(စာရေးမယ့် လူငယ်များသို့၊ ကျွန်တော့်စာတန်း ကျွန်တော့်အဟမ်းများ၊ မန္တလေး ကြီးပွားရေး၊ ၁၉၈၃ ထုတ်မှ ကောက်နုတ်ဖော်ပြ.....
(စာရေးမယ့် လူငယ်များသို့၊ ကျွန်တော့်စာတန်း ကျွန်တော့်အဟမ်းများ၊ မန္တလေး ကြီးပွားရေး၊ ၁၉၈၃ ထုတ်မှ ကောက်နုတ်ဖော်ပြသည်။)
…. စာရေးဆရာလုပ်မယ့် လူငယ်တယောက်အဖို့ သတင်းစာမှာရေးတဲ့သားတဲ့ အလေ့အကျင့် ရမှုဟာလဲ အင်မတန် အဖိုးတန်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သတင်းစာရေးနည်းက ပေးလိုက်တဲ့ စာရေးတဲ့ အတတ် ပညာကို တခြားကျောင်းများက သင်မပေးနိုင်လို့ပါ။
သတင်းစာမှာ သူဘာရေးချင်တာ ပါလိမ့် ဆိုပြီး စဉ်းစား ရှာဖွေနေရတဲ့ စာမျိုးတွေပါနေလို့ မဖြစ်ဘူး။ ပါယင်လဲ ညံ့တာပဲ။ လူတွေမှာ အချိန်မရှိဘူး။ သတင်းစာမှာ ရေးရတဲ့ အရေးအသားက (၁) တိုတိုတုတ်တုတ် ကျစ်ကျစ် လျစ်လျစ် ရှိရမယ်။ (၂) ရှင်းရှင်းလင်းလင်း ရှိရမယ်။ (၃) တိတိကျကျ ဖြစ်ရမယ်။ ဒီလိုရေးမှ သတင်းစာကောင်းရဲ့ အရေးအသား စည်းဝိုင်းထဲကို ဝင်နိုင်ပါတယ်။ ဒီလိုရေးတတ်ဖို့ စာရေးဆရာအတွက် အင်မတန်လိုပါတယ်။
တချို့ ဝတ္ထုရေးဆရာများ ရေးကြတဲ့အထဲမှာ စာတွေဖေါင်းပွပြီး ဘာကိုရေးနေမှန်းမသိတဲ့ အရေးအသားမျိုးတွေ ပါနေကြပါတယ်။ ဥပမာ မိန်းကလေးတယောက် မနက်စောစော နှင်းတွေဝေနေတဲ့အချိန် လမ်းလျှောက် ထွက်လာခဲ့တယ်ဆိုတဲ့ အကြောင်းကလေး ရေးချင်တာကို နှင်းရော မနက်ခင်းရော ဖွဲ့နေလိုက်တာ စာမျက်နှာ သုံးမျက်နှာနဲ့လဲမပြီးသေးဘူး။ သုံးထားလိုက်တဲ့ စကားလုံးတွေကလဲ မလိုတာရော လိုတာရော ရောထွေးလွန်း အားကြီးတယ်။ သူရေးချင်တာ ဘာပါလိမ့်မလဲလို့ စာအမြှပ်တွေကို ဖယ်ဖယ်ပြီး ရှာကြည့်ပေမယ့်လဲ တော်တော်နဲ့ မတွေ့ရဘူး။ စိတ်ပင်ပန်းလူပင်ပန်း အင်မတန်ဖြစ်ရတယ်။ စာရေးတဲ့အတတ်ဟာ စာဖတ်သူကို အနှစ်မရောက်ခင် အကာတွေကို အကြာကြီး ဖယ်နေရတဲ့ အာဟာရမျိုး ကျွေးတာလို မဖြစ်သင့်ဘူး။ လွယ်လွယ်ကူကူနဲ့ ထင်းကနဲ ရှင်းကနဲ သိစေမြင်စေသင့်တယ်။
