပါတယ်။
စစ်အစိုးရဲ့ အနိုင်ကျင့်ခံနေရတဲ့ ပြည်သူတွေမှာ ရာသီဥတု ဖောက်ပြန်မိုးမရွာလို့ ဝမ်းစာအတွက် စိုက်တဲ့ ပျိုးပင်တွေပါ ပျက်စီးကြရရှာပါတယ်။
“လုပ်ကိုင်ဖို့ အဆင်မပြေဘူး၊ ပြီးတော့ မိုးလဲမရွာဘူး။ ၄၊၅လပိုင်းက အရင်စိုက်ထားတဲ့အပင်တွေ နေတအားပူလိ့ု ့ အကုန်ပြန်သေတယ် ” လို ့ဒီမောဆိုမြို့နယ်က ဒေသခံတဦးက ပြောပါတယ်။
ယခုလက်ရှိ ကရင်နီပြည်ရဲ့သစ်တောဧရိယာဟာ အရင်ရှိရင်းစွဲရဲ့ ၂ဝ ရာခိုင်နှုန်းလောက်ပဲ ကျန်တော့မယ်လို့ အမြဲစိမ်းလန်းသောအဖွဲ့က ခန့်မှန်းထားပါတယ်။
ဒီမောဆိုမြို့နယ်မှာ ကျောင်းသားလူငယ်တစု အခုမှစိုက်လိုက်တဲ့ သစ်ပင်ငယ်လေးတွေဟာ အပင်ကြီးတွေဖြစ်ဖို့ နှစ်ပေါင်းရာနဲ့ချီ စောင့်ရမယ် ဆိုပေမယ့် ကရင်နီပြည်မှာ စည်းစနစ်မဲ့ သစ်ထုတ်မှုတွေ မရှိတော့ဘူးဆိုရင် ကျောင်းသားတွေစိုက်ကြတဲ့ အပင်တွေဟာ ခြောက်သွေ့နေတဲ့ ကရင်နီပြည်ကို ဒီထက်ပိုပြီး စိမ်းလန်းစေမှာဘဲ။