စစ်တွေမြို့တွင် လုံခြံုရေး တိုးမြှင့်ချထား

စစ်တွေမြို့တွင် လုံခြံုရေး တိုးမြှင့်ချထား
by -
မောင်အေး

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် စစ်သား၊ ရဲ နှင့် အရပ်ဝတ် ထောက်လှမ်းရေးများကို မြို့နေရာ အနှံ့အပြားတွင် အာဏာပိုင်များမှ တိုးမြှင့်ချထား....

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် စစ်သား၊ ရဲ နှင့် အရပ်ဝတ် ထောက်လှမ်းရေးများကို မြို့နေရာ အနှံ့အပြားတွင် အာဏာပိုင်များမှ တိုးမြှင့်ချထားကြောင်း စစ်တွေမြို့ခံများက ပြောသည်။

ယခုကဲ့သို့ လုံခြံုရေး ချထားလိုက်ခြင်းမှာ မဟာမုနိ ဗုဒ္ဓဝိဟာရ ပရဟိတကျောင်းမှ အရှင် ပညာစာရအား ဖမ်းဆီးပြီး လူဝတ်လှဲကာ ချုပ်နှောင်ထားသည့် အပေါ် မြို့ခံများနှင့် ရဟန်းတော်များက မကျေနပ်မှုများ ဖြစ်ပေါ်နေသည့်အတွက် ဆူပူမှုများ ဖြစ်လာမည်ကို စိုးရိမ်သဖြင့် လုံခြံုရေး တိုးမြှင့် ချထားခြင်း ဖြစ်ကြောင်း မြို့ခံတဦးမှ ပြောသည်။

လုံခြံုရေးကို စစ်တွေတွင် အချက်အချာကျသည့် ဆရာတော် ဦးဥတ္တမပန်းခြံ၊ အတုလ မာရဇိန် ပြည်လုံးချမ်းသာ ဘုရားကြီးနှင့် လမ်းမကြီးတလျှောက်တွင် ဖြစ်ကြောင်း အဆိုပါ မြို့ခံမှ ပြောသည်။

စစ်တွေမြို့မှ အမည်မဖော်လိုသည့် အိမ်ရှင်မတဦးကလည်း သူမြင်တွေ့ခဲ့သည့် မြင်ကွင်းကို ယခုကဲ့သို့ ပြောသည်။

“ဒီနေ့ မြင်နေရတာတွေကတော့ အခြေနေ မကောင်းဘူး။ ကျမစျေးသွားတဲ့အခါလည်း လမ်း တွေမှာ အယင်လို လူတွေသိပ်မရှိ။ အခြေနေက ခါတိုင်းလို ပုံမှန် မဟုတ်ဘူး။”ဟုပြောသည်။

ဆရာတော် အသျှင်ပညာစာရကို ဇူလိုင်လ ၂၇ ရက်နေ့က စစ်တပ်မှ လာရောက်ဖမ်းဆီးခဲ့ပြီး စစ်တပ်မှ ကြိုတင် ပြင်ဆင် ထားသည့် ပြစ်မှုများနှင့် စွပ်စွဲကာ လူဝတ်လဲပြီး စစ်တွေ ရဲစခန်းတွင် ချုပ်နှောင်ထားသည်။

စစ်တွေမြို့ရှိ နာမည်ကြီး စာသင်တိုက်တခုမှ စာသင်သား ရဟန်းတော်တပါးကလည်း ယခုကဲ့သို့ပြောသည်။

“လမ်းတွေမှာ စစ်သားတွေကိုတော့ တွေ့တယ်။ ဘာကြောင်းလည်းဆိုတာတော့ မသိဘူး။ သူတို့မှာ တခုခု အကြောင်း ရှိမယ်လို့ ထင်တယ်။”ဟုပြောသည်။

အရှင်ပညာစာရ သီးတင်းသုံးရာ ဗုဒ္ဓဝိဟာရ ပရဟိတကျောင်းတွင် ပညာသင်ကြားနေကြသည့် မိဘမဲ့ ကလေး တချို့ကိုစစ်တပ်မှ ရန်ကုန်နှင့်မန္တလေးဘက်သို့ အာဏာပိုင်များမှ ပို့ဆောင် လိုက်ပြီး ကျန်တချို့ကိုလည်း အာဏာပိုင် များမှ ထိမ်းသိမ်းထားကာ ကျောင်းကို ချိတ်ပိတ်ထား ကြောင်း သိရှိရသည်။

ယခုကဲ့သို့ အာဏာပိုင်များမှ အရှင်ပညာစာရအား အစီအစဉ်ရှိရှိ အမှုဆင် ဖမ်းဆီးလိုက်ခြင်းမှာ နောက်ကွယ်တွင် လူမျိုးရေးအရ ရည်မှန်းချက်များပါနေကြောင်း စစ်တွေမြို့တွင် သတင်းများ ထွက်ပေါ်နေသည်။

Most read this week