သတင်းစာမှာ အဲဒီလို သူဘာရေးချင်တာပါလိမ့်ဆိုပြီး စဉ်းစားရှာဖွေနေရတဲ့ စာမျိုးတွေပါနေလို့ မဖြစ်ဘူး။ ပါယင်လဲ ညံ့တာပဲ။ လူတွေမှာ အချိန်မရှိဘူး။ ဒီဟာ ဘာသတင်းဆိုတာ မမြင်မှာ မသိမှာစိုးလို့ စာလုံး ကြီးကြီးနဲ့တောင် ဖေါ်ပြကြရသေးတယ် မဟုတ်လား။ သတင်းစာရေးနည်းကောင်းဟာ အကာမပါပဲ အနှစ် သက်သက် ထုတ်ရေးနည်းပါ။ စာရေးဆရာလုပ်ချင်တဲ့ လူငယ်များအဖို့ အခြေခံအနေနဲ့ ဒီအလေ့အကျင့်မျိုး လိုပါတယ်။
သတင်းစာမှာ စကားလုံးတွေ ပွပြီး ဝေ့လယ်လယ်ရေးလို့မရဘူး။ လိုတာထက် တလုံးပိုရေးယင် စာတလုံးအတွက် နေရာကုန်တယ်။ စာဖတ်တဲ့သူရဲ့ အသိအမြင်ကိုလဲ အဲဒီစာတလုံးနဲ့ ဖုံးစေတယ်။ စဉ်းစားနေရတဲ့အတွက် အချိန် ကုန်စေတယ်။
ကျွန်တော်တို့ ရေးတဲ့စာဟာ စိတ်ကူးယဉ်အားတဲ့ ကျောင်းနေနိုင်တဲ့ အပျိုပေါက် လူပျိုပေါက်ကလေးများ အတွက်ချည်း မဟုတ်ပါဘူး။ စာမဖတ်နိုင်သေးတဲ့ လူများစုကြီးအတွက် အဓိကထား ရည်စူးပြီး ရေးရမှာ ဖြစ်ပါတယ်။
စာမှာ စကားလုံးတိကျမှုဟာ စာရေးပုံရေးနည်းအတွက်နဲ့ စာအရသာအတွက်သာ လိုတာမဟုတ်ဘူး။ စာ အဓိပ္ပာယ် အတွက်လဲ သိပ်လိုပါတယ်။ စကားလုံးတွေ ပွပွယောင်းယောင်းနဲ့ လျှောက််ရေးနေယင် အားလုံး ဘိုသီဘတ်သီ ဖြစ်ကုန်တာပဲ။ ပြီးတော့ ရေးထားတဲ့ စကားလုံးတွေများနေတော့ အလုံးတိုင်းက အားမရှိ နိုင်တော့ဘူး။ အားမပါတဲ့စာဟာ အတွေးမှာလည်း လေးနက်မှု ရော့တတ်တယ်။
အဲဒီစာမှာရေးတဲ့လူ ကိုယ်နှိုက်က ရေးစရာအချက်အလက်တွေ ပြည့်ပြည့်စုံစုံ ထားရှိဖို့၊ ရှင်းရှင်းလင်းလင်း စဉ်းစား တွေးခေါ်ထားတာများ ရှိဖို့လိုတယ်။ နောက်တခု ကျနော် ပြောချင်တာက စာရေးချင်တဲ့ လူတယောက်ဟာ ရေးချင်စရာရှိမှ ရေးကောင်းတယ်၊ ဒီအကြောင်းအရာကို ငါရေးပြချင်လိုက်တာ၊ ရေးပြောချင်လိုက်တာ၊ သူများတွေ သိစေချင်လိုက်တာဆိုတာမျိုး ကိုယ့်စိတ်ထဲမှာ ထက်ထက်သန်သန် ရှိရပါမယ်၊ ရေးစရာတွေ ရှိနေရပါမယ်။ တကယ်ပြောချင်တာ သိစေချင်တာ ပြောစရာ ရေးစရာ အကြောင်းအရာလဲ ရှိတာမဟုတ်ပဲနဲ့ ဖျစ်ညှစ်ပြီးရေးရော။ ကိုယ့်မှာ တိတိကျကျ မရှိတော့ ရှင်းရှင်းလင်းလင်း စိတ်ထဲကနေ ဆွဲထုတ်ယူလာစရာ မရှိဘူး။ မရှိပဲနဲ့ လျှောက်ရေးနေတော့ စာတွေဟာ ဝိုင်းကြီးပတ်ပတ် ဖြစ်ကုန်ရော။ ဒီအထဲက စကားလုံး အဆန်း ထွင်ချင်တာ၊ အဆန်းသုံးပြချင်ရတာ ဆိုတာတွေက ရှိနေတတ်သေးတော့ အဲဒီ စာရေးဆရာရဲ့စာဟာ ဖတ်ရတဲ့ လူတွေ အင်မတန် စိတ်ဆင်းရဲစရာကောင်းတဲ့ စာမျိုးဖြစ်လာတတ်တယ်။
