ကမ္ဘာတဝှမ်း ဒီမိုကရေစီမူဝါဒများ ထွန်းကားပြန့်ပွားရေးအတွက် ဆောင်ရွက်နေသည့် နာမည်ကြီး အမေရိကန် အဖွဲ့တခုက မြန်မာစစ်အစိုးရ၏ ၂ဝ၁ဝ ရွေးကောက်ပွဲသည် ယခုအတိုင်းသာ ကျင်းပမည်ဆိုပါက နိုင်ငံတကာ လက်ခံနိုင်မည့် စံချိန်စံညွှန်းများနှင့် ပြည့်စုံမည် မဟုတ်ဘဲ တရားဝင်မှု ရရှိမည် မဟုတ်...
ကမ္ဘာတဝှမ်း ဒီမိုကရေစီမူဝါဒများ ထွန်းကားပြန့်ပွားရေးအတွက် ဆောင်ရွက်နေသည့် နာမည်ကြီး အမေရိကန် အဖွဲ့တခုက မြန်မာစစ်အစိုးရ၏ ၂ဝ၁ဝ ရွေးကောက်ပွဲသည် ယခုအတိုင်းသာ ကျင်းပမည်ဆိုပါက နိုင်ငံတကာ လက်ခံနိုင်မည့် စံချိန်စံညွှန်းများနှင့် ပြည့်စုံမည် မဟုတ်ဘဲ တရားဝင်မှု ရရှိမည် မဟုတ်ဟု ထုတ်ဖော် ပြောဆို လိုက်သည်။
ဝါရှင်တန်အခြေစိုက် အမျိုးသား ဒီမိုကရေစီ အင်စတီကျု (NDI) က တနင်္ဂနွေနေ့က ထုတ်ပြန်လိုက်သော ၎င်းတို့၏ `အခြေခံအားဖြင့်ပင် ဒီမိုကရေစီမကျသော မြန်မာနိုင်ငံ၏ ၂ဝ၁ဝ ရွေးကောက်ပွဲ မူဘောင်များ´ အမည်ရှိ သုတေသန စာတမ်းတွင် ၎င်းတို့၏ တွေ့ရှိချက်များကို ဖော်ပြရေးသားလိုက်ခြင်း ဖြစ်သည်။
ကြာမြင့်စွာကတည်းက အများတကာ ဝိုင်းဝန်း ဝေဖန်ခဲ့သော ရွေးကောက်ပွဲ ဖြစ်စဉ်နှင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေတို့အပေါ် အခြေခံ ပြုလုပ်ကာ၊ နှစ်ပေါင်း ၂ဝ အတွင်း ပထမဆုံး ကျင်းပမည့် မြန်မာနိုင်ငံ၏ ၂ဝ၁ဝ ရွေးကောက်ပွဲသည် `လိုချင်သည့် ရလဒ် ရရှိစေရန် စနစ်တကျ ပြင်ဆင်ထားသည့်အတွက် နိုင်ငံတကာက သတ်မှတ်ထားသော အနိမ့်ဆုံး စံချိန်စံညွှန်းများကိုပင် မမီကြောင်း´ ရေးသားထားသည်။
အထူးသဖြင့် ယခုရွေးကောက်ပွဲဖြစ်စဉ်သည် လူထုဆန္ဒကို အခြေခံသည့် အစိုးရ၊ အခြေခံ လူ့အခွင့်အရေး၊ ရွေးကောက်ပွဲတွင် လွတ်လပ်စွာ ဝင်ရောက်ယှဉ်ပြိုင်ခွင့်နှင့် ဘက်မလိုက်သော ရွေးကောက်ပွဲ စီမံခန့်ခွဲရေးတို့တွင် အာမခံချက်ရှိမည် မဟုတ်ပေ။
ရွေးကောက်ပွဲအပြီး ပေါ်ပေါက်လာမည့် အစိုးရ၏ တိုင်းရင်းသား လူမျိုးစုများအပေါ် သက်ရောက်မှုများနှင့် ပတ်သက်၍လည်း ဒေသန္တရအဆင့်တွင် အသစ်ပေါ်ပေါက်လာမည့် အစိုးရသည် `တကယ်တမ်းသာ အာဏာကို တိုင်းရင်းသား လူနည်းစုများထံ ခွဲဝေအပ်နှင်းခဲ့မည်ဆိုပါက ဒေသန္တရအစိုးရတွင် တိုင်းရင်းသားများ လုပ်ကိုင် ဆောင်ရွက်ခွင့် ပိုမိုရရှိစေမည် ဖြစ်သော်လည်း ထိုကဲ့သို့ ဖြစ်ပေါ်လာနိုင်သည့် အလားအလာကို မတွေ့ရှိ ရကြောင်း´ NDI က သုံးသပ်ရေးသားထားသည်။
