ထိုင်းကုမ္ပဏီက သဘာဝဓာတ်ငွေ့ ဝယ်ယူရန် စာချုပ် ချုပ်

ထိုင်းကုမ္ပဏီက သဘာဝဓာတ်ငွေ့ ဝယ်ယူရန် စာချုပ် ချုပ်
by -
Perry Santanachote

ထိုင်းနိုင်ငံ သဘာဝဓာတ်ငွေ့ ကုမ္ပဏီကြီး PTT ကုမ္ပဏီ လီမိတက် လက်အောက်ရှိ PTT ရေနံနှင့် သဘာဝ ဓာတ်ငွေ့ ရှာဖွေ ထုတ်လုပ်ရေး PTTEP သည် မြန်မာ စစ်အစိုးရပိုင် မြန်မာ့ရေနံနှင့် သဘာဝ ဓာတ်ငွေ့လုပ်ငန်း MOGE ထံမှ ဓာတ်ငွေ့ တူးဖော်ရန် နှစ် ၃ဝ စာချုပ်ကို နေပြည်တော်၌ လက်မှတ်ရေးထိုး....

ထိုင်းနိုင်ငံ သဘာဝဓာတ်ငွေ့ ကုမ္ပဏီကြီး PTT ကုမ္ပဏီ လီမိတက် လက်အောက်ရှိ PTT ရေနံနှင့် သဘာဝ ဓာတ်ငွေ့ ရှာဖွေ ထုတ်လုပ်ရေး PTTEP သည် မြန်မာ စစ်အစိုးရပိုင် မြန်မာ့ရေနံနှင့် သဘာဝ ဓာတ်ငွေ့လုပ်ငန်း MOGE ထံမှ ဓာတ်ငွေ့ တူးဖော်ရန် နှစ် ၃ဝ စာချုပ်ကို နေပြည်တော်၌ လက်မှတ်ရေးထိုးခဲ့ကြောင်း ထိုင်း စွမ်းအင်ဝန်ကြီးက ဘန်ကောက်မြို့ သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

သို့ရာတွင် လူ့အခွင့်အရေး လှှုပ်ရှားသူများကမူ လူ့အခွင့်အရေးကို အကြီးအကျယ် ချိုးဖောက်နေသည့် စစ်အစိုးရကို အထောက်အပံ့ ဖြစ်စေမည့် စီးပွားရေး အကျိုးတူ ဆောင်ရွက်မှုမျိုးကို ရှောင်ရှားရန် ကုမ္ပဏီများသို့ တိုက်တွန်းနေသည်။

PTTEP သည် ရန်ကုန်မြို့တောင်ဘက် ၁၈၅ မိုင် ကွာဝေးသော မာတာဘန် ပင်လယ်ကွေ့ရှိ လုပ်ကွက်အမှတ် M9 နှင့် M11 တစိတ်တဒေသတို့ ပါဝင်သော ဇောတိက သဘာဝဓာတ်ငွေ့ နယ်မြေတွင် တူးဖော်ရန် စာချုပ် ချုပ်ဆိုခဲ့ခြင်း ဖြစ်သည်။ ထိုင်းအစိုးရပိုင် PTTEP အနေဖြင့် ၂ဝ၁၃ ခုနှစ်တွင် တူးဖော်မှုများ စတင်မည်ဟု ထိုင်းနိုင်ငံ စွမ်းအင်ဝန်ကြီး ဒေါက်တာ Wannarat Channukul က သတင်းစာ ရှင်းလင်းပွဲတွင် ယခုလ ၂၉ ရက်နေ့က ပြောကြားခဲ့သည်။