စာဆိုတာ အတွေးမရှင်းပဲနဲ့ အရေးမရှင်းနိုင်ဘူး။ ရေးမယ့်လူရဲ့ ရင်ထဲမှာ ခံစားမှုအပြည့်နဲ့ ရေးချင်တဲ့ ကိစ္စတခု ရှင်းရှင်းလင်းလင်း တိတိကျကျ ရှိနေမှ ရှင်းရှင်းလင်းလင်း ရေးချလို့ရနိုင်တယ်။ အကြောင်းအရာတခု လက်ဆုပ် လက်ကိုင်ရှိပြီးတဲ့အခါမှာ ဒီအကြောင်းအရာကို ဖေါ်ထုတ်တဲ့အခါ အထိုက်အလျောက်လှပအောင် တန်ဆာဆင်ပြီး ရေးတာမျိုးဖြစ်ရမှာပေါ့။ မိုးနှင်းဝေနေတဲ့ တမနက်ခင်းကလေးကို စာ ၃ မျက်နှာရေးတာမျိုးဆိုယင်တော့ ဘယ်မှာ ပြတ်သား ရှင်းလင်းတဲ့ သရုပ်ထင်အောင် ရေးလို့ဖွဲ့လို့ရတော့မှာလဲ။
စာရေးတယ်၊ ဖွဲ့တယ်၊ သီကုံးတယ်လို့ပြောနိုင်ပါတယ်။ ရေးပါ၊ ဖွဲ့ပါ၊ သီကုံးပါ။ ဒါပေမယ့် ရေးသင့်သလောက် သာရေး၊ ဖွဲ့သင့်သလောက်သာဖွဲ့၊ သီသင့်သလောက်သီပါ။ ကျစ်လျစ်သိပ်သည်းဖို့ ရှင်းလင်းတိကျဖို့ကိုတော့ မျက်ခြည် မပြတ်သင့်ပါ။
သတင်းစာဆရာဟာ အောက်ခြေလွတ်လို့ စိတ်ကူးယဉ်လို့ မရဘူး။ သူနေ့တိုင်း တွေ့ထိမြင်နေရတာက လူတွေရဲ့ တကယ့် အဖြစ်အပျက်တွေပဲ။ ကျွန်တော်တို့နိုင်ငံမှာ ဘုန်းကြီးကျောင်းများ ကောင်းမှုကြောင့် ယောက်ျားလေး မှန်ယင် သေစာရှင်စာတော့ သိကြတာပဲဆိုပေမယ့် စာဖတ်ချိန်မရှိလို့ မဖတ်ရတဲ့လူတွေ၊ စာအုပ်ဝယ်ဖတ် လောက်အောင် ပိုက်ဆံ မတတ်နိုင်တဲ့လူတွေက လယ်သမားနဲ့ အလုပ်သမားထဲမှာ အများကြီးရှိနေပါသေးတယ်။ ဒီလူတွေ စာဖတ်လာနိုင်ဖို့၊ ဖတ်ယင်လဲ ရှင်းရှင်းလင်းလင်း နားလည်နိုင်ကြဖို့ လိုပါတယ်။ ကျွန်တော်တို့ ရေးတဲ့စာဟာ စိတ်ကူးယဉ်အားတဲ့ ကျောင်းနေနိုင်တဲ့ အပျိုပေါက် လူပျိုပေါက်ကလေးများအတွက်ချည်း မဟုတ်ပါဘူး။ စာမဖတ်နိုင်သေးတဲ့ လူများစုကြီးအတွက် အဓိကထားရည်စူးပြီး ရေးရမှာဖြစ်ပါတယ်။ ကျွန်တော်တို့ အလုပ်သမား လယ်သမားတွေဟာ အင်မတန်ပင်ပင်ပန်းပန်း အလုပ် လုပ်ပြီး ခေတ္တခဏကလေး အားလပ်တဲ့ အချိန်အတွင်း ရေနံဆီမီးခွက်လို အလင်းရောင်မျိုးနဲ့ ကြိုးစားပြီး ဖတ်ရမှာပါ။ ဒီတော့ တမင်ခက်အောင် ပညာပြတဲ့ စာမျိုးဟာ သူတို့အတွက် မဖြစ်နိုင်ပါဘူး။
