မူရင်း ဥပဒေ၊ အထူးဥပဒေ နှင့် နည်းဥပဒေများ တွင် တွေ့ရတတ်သည့် ခြွင်းချက်များကို အဓိက ဆန်းစစ် ကြည့်ရန် လိုအပ်....
မူရင်း ဥပဒေ၊ အထူးဥပဒေ နှင့် နည်းဥပဒေများ တွင် တွေ့ရတတ်သည့် ခြွင်းချက်များကို အဓိက ဆန်းစစ် ကြည့်ရန် လိုအပ်ပါသည်။ ဘာကြောင့် ခြွင်းချက် ထည့်ရသနည်း။ ဘယ်အခါ ထည့်ရသနည်း။ ခြွင်းချက် နှင့် ကင်းလွတ်ရမြဲ အချက် ဘာကွာခြားသနည်း။ မေးခွန်း ရှိလျှင် အဖြေတော့ရှိရပါမည်။
မူရင်း ဥပဒေဖြစ်သည့် ရာဇသတ်ကြီး အခန်း -၄ တွင် ကင်းလွတ်ရမြဲ အချက်များကို ပုဒ်မ-၇၆ မှသည် ပုဒ်မ-၉၅ အထိပြဋ္ဌာန်းထားပါသည်။ ဤကင်းလွတ်ချက်များ၏ အကျိုးကျေးဇူးကို တရားခံအား ခံစားခွင့် ပေးရပါသည်။ ခြွင်းချက်များ မဟုတ်ပေ။ ပေးကို ပေးရမည့် ခံစားခွင့်ကို ဥပဒေအရ သတ် သတ်မှတ်မှတ် ကင်းလွတ်ခွင့် ပေးထား ပါသည်။
ခြွင်းချက်ကို အကာအကွယ်ယူပြီး ဒီမိုကရေစီ ရွေးကောက်ပွဲဆိုင်ရာ မူများကို ချိုးဖောက်၍ မရ
ကျင့်ထုံးဥပဒေများတွင်ကား ကင်းလွတ်ချက်များ။ ခြွင်းချက်များကို မတွေ့ရှိရပေ။ အထူးဥပဒေများ တွင်တခါတရံ ကန့်သတ်ချက်ကို ဖော်ပြရန် အတွက် ခြွင်းချက်များ ထည့်တတ်သည်ကို တွေ့ရပါသည်။ ဥပမာ- ၁၉၆၁ ခုနှစ်၊ ပြစ်မှုကျူးလွန်တတ်သူများ ခြေချုပ်နှင့် ခံဝန် အက်ဥပဒေ ပုဒ်မ ၁၁-တွင် - အထက်တွင်ဆိုခဲ့သည့် အတိုင်း ရာဇဝတ်တရားသူကြီးက တစ်ဦးတစ်ယောက်သောသူ နှင့် စပ်လျဉ်း၍ စုံစမ်းစစ်ဆေးမှု ပြုလုပ်ပြီးနောက် ထိုသူအပေါ်တွင် ခြေချုပ်အမိန့် ချမှတ်သင့်သည်ဟု ယူဆလျှင် ရာဇဝတ်တရားသူကြီးသည် ထိုသို့ ယူဆသည့် အတိုင်း အမိန့်ချမှတ်ရမည်။
ခြွင်းချက်။ ။ သို့ရာတွင်-
(က) ရာဇဝတ်တရားသူကြီးသည် ပုဒ်မ-၁၂ အရ တဦးတယောက်သူအပေါ်တွင် ကောင်းမွန်စွာ ကျင့်ကြံနေထိုင်ရေးအတွက် ခံဝန်ချုပ် ချုပ်ဆိုစေဟူသော အမိန့်ချမှတ်ခဲ့လျှင် ထိုသူအပေါ်တွင် ခြေချုပ်အမိန့် ကိုချမှတ်ခြင်း မပြုစေရဟုပြဋ္ဌာန်းထားသည်ကိုတွေ့ရသည်။