ဂျပန်အခြေစိုက် သုတေသနလုပ်သည့် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ စီးပွားရေး လေ့လာရေးအဖွဲ့ IDE က သတင်းထုတ်ပြန်ရာတွင် မြန်မာနိုင်ငံသည် ၂ဝဝ၇-၂ဝဝ၈ ဘဏ္ဍာရေးနှစ်၌ သဘာဝဓာတ်ငွေ့ တင်ပို့ရာမှ အမေရိကန်ဒေါ်လာ ၂.၅ ဘီလီယံခန့် ရရှိခဲ့ပြီး ထိုငွေပမာဏသည် မြန်မာနိုင်ငံ၏ တင်ပို့ကုန်မှ ရရှိသော စုစုပေါင်းဝင်ငွေ၏ ၄ဝ ရာခိုင်နှုန်းခန့် ရှိခဲ့သည်ဟု ဆိုသည်။

ထိုနှစ်အတွက် နိုင်ငံခြား အရန်ငွေကြေး ပမာဏမှာလည်း အမေရိကန်ဒေါ်လာ ၁ ဘီလီယံအထိ တိုးတက်လာခဲ့ကာ၊ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ IMF က ခန့်မှန်းရာတွင် ၂ဝဝ၇ ခုနှစ်၌ စစ်အစိုးရသည် ထိုင်းသို့ သဘာဝဓာတ်ငွေ့ ရောင်းချရာမှ ရရှိသော အကျိုးအမြတ်သည် ထိုနှစ်အတွက် အမြတ်အစွန်း စုစုပေါင်း၏ ၅၅ ရာခိုင်နှုန်းခန့် ရှိသည်ဟုလည်း ဆိုသည်။

PTTEP အနေဖြင့် တူးဖော်ရရှိသော ဓာတ်ငွေ့များအား ထိုင်းနိုင်ငံသို့ တနေ့လျှင် ကုဗပေ သန်းပေါင်း ၂၄ဝ ခန့် ပေးပို့မည်ဖြစ်ပြီး၊ မြန်မာနိုင်ငံသို့ တနေ့လျှင် ကုဗပေသန်းပေါင်း ၆ဝ ခန့် ပေးပို့မည်ဟု ဒေါက်တာ Wannarat က ပြောကြားခဲ့သည်။ ထိုသဘာဝဓာတ်ငွေ့ နယ်မြေမှ ဓာတ်ငွေ့ ကုဗပေ ၁.၄ ထရီလီယံခန့် ထွက်ရှိမည်ဟု ခန့်မှန်းထားသည်။

ဓာတ်ငွေ့အထွက်နှုန်း မြင့်လာသဖြင့် ထိုင်းသည် မြန်မာမှ တနေ့လျှင် ဓာတ်ငွေ့ ကုဗပေ ၁.၂ ဘီလီယံအထိ တင်သွင်းလာမည်ဖြစ်ကြောင်းနှင့် Trans-Asean သဘာဝဓာတ်ငွေ့ ပိုက်လိုင်းကိုလည်း ၁၃၇ မိုင်ခန့် တိုးချဲ့တည်ဆောက်ရန် စီစဉ်နေသည်ဟု ဒေါက်တာ Wannarat က ပြောဆိုသည်။ ယခုစာချုပ်ကြောင့် ထိုင်းအနေဖြင့် ရေနံဝယ်ယူတင်သွင်းနေရမှှုကို တနှစ်လျှင် ၂.၄ ဘီလီယံ လီတာအထိ လျှော့ချနိုင်တော့မည်ဖြစ်ပြီး နှစ်စဉ် ထိုင်းဘတ်ငွေ ၄ဝဝ ဘီလီယံအထိ သက်သာသွားစေလိမ့်မည်ဟု သူက ဆက်ပြောသည်။

“PTT ကုမ္ပဏီဟာ ထိုင်းနိုင်ငံရဲ့ အနာဂတ် စွမ်းအင်လုံလောက်မှှုကို အာမခံနိုင်ဖို့ ပြည်ပကနေ အထိရောက်ဆုံး စွမ်းအင် ဝယ်ယူတင်သွင်းနိုင်မယ့် နည်းလမ်းသစ်ကို ရှာဖွေနိုင်ခဲ့တာဟာ ထိုင်းနိုင်ငံအတွက် သတင်းကောင်း တခုပါပဲ” ဟု သူက ပြောသည်။