ဒါပေမဲ့ ရေးသားမှုမှာ အနုပညာပါရမှာပေါ့။ ပညာတတ်အချင်းချင်း သမားဂုဏ်ပြတဲ့စာ၊ ဝင့်တဲ့စာ၊ ဟန်လုပ်တဲ့စာ၊ ပညာတံခွန်ထူတဲ့စာမျိုးတွေရေးပြီး စာနဲ့ပေနဲ့ အလှမ်းဝေးသေးတဲ့ အလုပ်သမား လယ်သမားတွေကို ဝေးသထက် ဝေးအောင်လဲ မလုပ်ဆောင်သင့်ပါဘူး။
သတင်းစာမှာရေးရတဲ့ အရေးအသားတွေက ကနေ့ လူတွေမှာ ဘာဖြစ်နေသလဲ၊ ဘာပြဿနာတွေနဲ့ ရင်ဆိုင်နေရသလဲ ဆိုတာတွေချည်းမို့ ဘဝနဲ့တသားတည်း ရှိလှပါတယ်။ သတင်းစာဆရာဟာ အောက်ခြေ လွတ်လို့ စိတ်ကူးယဉ်လို့မရဘူး။ သူနေ့တိုင်း တွေ့ထိမြင်နေရတာက လူတွေရဲ့ တကယ့်အဖြစ်အပျက်တွေပဲ။ သတင်းစာကော်လံတွေက အကြောင်းအရာတွေဟာ အဲဒီအချိန်က လူ့ဘဝကို မှန်ထောင်ပြထားတာတွေပဲ များပါတယ်။ အဲဒါကို သတင်းစာသမားက ရှင်းရှင်းလင်းလင်း ဖေါ်ပြနေရတယ်။ ဒီခေတ်ဒီအချိန်ကလူတွေ ဘာဖြစ်နေတယ်၊ ဘယ်လိုတွေးတယ်၊ ဘယ်လိုမြင်တယ်ဆိုတာကို သူက ဆက်စပ်ပြနေရပါတယ်။ ဒါကြောင့် သတင်းစာအရေးအသားဟာ အခြေထားသင့်တဲ့ အရေးအသားပါပဲ။ အဲဒီအရေးအသားမျိုးကို ခွင့်သာ သလောက် ယူပြီး လေ့ကျင့်သင့်ပါတယ်။ ထပ်ပြီးပြောရရင် စာရေးချင်တဲ့ လူငယ် လူရွယ်တွေဟာ ကျစ်ကျစ်လျစ်လျစ်နဲ့ တိတိကျကျ ရှင်းရှင်းလင်းလင်းရေးတဲ့ အရေးအသားမျိုးကို ပထမ စပြီး လေ့ကျင့်ပါလို့ ကျနော် ထပ်မံတိုက်တွန်း ပါရစေ။
စာရေးဆရာလုပ်မယ့် လူငယ်ဟာ သတင်းစာဆရာကောင်း တယောက်လို ရေးတတ်ပြီဆိုပြီး ရပ်နေဖို့လဲ မဟုတ် ပါဘူး။ စာရေးတဲ့ အတတ်ပညာဆိုတာ ကုန်ဆုံးနိုင်တယ်လို့ မရှိတာကို အမြဲသတိပြုရပါမယ်။ စာရေး ကောင်းလှပြီဆိုတဲ့ အဆင့်အတန်းရောက်တဲ့တိုင်အောင် တိုးတက်မှုဟာ ရပ်တယ်လို့ မရှိနိုင်တာမို့ မပြတ် ဆက်ပြီး ကြိုးစားနေရမှာပဲ။….
(၁၉၆၈ မန္တလေး မြို ့တော်ခန်းမ စာဆိုတော်နေ့ စာတန်းဖတ်ပွဲတွင် ဖတ်ကြားသည်။)