ဆင်ဖြူတော်ကို နေပြည်တော်သို့ ယူဆောင်ပြီ

ဆင်ဖြူတော်ကို နေပြည်တော်သို့ ယူဆောင်ပြီ
by -
မင်းဆက်ခိုင်

မောင်တောမြို့နယ်မှ ဖမ်းဆီးရမိသော ဆင်ဖြူတော်ကို ယနေ့တွင် ဘူးသီးတောင် ဆိပ်ကမ်းမှတဆင့် သင်္ဘောများဖြင့် စစ်တွေသို့ အနောက်ပိုင်း တိုင်းမှူး ဗိုလ်ချုပ် သောင်းအေး ကိုယ်တိုင် ကြီးကြပ်ပြီး ယူဆောင် ...

မောင်တောမြို့နယ်မှ ဖမ်းဆီးရမိသော ဆင်ဖြူတော်ကို ယနေ့တွင် ဘူးသီးတောင် ဆိပ်ကမ်းမှတဆင့် သင်္ဘောများဖြင့် စစ်တွေသို့ အနောက်ပိုင်း တိုင်းမှူး ဗိုလ်ချုပ် သောင်းအေး ကိုယ်တိုင် ကြီးကြပ်ပြီး ယူဆောင်သွားကြောင်း မျက်မြင်ဒေသခံများက ပြောသည်။

“သင်္ဘောက နှစ်စီးနဲ့ ဒီကနေ့ နံနက် ၁၀ နာရီမှာ ယူဆောင်သွားပါတယ်။ တစီးက အောင်တံခွန် (၅) သင်္ဘော ဖြစ်ပြီး နောက်တစီးကတော့ တပ်မတော်ရေက ရိက္ခာတင် သင်္ဘော ဖြစ်ပါတယ်။ တိုင်းမှူးတို့ အဖွဲ့က အောင်တံခွန်နဲ့ ပါသွားပြီး ဆင်ဖြူတော်ကိုတော့ တပ်မတော်ရေ သင်္ဘောနဲ့ ယူဆောင် သွားခဲ့တာ ဖြစ်ပါတယ်” ဟု မျက်မြင်တဦးက ပြောသည်။

ဆင်ဖြူတော်အား မောင်တောမှ ဘူးသီးတောင်သို့ လွန်ခဲ့သော ရက်ပေါင်း ၂၀ ခန့်ကတည်းက ပြောင်းရွှေ့ထားပြီး ဘူးသီးတောင် စရဖ ခြံဝင်းထဲတွင် ထားရှိကာ ဆင်ထိန်းများနှင့် ဆင်ကို ယဉ်ပါးအောင် သင်တန်းများ ပို့ချခဲ့ကြောင်း ဘူးသီးတောင်မြို့ခံများက ပြောသည်။

၎င်းဆင်ဖြူမှာ အမ ဖြစ်ပြီး အသက် ၃၇ နှစ် ရှိကာ လွန်ခဲ့သော ဇွန်လ ၂၆ ရက်နေ့က မောင်တောမြို့နယ် ဖားဝပ်ချောင်းကျေးရွာ အနီးမှ ဖမ်းဆီးရမိခဲ့သည်။

ဆင်ဖြူကို ဘူးသီးတောင်မှ စစ်တွေ၊ စစ်တွေမှတဆင့် သဘောင်္ဖြင့် ရန်ကုန်ထိ ယူဆောင်မည် ဖြစ်ကာ ရန်ကုန်မှတဆင့် နေပြည်တော်သို့ ယူဆောင်မည် ဖြစ်ကြောင်း သိရသည်။

ယခုအခါ နအဖ စစ်ခေါင်းဆောင် အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေမှာ ဘုရားရှင် ပွင့်တော်မူရာ အိန္ဒိယ ဗုဒ္ဓဂါယာသို့ သွားရောက်ပြီး ယတြာများ ပြုလုပ်ပြီးနောက်ပိုင်း ဘုန်းတန်ခိုး ကြီးထွားရန် ဆင်ဖြူတော်ကို လက်ခံရမည် ဟူးရားတတ် ပုဏ္ဍားများက ဟောကြားထားသဖြင့် ယခုအခါ ဆင်ဖြူတော်ကို နေပြည်တော်သို့ ယူဆောင်သွားခြင်း ဖြစ်ကြောင်း ဒေသခံ ဗေဒင်ဆရာ တဦးက ပြောသည်။

Most read this week