PTT သည် ထိုင်းနိုင်ငံအတွင်း ကုန်းတွင်းနှင့် ကမ်းလွန် ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ကွက်များထံမှ စာချုပ် ၁ဝ ခု ချုပ်ဆိုကာ သဘာဝဓာတ်ငွေ့ ဝယ်ယူလျက်ရှိပြီး မြန်မာနိုင်ငံရှိ ရတနာနှင့် ရေတံခွန် သဘာဝဓာတ်ငွေ့ စီမံကိန်းများနှင့်လည်း စာချုပ်ချုပ်ဆိုကာ ဝယ်ယူလျက်ရှိသည်။ ထို ရတနာနှင့် ရေတံခွန် ကမ်းလွန် သဘာဝဓာတ်ငွေ့ စီမံကိန်းများသည် တနေ့လျှင် ဓာတ်ငွေ့ ကုဗပေ သန်းပေါင်း ၄ဝဝ နှင့် ၅၆၅ စီ ထွက်ရှိနေသည်။

ထိုင်းနိုင်ငံ၏ သဘာဝဓာတ်ငွေ့ သုံးစွဲမှုမှာ နှစ်စဉ် တိုးတက်လျက်ရှိသည်။ ထိုင်းနိုင်ငံသည် ပြီးခဲ့သည့်နှစ်က သဘာဝဓာတ်ငွေ့ ကုဗပေ သန်းပေါင်း ၃၅၆၄ သုံးစွဲခဲ့ပြီး ထိုပမာဏသည် ၁၉၉၉ ခုနှစ်က သုံးစွဲခဲ့သည့် ပမာဏထက် နှစ်ဆကျော် ရှိနေသည်ဟု ထိုင်းနိုင်ငံ စွမ်းအင် စီမံကိန်းရုံးက ဆိုသည်။ ထိုင်းသည် သဘာဝ ဓာတ်ငွေ့ သုံးစွဲမှှုအတွက် မြန်မာသို့ ထိုင်းဘတ်ငွေ ၈၄.၂ ဘီလီယံ (အမေရိကန် ဒေါ်လာ ၂.၆ ဘီလီယံ) ပေးခဲ့ရပြီး စုစုပေါင်း သုံးစွဲငွေ၏ ၃ဝ ရာခိုင်နှုန်း ဖြစ်သည်။

နိုင်ငံတကာ လူ့အခွင့်အရေး ကင်ပိန်းများသည် နိုင်ငံခြား ကုမ္ပဏီများကို လူ့အခွင့်အရေး ချိုးဖောက်နေသည့် မြန်မာနိုင်ငံအတွင်းမှ ထွက်ခွာသွားကြရန် အစဉ်တစိုက် တောင်းဆိုနေခဲ့ကြပြီး ၎င်းကုမ္ပဏီများ၏ ရင်းနှီး မြှုပ်နှံမှုသည် စစ်အစိုးရကို အမြတ်ထွက်စေနိုင်သဖြင့် ထိုကုမ္ပဏီများသည်လည်း လူ့အခွင့်အရေး ချိုးဖောက်မှုတွင် ကြံရာပါ သကဲ့သို့ ဖြစ်နေသည်ဟု စွပ်စွဲခဲ့ကြသည်။

လူ့အခွင့်အရေး လှုပ်ရှားသူများနှင့် ဒီမိုကရေစီအင်အားစုများ ပါဝင်ဖွဲ့စည်းထားသော မြန်မာ့လွတ်မြောက်ရေး လှုပ်ရှားမှု အဖွဲ့ Free Burma Movement သည် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံသည့် ရေနံနှင့် သဘာဝဓာတ်ငွေ့ ကုမ္ပဏီများကို အဓိကထား စောင့်ကြည့်လျက်ရှိသည်။