ခံဝန်ချုပ် အမိန့်ချမှတ်လျှင် ဤပုဒ်မ ၁၁ အရ ခြေချုပ်အမိန့် မချမှတ်ရဟု တိတိကျကျ ကန့်သတ်လိုသည့် အခါမျိုးတွင် မရောထွေးစေရန် ခြွင်းချက် ကိုသီးသန့်ပြဋ္ဌာန်းရပါသည်။ ဤသည်မှာ ကင်းလွတ်ချက် လုံးဝမဟုတ်ပါ။ ခြွင်းချက် နှင့် ကင်းလွတ်ချက် ကို ခွဲခြားကြည့်မြင် နိုင်ပါသည်။
ဤသို့ဆိုလျှင် ခြွင်းချက်ထည့်ရခြင်း၏ ရည်ရွယ်ချက်မှာ ပါဝင်သည့် ပုဒ်မကို ပိုမို်တိကျ ခိုင်မာစေရန် ကန့်သတ်ချက်ဖြင့် ဖော်ပြစေလို၍ ဥပဒေတွင် ခြွင်းချက်ထည့် ရခြင်းဖြစ်ကြောင်းကို တွေ့မြင် နိုင်ပါသည်။ မူရင်းပင်မ ဥပဒေများတွင်ဆိုလျှင် ပိုမိုတိကျသေချာရန် လိုအပ်ပါသည်။
ကင်းလွတ်ချက် လိုချင်၍ အခွင့်ထူး ခံစားလို၍ ပြဋ္ဌာန်းထားချက်များ တစုံတရာ မပါရှိသည်ကို တွေ့ရပါသည်။
ဤသို့ဆိုလျှင် လတ်တလော တွေ့ကြံုနေရသည့် ခြွင်းချက် များကို ခြွင်းချန်ထား၍ ရကောင်းသည့် အရာမဟုတ်ပါ။ မုချဖြေရှင်းကြရပါမည်။
၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ- ၁၂၁ ။ ။ အောက်ပါ ပုဂ္ဂိုလ်များသည် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက် ခံပိုင်ခွင့် မရှိစေရ-
(ည) နိုင်ငံ့ ဝန်ထမ်း၊
ခြွင်းချက်။ ။ ယင်းစကားရပ်သည် -
ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ဖွဲ့စည်းသော လွှတ်တော်များနှင့် အဖွဲ့အစည်းများတွင် ရွေးချယ် ခန့်အပ်ခြင်း ခံရသည့် တပ်မတော်သားများ အပါအဝင် နိုင်ငံ့ဝန်ထမ်းများနှင့် မသက်ဆိုင်စေရ။
ဟု ခြွင်းချက်တွင် ဖော်ပြထားသည်ကို အထင်အရှားတွေ့ရသည်။
ဤပုဒ်မ၏ ခြွင်းချက်ကို အကာအကွယ်ယူပြီး ဒီမိုကရေစီ ရွေးကောက်ပွဲဆိုင်ရာ မူများကို ချိုးဖောက်၍ မရပါ။ နိုင်ငံ့ ဝန်ထမ်း ၊ ပြည်သူ့ဝန်ထမ်း ၏ အဓိပ္ပါယ် ဖော်ပြချက်ကို ပြစ်မှုဆိုင်ရာဥပဒေ ရာဇသတ်ကြီး ပုဒ်မ ၂၁ တွင် အတိ အကျ ဖော်ပြထားပါသည်။
ပုဒ်မ -၂၁။ ။ ပြည်သူ့ ဝန်ထမ်းဆိုသည်မှာ အောက်ဖော်ပြပါ သူတမျိုးမျိုးကို ဆိုလိုသည်။
ပဌမ။ ။ အစိုးရ ပဋိညာဉ်ခံ အမှုထမ်း။
ဒုတိယ။ ။ နိုင်ငံတော် ကြည်း၊ ရေ ၊ လေ တပ်ဆိုင်ရာ ရေးရာပိုင် အရာရှိ။
တတိယ။ ။ တရားသူကြီး။
