ပါတီပယ်ပျက်ခံရပြီး နောက်ပိုင်း အောက်ခြေပါတီဝင်ထုနှင့် တွေ့ဆုံရန် ရခိုင်ပြည်နယ်သို့ ပထမဆုံး ခရီးစဉ်ကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟို်အလုပ်အမှုဆောင် ဦးအုန်းကြိုင် ခေါင်းဆောင်သည့် ၅ ဦးပါ အဖွဲ့သည် ယမန်နေ့က စတင်....
ပါတီပယ်ပျက်ခံရပြီး နောက်ပိုင်း အောက်ခြေပါတီဝင်ထုနှင့် တွေ့ဆုံရန် ရခိုင်ပြည်နယ်သို့ ပထမဆုံး ခရီးစဉ်ကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟို်အလုပ်အမှုဆောင် ဦးအုန်းကြိုင် ခေါင်းဆောင်သည့် ၅ ဦးပါ အဖွဲ့သည် ယမန်နေ့က စတင်လိုက်သည်။
ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များဖြစ်သည့် ဦးအုန်းကြိုင်နှင့် ဗဟန်းမြို့နယ် ဥက္ကဋ္ဌ ဦးအောင်မြင့် (ဖျာပုံနီလုံဦး)၊ လူငယ် (ဗဟို) အဖွဲ့ဝင် ကိုဘမောင်၊ ရန်ကုန်တိုင်း လူငယ်ခေါင်းဆောင် ဦးအေးမင်းစိုးနှင့် ရခိုင်ပြည်နယ် စည်ရုံးရေး ကော်မတီဝင် ဦးတင်သိန်းအောင်တို့သည် ရခိုင်ပြည်နယ် ဂွမြို့သို့ ဘတ်စ်ကားဖြင့် ယနေ့နံနက်တွင် ရောက်ရှိလာခြင်း ဖြစ်သည်။
“ပါတီရပ်တည်ချက်နဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မှာကြားချက်တွေကို ဗဟိုအဖွဲ့ဝင်တွေက ပါတီဝင်ထုကို ရှင်းပြဖို့ ရခိုင်ပြည်နယ် ခရီးစဉ်ကို ထွက်လာတာပါ” ဟု ဦးအုန်းကြိုင်က မဇ္ဈိမကို ပြောသည်။
ရခိုင်ပြည်နယ် ခရီးစဉ်၏ အစအဖြစ် ဂွမြို့နယ်စည်းရုံးရေး ကော်မတီ ဥက္ကဋ္ဌ ဦးစိန်ကျော်၏ နေအိမ်တွင် ပါတီဝင်ထု ၄ဝ နီးပါးနှင့် ယနေ့ တွေ့ဆုံကြသည်။
တွေ့ဆုံပွဲတွင် NLD အနေဖြင့် နိုင်ငံရေးဆန်သော အလုပ်များ မပြုလုပ်သော်လည်း ပါတီ ရည်မှန်းချက် ဖြစ်သော အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ လူ့အခွင့်အရေး ရရှိရေး၊ စစ်မှန်သော ဒီမိုကရေစီ နိုင်ငံတော်သစ်ကို ငြိမ်းချမ်းစွာ ထူထောင်ရေး ဆွဲကိုင်သည့် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော နိုင်ငံရေး အင်အားစုအဖြစ် လုပ်ကိုင်သွားရန် ဗဟိုခေါင်းဆောင်များက ရှင်းလင်း ပြောကြားခဲ့ကြသည်။
ပါတီအထွေထွေ အတွင်းရေမှူးလည်းဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်၊ ဒုဥက္ကဋ္ဌ ဦးတင်ဦးနှင့် ဦးဝင်းတင်တို့၏ မှာကြားချက်များကို ရှင်းပြခဲ့ရာ ပါတီဝင်ထုက အားတက်သရော ထောက်ခံသည်ဟု ဦးအုန်းကြိုင်က ဆိုသည်။
“ဒေါ်အောင်ဆန်းစုကြည်ရဲ့ မှာကြားချက်ဖြစ်တဲ့ နိုင်ငံရေး ပါတီအဖြစ် မှတ်ပုံမတင်ဘဲ မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ဒီမိုကရေစီ ဖော်ဆောင်ရေး၊ တရားမျှတမှု ဖော်ဆောင်ရေးတို့အတွက် မူလရပ်တည်ချက်အတိုင်း NLD က ဆက်ပြီး ရပ်တည်နေတယ်၊ ပါတီထုကလည်း ယုံယုံကြည်ကြည်၊ ခိုင်ခိုင်မာမာ ရပ်တည်နေကြပါလို့ မှာကြားချက်၊ နောက် ဦးတင်ဦးရဲ့ ပြည်သူ့အကျိုးပြု လုပ်ငန်းတွေကို တက်တက်ကြွကြွ၊ ယုံယုံကြည်ကြည် ဆောင်ရွက်ကြပါလို့ မှာကြားချက်၊ ဆရာဦးဝင်းတင် မှာလိုက်တဲ့ ဘာပဲလုပ်လုပ် ပြည်သူကို အကျိုးပြုမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်ပါဆိုတဲ့ မှာကြားချက်တွေကို ပြန်ပြောပါတယ်” ဟု သူက ပြောသည်။
ဒေါ်စု မှာကြားချက်နှင့် ပါတီရပ်တည်ချက်တို့ကို ဦးအုန်းကြိုင်နှင့် ခေါင်းဆောင် ၅ ဦးပါသည့်အဖွဲ့က ရခိုင်ပြည်နယ်ရှိ အောက်ခြေပါတီဝင်ထုများအား ရှင်းလင်းပြောကြား
သီတင်းပတ် တပတ်ခန့်ကြာမြင့်မည် ရခိုင်ပြည်နယ် ခရီးစဉ်တွင် ဂွ၊ သံတွဲ၊ တောင်ကုတ်နှင့် စစ်တွေမြို့သို့ သွားရောက်ကြမည်ဖြစ်ရာ မနက်ဖြန်တွင် သံတွဲမြို့သို့ ဆက်လက်ထွက်ခွါကြမည်ဖြစ်သည်။
မိုးရာသီတွင် စတင်သည့် ခရီးစဉ်တွင် လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည်မှအပ အနှောင့်အယှက်များ မကြံုတွေ့ရကြောင်း ဦးအုန်းကြိုင်က ဆိုသည်။
၂ဝဝ၃ ခုနှစ် ဒီပဲယင်း လုပ်ကြံမှု မတိုင်ခင် ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးတင်ဦးတို့ ဦးဆောင်ကာ နိုင်ငံတဝှန်း စည်းရုံးရေးခရီး ထွက်စဉ်က ရခိုင်ပြည်နယ်သို့လည်း ရောက်ရှိခဲ့သေးသည်။
ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် သူ၏ ရှေ့နေနှင့် ပါတီဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဉာဏ်ဝင်းနှင့် တွေ့ဆုံခွင့်များ ရရှိစဉ်က အောက်ခြေထုထံ သွားရောက်ရန် မှာကြားခဲ့ခြင်း ဖြစ်သည်။
ပြီးခဲ့သည့် ဇွန်လအတွင်းကလည်း ပါတီခေါင်းဆောင်များသည် မန္တလေး၊ ကရင်ပြည်နယ်နှင့် ပဲခူးမြို့များသို့ သွားရောက်ကာ ပါတီဝင်ထုနှင့် တွေ့ဆုံမှုများ ပြုလုပ်ခဲ့ကြသေးသည်။