ယူနိုကယ်လ် (ယခု ရှက်ဗရွန်) ကို မြန်မာနိုင်ငံ ရတနာ သဘာဝဓာတ်ငွေ့ပိုက်လိုင်း တည်ဆောက်ရာတွင် လူသတ်မှု၊ မုဒိမ်းမှု၊ ညှဉ်းပန်းနှိပ်စက်မှု၊ အတင်းအဓမ္မ လုပ်အားပေးရန် ခိုင်းစေမှုတို့တွင် ပါဝင်ပတ်သက် သည်ဟု ဆိုကာ တရားစွဲဆိုခဲ့သဖြင့် လူသိများလာသော အန်ဂျီအိုအဖွဲ့ဖြစ်သည့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် လူ့အခွင့်အရေးအဖွဲ့ ERI သည် ဇူလိုင်လ အစောပိုင်းက အစီရင်ခံစာတစောင် ထုတ်ပြန်ခဲ့ရာတွင် တိုတယ်လ်နှင့် ရှက်ဗရွန် နှင့် PTTEP ကုမ္ပဏီတို့ ဦးဆောင်ပြုလုပ်ခဲ့ကြသည့် သဘာဝဓာတ်ငွေ့ စီမံကိန်းများမှ စစ်အစိုးရ အနေဖြင့် အမြတ်အစွန်းများစွာ ရရှိလာခဲ့ပြီး ၎င်းတို့၏ နျူကလီးယား လျှို့ဝှက် စီမံကိန်းတွင် အသုံးချခဲ့သည်ဟု ဖော်ပြထားသည်။

ပြီးခဲ့သည့်နှစ်တွင်လည်း ERI အဖွဲ့က စစ်အစိုးရသည် သဘာဝဓာတ်ငွေ့ စီမံကိန်းများမှ ရရှိသော အမြတ် အစွန်းများ ဖြစ်သည့် ဘီလီယံနှင့်ချီသော ဒေါ်လာငွေများကို စင်္ကာပူနိုင်ငံရှိ ဘဏ်များတွင် လျှို့ဝှက်ဘဏ် အကောင့်များ ဖွင့်၍ ဝှက်ထားခဲ့သည်ဟုလည်း စွပ်စွဲခဲ့သေးသည်။ ဇူလိုင်လ အစောပိုင်းက ထုတ်ပြန်ခဲ့သည့် ERI ၏ အစီရင်ခံစာထဲတွင်လည်း စစ်အစိုးရသည် သဘာဝဓာတ်ငွေ့ စီမံကိန်းများမှ ရရှိသော အမြတ်အစွန်းများကို နိုင်ငံတော် ဘတ်ဂျက်များတွင် မထည့်သလို နိုင်ငံသားများအတွက်လည်း အသုံးမပြုဘဲ စင်္ကာပူရှိ ဘဏ်များ တွင်သာ သိမ်းဆည်းထားကြောင်း ထပ်မံဖော်ပြထားသည်။

ပြီးခဲ့သည့်လအတွင်း နော်ဝေးနိုင်ငံအခြေစိုက် ဒီမိုကရက်တစ် မြန်မာ့အသံ DVB ၏ သတင်းတပုဒ်တွင် မြန်မာ ပြည်တွင်း၌ စစ်အစိုးရ၏ နျူကလီးယားလက်နက် စီမံကိန်းတွင် ပါဝင်လုပ်ကိုင်ခဲ့ရာမှ ပြည်ပသို့ ထွက်ပြေး တိမ်းရှောင်လာသူ ဗိုလ်မှူးတဦး၏ တင်ပြချက်များကို ကိုးကား၍ စစ်အစိုးရသည် အထီးကျန် အာဏာရှင်နိုင်ငံ မြောက်ကိုရီးယား၏ ကင်ဂျုံအီး အစိုးရထံမှ နျူကလီးယားနှင့် ဒုံးကျည်နည်းပညာများ ရရှိရန် ကြိုးစားနေသည်ဟု စွပ်စွဲခဲ့သည်ဟု ဖော်ပြခဲ့သည်ကို ရည်ညွှန်း၍ ERI က ရေးသားခဲ့သော အစီရင်ခံစာထဲတွင်  စစ်အစိုးရသည် သဘာဝဓာတ်ငွေ့မှ ရရှိလာသော အမြတ်အစွန်းများကို ပညာရေးနှင့် ကျန်းမာရေး ကဏ္ဍများတွင် မသုံးစွဲဘဲ အာဏာတည်မြဲရေးအတွက် အကုန်အကျ များလှသော နျူကလီးယား အစီအစဉ်ကို ချမှတ်ကာ မြောက်ကိုရီးယား နှင့် တရားမဝင် နျူကလီးယားရေးရာ ပူးပေါင်းဆောင်ရွက်မှုများတွင် အသုံးပြုခဲ့သောကြောင့် ဒေသတွင်း တည်ငြိမ်ရေးနှင့် လုံခြံုရေးကိုလည်း ထိခိုက်စေသည်ဟု ဆိုထားသည်။