--------
---------
ဧကဒဿမ ။ ။ -----------
စသည်ဖြင့် အတိအကျဖော်ပြထားသည်။
ထို့ကြောင့် ကြည်း၊ ရေ ၊ လေ တပ်မတော်သား အားလုံးသည် ဝန်ထမ်းဖြစ်ကြပါသည်။ တပ်မတော်သား အားလုံးသည် အခြားဝန်ထမ်းများနည်းတူ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက် တင်မြှောက်ခံပိုင် ခွင့်မရှိစေရပါ။
တပ်မတော်သား အားလုံးသည် အခြား ဝန်ထမ်းများ နည်းတူ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက် တင်မြှောက်ခံပိုင်ခွင့် မရှိစေရပါ။ ဤသည်မှာ တရားမျှတမှုကို ဖော်ပြသည့် မူရင်း ဥပဒေ အရ ဖြစ်သည်။
ဤသည်မှာ တရားမျှတမှုကို ဖော်ပြသည့် မူရင်း ဥပဒေအရ ဖြစ်သည်။ မဲပေးခွင့် ရှိသူများ၊ ရွေးကောက် တင်မြှောက်ခံပိုင်ခွင့် ရှိသူများ၏ အခွင့်အရေးကို တန်းတူညီမျှ ပြဋ္ဌာန်းထားရမည့်မူကို ချိုးဖောက်၍ မရပါ။ ခြွင်းချက် ပြဌာန်းချက် ဆိုသည်မှာ မူရင်းပုဒ်မကို တိုက်ရိုက်ချိုးဖောက်ရန် ပြဋ္ဌာန်း၍ မဖော်ပြအပ်ပါ။
ဥပဒေ လုပ်ထုံး။ လုပ်နည်း နှင့် ဆန့်ကျင်နေသည့်ပြင် မြန်မာစာပေ အရေးအသား ထုံးဓလေ့ကိုပါ များစွာ ထိခိုက်နစ်နာ စေပါသည်။ စာပေ ယဉ်ကျေးမှု ဇာတိဂုဏ်ကို ထိန်းသိမ်းရမည့် အစား ဖောက်ဖျက် ကျူးလွန်နေသည် ဆိုလျှင် တရားလက်မဲ့ တိုင်းပြည်ဘဝ ရောက်သွားပေမည်။
တရားဥပဒေ စိုးမိုးရေးကို ပြည်သူတွေက လိုလားပြီး စစ်အုပ်စု စစ်အစိုးရက မလိုလားဘူးဆိုလျှင် ပြည်သူလူထု၏ ဒဏ်ခတ်မှုကို မုချခံရပါလိမ့်မည်။
စစ်အာဏာရှင် ဥပဒေစနစ်၏ တချိုးတည်းချိုး တကျောတည်းသွားသည့် အစဉ်အလာအတိုင်း အကျင့်ပါနေသည့် ခြွင်းချက်များကိုလည်း မျက်ခြည်မပြတ် သုံးသပ်ရန်လိုပါသည်။
ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေ (၃/ ၂ဝ၁ဝ) ပုဒ်မ-၁ဝ။ ။ အောက်ပါပုဂ္ဂိုလ်များသည် ရွေးကောက်ပွဲတွင် ရွေးကောက်တင်မြှောက်ခံ ပိုင်ခွင့်မရှိစေရ-
(ဌ) နိုင်ငံတော်ပိုင် ငွေကြေး၊ မြေ၊ အိမ်၊ အဆောက်အအုံ၊ယာဉ်၊ ပစ္စည်း စသည်တို့ကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်သောနည်းဖြင့် ဖြစ်စေ ရယူသုံးစွဲ သို့မဟုတ် ယင်းသို့ ရယူသုံးစွဲ သည့် အဖွဲ့အစည်းဝင်ဖြစ်သူ။