စစ်အစိုးရက ရွေးကောက်ပွဲကော်မရှင်ကို ဖွဲ့စည်းထားရှိမှုနှင့် ပတ်သက်၍လည်း ဤကော်မရှင်သည် လွတ်လပ်မှု မရှိရုံသာမက လုပ်ငန်းဆောင်ရွက်ရာတွင် လိုအပ်သည့် ဘက်မလိုက်မှုနှင့် ထင်သာမြင်သာ ရှိမှုတို့လည်း ရှိလိမ့်မည် မဟုတ်ဟု အဆိုပါ အမေရိကန် အဖွဲ့အစည်းကြီးက ဝေဖန်သည်။
`ထို့ကြောင့် ခြံု၍ပြောရလျှင် ယခုစီစဉ်ထားသည့်အတိုင်းသာ ရွေးကောက်ပွဲများကို ကျင်းပခဲ့မည်ဆိုပါက နိုင်ငံတကာ စံချိန်စံညွှန်းများနှင့် ကိုက်ညီလိမ့်မည် မဟုတ်ပေ။ ပိုမို၍ ပွင့်လင်းလွတ်လပ်မှုလည်း ရှိလာလိမ့်မည် မဟုတ်ပေ။ စစ်အစိုးရ၏ လွန်ခဲ့သော နှစ် ၂ဝ လုံး ပြုမူခဲ့ပုံများကို ကြည့်လျှင် အာဏာကို ဖြစ်သည့်နည်းနှင့် ဆက်လက်ဖက်တွယ်ထားရန်သာ လုပ်ဆောင်နေသည်မှာ ထင်ရှားလှသည်´ ဟုလည်း အစီရင်ခံစာက သတိပေးထားသည်။
NDI သည် လွန်ခဲ့သော ၂၅ နှစ်အတွင်း ကမ္ဘာတဝှမ်း ကျင်းပခဲ့သည့် ရွေးကောက်ပွဲပေါင်း ၁၅ဝ ကျော်ကို လေ့လာသုံးသပ်မှုများ ပြုလုပ်ခဲ့သည်။ သို့သော် မြန်မာနိုင်ငံသို့မူ အဆိုပါအဖွဲ့ကြီးက ကိုယ်တိုင်ကိုယ်ကျ သွားရောက်လေ့လာခွင့် မရရှိခဲ့ပေ။
`ပေါ်ပေါက်လျက်ရှိသော အကြောင်းအချက်များအရ မြန်မာနို်င်ငံ၏ ဥပဒေက နိုင်ငံတကာ အကဲခတ်များ လာရောက် လေ့လာခွင့် ပြုမည်ဆိုလျှင်ပင် NDI က မိမိ၏ အကဲခတ်များကို စေလွှတ်လေ့လာစေမည် မဟုတ်ပေ။ ဖွဲ့စည်းပုံဥပဒေက စစ်တပ်ကို တိုင်းပြည်၏ အရှင်သခင်များအဖြစ် ထာဝရတည်တံ့စေရန် အာမခံချက် ပေးထားခြင်း ကြောင့်ပင် ဖြစ်သည်´ ဟု အစီရင်ခံစာ ပြုစုသူများက ရေးသားထားသည်။
NDI သည် အခြား အစိုးရအထောက်အပံ့ခံ ဒီမိုကရေစီမူဝါဒများ ထွန်းကားပြန့်ပွားရေး လုပ်ဆောင်နေသည့် အမေရိကန် အဖွဲ့အစည်းများလိုပင် ဒီမိုကရေစီမူဝါဒများအတွက် တိုက်ပွဲဝင်နေသူဟူသော မျက်နှာဖုံးစွပ်ကာ အမေရိကန် နိုင်ငံခြားရေးမူဝါဒ အကျိူးစီးပွားများ အောင်မြင်ရေးအတွက်သာ ဆောင်ရွက်လုပ်ကိုင်နေသည့် အဖွဲ့အစည်းတရပ် ဖြစ်သည်ဟုလည်း ဝေဖန်တိုက်ခိုက်ခံနေရသည်။
၂ဝဝ၅ ခုနှစ်အတွင်း ပေါ်ပေါက်ခဲ့သော ယူကရိန်းနိုင်ငံ လိမ္မော်ရောင် တော်လှန်ရေးအပြီး NDI နှင့် အလားတူ အဖွဲ့အစည်းများ၏ အခန်းကဏ္ဍနှင့် ယင်းတို့၏ သက်ရောက်မှုကို လေ့လာစုံစမ်းခဲ့သည့် ဂါးဒီးယန်း သတင်းစာကြီး၏ သတင်းထောက် Ian Traynor က `ဒီမိုကရေစီစနစ်ကို မဲပုံးများ၊ အာဏာ ဖီဆန်မှုများမှတဆင့် ရယူရေးသည် အလွန်ခေတ်စားလာခဲ့ပြီး သုံးစွဲသော နည်းလမ်းများမှာလည်း အခြားပြည်သူများ၏ ရွေးကောက်ပွဲ များတွင် အလားတူ အနိုင်ရစေရန် ပုံစံခွက်တခု ဖြစ်လာခဲ့သည်´ ဟု ရေးသားခဲ့သည်။