ERI သည် မြန်မာနိုင်ငံတွင် လုပ်ကိုင်နေကြသည့် နိုင်ငံတကာ ကုမ္ပဏီများကို နှစ်ရှည်လများ တရားစွဲဆိုခဲ့ရာတွင် ပြုစုခဲ့သည့် အချက်အလက် အထောက်အထားများနှင့် သဘာဝဓာတ်ငွေ့ နောက်ဆုံးစျေးနှုန်းများကို ကိုးကား၍ “တိုတယ်လ်၊ ရှက်ဗရွန်နှင့် PTTEP ကုမ္ပဏီများက စစ်အစိုးရ ကျူးလွန်နေသည့် လူ့အခွင့်အရေး ချိုးဖောက်မှု၊ ဘဏ္ဍာရေး လျှို့ဝှက်မှု၊ နျူကလီးယား ပြန့်ပွားမှုတို့ကို အထောက်အကူပြုနေပုံ” ဟူသည့် အစီရင်ခံစာကို ထုတ်ပြန်ခဲ့သည်။

စစ်အစိုးရသည် ၁၉၉၈ ခုနှစ်မှ ၂ဝဝ၉ ခုနှစ်အတွင်း ပြင်သစ် တိုတယ်လ်ကုမ္ပဏီ၊ အမေရိကန် ရှက်ဗရွန် ကုမ္ပဏီ တို့နှင့် ဖက်စပ် သဘာဝဓာတ်ငွေ့ စီမံကိန်းများမှနေ၍  စုစုပေါင်း အမေရိကန်ဒေါ်လာ ၅ ဘီလီယံခန့် ရရှိခဲ့ရာ တနှစ်လျှင် အမေရိကန်ဒေါ်လာ ၄၁၆ သန်းခန့် ရရှိခဲ့ကြောင်း ထိုအစီရင်ခံစာက ဖော်ပြခဲ့သည်။

ထိုကဲ့သို့သော အစီရင်ခံစာများနှင့် မြန်မာ့လွတ်မြောက်ရေး လှုပ်ရှားမှုအဖွဲ့ ကဲ့သို့သော လူ့အခွင့်အရေးအဖွဲ့များ၏ လှုပ်ရှားမှု ကင်ပိန်းများသည် နိုင်ငံခြား ကုမ္ပဏီများ၏ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများနှင့် သဘာဝဓာတ်ငွေ့ ဝယ်ယူမှုများက စစ်အစိုးရ၏ လူ့အခွင့်အရေး ချိုးဖောက်နေမှုကို ပံ့ပိုးပေးသကဲ့သို့ ဖြစ်နေကြောင်းကို မီးမောင်းထိုး ပြနိုင်ခဲ့ကြောင်း ‘သွေးစွန်းနေသော ငွေကြေး (မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ ကဏ္ဍနှင့် ကုမ္ပဏီကြီးများ၏ တာဝန်မဲ့မှှု’ အစီရင်ခံစာကို ရေးသားခဲ့သူ Nicky Black က ပြောကြားခဲ့သည်။