ခြွင်းချက်။ ။ (၁) နိုင်ငံတော်ပိုင် ငွေကြေးဟူသော စကားရပ်တွင် အငြိမ်းစားလစာ၊ စရိတ်၊ ငွေကြေး သော်လည်းကောင်း၊နိုင်ငံတော် အကျိုးအတွက် ဆောင်ရွက်သဖြင့် နိုင်ငံတော်က တရားဝင် ထောက်ပံ့ချီးမြှင့် ထားသော လစာ၊ စရိတ်၊ ငွေကြေးသော်လည်းကောင်း မပါဝင်။
(၂) နိုင်ငံတော်ပိုင် မြေ၊ အိမ်၊ အဆောက်အအုံ၊ ယာဉ်၊ ပစ္စည်း ဟူသော စကားရပ်တွင် ဥပဒေ တရပ်ရပ် အရသော်လည်းကောင်း၊ တာဝန်အရ သော်လည်းကောင်း၊ နိုင်ငံတော်က သုံးစွဲခွင့်ပြုထားသော သို့မဟုတ် နိုင်ငံတော်ထံမှ အခကြေးငွေဖြင့် ငှားရမ်းသုံးစွဲသော နိုင်ငံတော်ပိုင်မြေ၊ အိမ်၊ အဆောက်အအုံနှင့် အခန်းများ အခြားအဆောက်အအုံနှင့် အခန်းများ နိုင်ငံတော်ပိုင် လေယာဉ်၊ ရထား၊ သင်္ဘော၊ မော်တော်ယာဉ်၊ ပစ္စည်း စသည်တို့ မပါဝင်။ ဟူ၍ ခြွင်းချက်ကို ပြဋ္ဌာန်းလာပါသည်။
ဤအတိုင်း ခြွင်းချက်ကို နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ (၂/၂ဝ၁ဝ) ပုဒ်မ-၁၂ (က) (၅) တွင်- နိုင်ငံတော်ပိုင် ငွေကြေး၊ မြေ၊ အိမ်၊ အဆောက်အအုံ၊ ယာဉ်၊ ပစ္စည်း တို့ကို ရယူသုံးစွဲသည့် အဖွဲ့အစည်းသည် နိုင်ငံရေးပါတီ အဖြစ် ဆက်လက်ရပ်တည်ပိုင်ခွင့် မရှိစေရဟုဖော်ပြထားပြီး ခြွင်းချက် (၁) နှင့် (၂) ကိုလည်း အထက်ကဖော်ပြခဲ့သည့်အတိုင်း ဖော်ပြထားပြန်သည်။
ထို့ပြင် အမျိုးသားလွှတ်တော်ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ- ၁ဝ (ဌ) တွင်-နိုင်ငံတော်ပိုင်ကို ရယူသုံးစွဲသူ သို့မဟုတ် ယင်းသို့ ရယူသုံးစွဲသည့် အဖွဲ့အစည်းဝင်ဖြစ်သူကို ရွေးကောက်တင်မြှောက် ခံပိုင်ခွင့် မရှိစေရဟုဖော်ပြကာ ခြွင်းချက် (၁) နှင့် (၂) တွင် နိုင်ငံတော်က ခွင့်ပြုထားသော လစာ၊ စရိတ်၊ ငွေကြေး၊ မြေ၊ အဆောက်အအုံ နှင့် အခန်းများ၊ ယာဉ်၊ ရထား၊ သင်္ဘော၊ မော်တော်၊ ပစ္စည်း တို့မပါဝင်ဟု ခြွင်းချက်အဖြစ် ဖော်ပြထားပြန်သည်။