“လူ့အခွင့်အရေး ကင်ပိန်းတွေအနေနဲ့ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားမှုတွေကို နိုင်ငံတကာက အာရုံစိုက် လာအောင် အောင်အောင်မြင်မြင် ပြုလုပ်နိုင်ခဲ့ကြပါတယ်။ ထိထိရောက်ရောက် ရှိပြီး ဗျူဟာမြောက်တဲ့ ကင်ပိန်းတွေကို ပြုလုပ်ပြီးတော့ သူတို့ဟာ အနောက်နိုင်ငံ ကုမ္ပဏီတွေအနေနဲ့ မြန်မာနိုင်ငံမှာ ရင်းနှီး မြှုပ်နှံခြင်းဟာ တရားနည်းလမ်း မကျကြောင်း လှုံ့ဆော်နိုင်ခဲ့ပြီးတော့ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ အရေးယူမှုတွေ ချမှတ်ဖို့ အတွက် တွန်းအားပေးနိုင်ခဲ့ပါတယ်” ဟု သူမက ဆက်ပြောသည်။

သို့ရာတွင် မြန်မာ့လွတ်မြောက်ရေး လှုပ်ရှားမှုအဖွဲ့အနေဖြင့် အာရှနိုင်ငံများ၏ ကုမ္ပဏီများ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု မပြုလုပ်ရေးအတွက်ကိုမူ အောင်မြင်စွာ မလှုံ့ဆော်နိုင်ခဲ့ပေ။ Nicky Black ၏ အစီရင်ခံစာထဲတွင် ၁၉၉၉ ခုနှစ်၌ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံကြသော အနောက်နိုင်ငံများ၏ ရေနံနှင့် သဘာဝဓာတ်ငွေ့ ကုမ္ပဏီ အရေအတွက်နှင့် အရှေ့နိုင်ငံများ၏ ရေနံနှင့် သဘာဝဓာတ်ငွေ့ ကုမ္ပဏီ အရေအတွက်သည် ဆတူရှိခဲ့သော်လည်း ပြီးခဲ့သည့်နှစ်ကမူ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံကြသည် ရေနံနှင့် သဘာဝဓာတ်ငွေ့ ကုမ္ပဏီ ၃ဝ တွင် ၂၇ ခုမှာ အာရှတိုက်နှင့် ရုရှားတို့မှ ဖြစ်ကြသည်။

ဘားမားကင်ပိန်း (ယူကေ) ၏ ဒါရိုက်တာ Mark Farmaner က အာရှနိုင်ငံများတွင် ကုမ္ပဏီများသည် ဒေသခံများ၏ ပတ်ဝန်းကျင်ထိခိုက်မှုနှင့် လူ့အခွင့်အရေး ထိခိုက်မှုများအတွက် တာဝန်ယူရမှုမျိုး မရှိသဖြင့် အနောက်နိုင်ငံ ကုမ္ပဏီများကဲ့သို့ မြန်မာနိုင်ငံတွင်းမှ ထွက်ခွာသွားရန် ဆန္ဒမရှိကြဟု ဆိုသည်။

“အနောက်နိုင်ငံ ကုမ္ပဏီတွေဟာ အစဉ်အလာအရ လူမှုရေးနဲ့ ပတ်ဝန်းကျင် ထိခိုက်မှှုတွေအတွက် တာဝန်ယူဖို့ ဖိအားပေးခံရပါတယ်။ သတင်းမီဒီယာတွေ၊ နိုင်ငံရေး အဖွဲ့အစည်းတွေနဲ့ အများပြည်သူကလည်း ဒီကိစ္စကို တော်တော်လေး အလေးထားကြပါတယ်။ အာရှနိုင်ငံ အများစုမှာတော့ အဲလိုစိတ်ဝင်စားမှုတွေ မရှိကြသလို အဲဒါမျိုးတွေကို ထိထိရောက်ရောက် လှုံ့ဆော်ပေးနိုင်မယ့် အဖွဲ့မျိုးတွေ မရှိကြပါဘူး။ ဒါကြောင့် အာရှကုမ္ပဏီတွေ အနေနဲ့ အနောက်နိုင်ငံက ကုမ္ပဏီတွေလို ဖိအားမျိုး မခံစားရပါဘူး” ဟု Mark Farmaner က ပြောသည်။

Most read this week