အထက်ပါခြွင်းချက်များကို ဆန်းစစ်ကြည့်လျှင် ခြွင်းချက် ဆိုသည်မှာ မူရင်းပုဒ်မပါ ဆိုလိုရင်းကို ဖောက်ဖျက် ကျူးလွန်၍ ရသော သီးသန့်ပြဋ္ဌာန်းချက်ဖြစ်နေပါသည်။ လိုအပ်ချက်ကို ဖြည့်ဆည်းပေးသည့် ပိုမို တိကျ ခိုင်မာစေရန် ထပ်ဆောင်းပြဋ္ဌာန်းပေးသည့် ပြဌာန်းချက်များ မဟုတ်တော့ဘဲ ကိုယ်ကျိုးစီးပွား ရယူနိုင်ရန် ဥပဒေကို တဖက်သတ်ချိုးဖောက် အရယူ၍ရသော၊ ကိုယ်လုပ်ပိုင်ခွင့် နယ်ပယ်ကို ကိုယ်ကြိုက်သလို သတ်မှတ်၍ ရသော ပြဋ္ဌာန်းချက်တမျိုးအဖြစ် တွေ့ရှိနေရပေသည်။
အထက်ပါခြွင်းချက်များသည် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များကို အလွဲသုံးစားမှုအား ကျူးလွန် ခိုင်းသလို ဖြစ်နေပါသည်။လက်ရှိကြံ့ဖွံ့ ကောင်စီဝင်များက ကြံ့ဖွံ့ပါတီထောင်စေပြီး နိုင်ငံပိုင်များကို အလွဲသုံးစား ပြုရန် အတွက် ကြိုတင်ပြဋ္ဌာန်းထားချက်များ ဖြစ်သည်။ဤပြဋ္ဌာန်းချက်သည် ပြစ်မှုကျူးလွန် လိုစိတ်ကို ပေါ်လွင်စွာ ဖော်ထုတ်ပြသည့် သက်သေခံချက်ကြီး တရပ်လည်း ဖြစ်နေပါသည်။ ခြွင်းချက်ပါ နိုင်ငံတော်က ခွင့်ပြုထားသော ဆိုသည့်စကားရပ်သည် နအဖဥက္ကဌ ဗိုလ်သန်းရွှေက ခွင့်ပြုထားသော ဆိုသည့် အဓိပ္ပာယ်ပင် ဖြစ်သည်။နိုင်ငံတော်သည် ဥပဒေအရ ဗိုလ်သန်းရွှေ မဖြစ်ရပါ။
ဤအတိုင်းလည်း ကြံ့ဖွံ့ပါတီဝင်များ မတရားပြုလုပ်မှုပြစ်မှုကို ကျူးလွန်နေကြသည်များကို နေ့စဉ်မြင်တွေ့ နေရပါသည်။ နိုင်ငံရေး ပါတီတိုင်း၏ တန်းတူရေး တရားမျှတရေး ဒီမိုကရေစီမူကို ဖျက်ဆီးပစ်လိုက်သည်။
ခြွင်းချက်ပါ နိုင်ငံတော်က ခွင့်ပြုထားသော ဆိုသည့်စကားရပ်သည် နအဖဥက္ကဌ ဗိုလ်သန်းရွှေ က ခွင့်ပြု ထားသော ဆိုသည့် အဓိပ္ပာယ်ပင်ဖြစ်သည်။ နိုင်ငံတော် သည် ဥပဒေအရ ဗိုလ်သန်းရွှေ မဖြစ်ရပါ။ ယခုမူ ဗိုလ်သန်းရွှေသည် ဥပဒေအားလုံး၏ အရှင်သခင်ဖြစ်နေသည်။ နိုင်ငံတော်အား အလွဲသုံးစားပြုရန် ခွင့်ပြု သူမှာလည်း ဗိုလ်သန်းရွှေပင်ဖြစ်သည်။ တရားခံ ဘယ်သူလဲဟေ့ ။ ပြည်သူ့ခုံရုံးက တောင်းခေါ်သံကို ကြားနေရသည်။