ထောင်တွင်း အနှစ် ၂ဝ နီးပါး နေခဲ့ရသော်လည်း ဒေါ်အောင်ဆန်းစုကြည်၏ ရုံးအဖွဲ့တာဝန် ထမ်းဆောင်ခဲ့သူ ဦးဝင်းထိန်က အားမလျှော့ဘဲ နိုင်ငံရေးလုပ်ငန်းများ ဆက်လုပ်....
ထောင်တွင်း အနှစ် ၂ဝ နီးပါး နေခဲ့ရသော်လည်း ဒေါ်အောင်ဆန်းစုကြည်၏ ရုံးအဖွဲ့တာဝန် ထမ်းဆောင်ခဲ့သူ ဦးဝင်းထိန်က အားမလျှော့ဘဲ နိုင်ငံရေးလုပ်ငန်းများ ဆက်လုပ်ဦးမည်ဟု ပြောသည်။
“ဟိုး လှုပ်ရှားမှု စကတည်းကိုက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရုံးကိစ္စတွေ လုပ်ပေးခဲ့ရတာကိုး။ ၉၅ မှာ လွတ်တဲ့ အချိန်လည်း ဒါတွေပဲ လုပ်ခဲ့ရတယ်ဆိုတော့ ဒါတွေပဲ ရှေ့ဆက်လုပ်ရမလား မပြောတတ်ဘူး” ဟု အသက် ၆၉ နှစ်ရှိ ဦးဝင်းထိန်က ပြောသည်။
ဦးဝင်းထိန် (အကျီဖြူနှင့်) ထောင်မှလွတ်ပြီး ဦးတင်ဦးကို ဂါရဝပြု
သို့သော် စစ်ကိုင်းတိုင်း ကသာအကျဉ်းထောင်မှ လွတ်မြောက်လာပြီးနောက် ကျန်းမာရေး ချို့ယွင်းလာခဲ့သဖြင့် အားကျိုးမာန်တက် လုပ်ဆောင်နိုင်ပါ့မလားဟူ၍ မိမိကိုယ်ကို မေးခွန်း ထုတ်နေမိသည်ဟုလည်း သူက ပြောသည်။
“အဲဒါကို ကိုယ့်ကိုယ်ကို မေးနေတာ။ ဘာဖြစ်လို့လဲဆိုတော့ ၈၉ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည်က တတိုင်း ပြည်လုံး တောင်ဖျား၊ မြောက်ဖျားအထိ သွားတာတောင် ကျနော်က လိုက်ပါနိုင်တယ်။ အခုတော့ အဲဒီလောက် လုပ်ပေးနိုင်မလား သံသယဖြစ်တယ်။ သို့သော် အဲဒါကြောင့်မလို့ ငြင်းမယ်ဆိုတဲ့ သဘောထားတော့ မဟုတ်ပါဘူး” ဟု သူက ဆက်ပြောသည်။
တပ်မတော်တွင် ဗိုလ်ကြီးအဆင့်အဖြစ် တာဝန်ယူခဲ့ဖူးသူ ဦးဝင်းထိန်သည် ဒေါ်အောင်ဆန်းစုကြည်၏ ရုံးအဖွဲ့ တာဝန် လုပ်ကိုင်ခဲ့ဖူးပြီး၊ ဒုဥက္ကဋ္ဌ ဦးတင်ဦး၏ ကိုယ်ရေးအရာရှိလည်း ဖြစ်ခဲ့ဖူးသည်။
ဦးဝင်းထိန် လွတ်လာချိန်တွင် ရွေးကောက်ပွဲ သပိတ်မှောက်ရေး၊ ဝင်ပြိုင်ရေးနှင့် ပတ်သက်၍ အန်အယ်ဒီနှင့် အန်ဒီအက်ဖ် ခေါ် အမျိုးသားဒီမိုကရေစီ အင်အားစုတို့ ကွဲပြဲနေချိန်လည်း ဖြစ်သည်။
“အန်ဒီအက်ဖ်နှင့် ပူးပေါင်းရန် အကြောင်းမရှို” ဟု ဦးဝင်းထိန်က ပြောသည်။
ဦးဝင်းထိန်ကို လွှတ်ပေးလိုက်ခြင်းမှာ အန်အယ်ဒီနှင့် အန်ဒီအက်ဖ် အကွဲအပြဲကို ထပ်မံ မီးထိုးပေးလိုက်ခြင်း ဖြစ်သည်ဟု ပြည်ထောင်စု ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ ဦးဖြိုးမင်းသိန်းက ပြောသည်။
“အန်အယ်ဒီနဲ့ အန်ဒီအက်ဖ်တို့က အဆင်မချောဘူးလေ။ နှစ်ဖက်ဖြစ်နေတဲ့ “ကြက်လည်းပန်းစေ၊ ယာလည်း ညက်စေ” အခြေအနေပဲလေ။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေကနေ ဒီမိုကရေစီအင်အားစုတွေ အချင်းချင်းချကြတဲ့ ပွဲကို ပိုပြီး အားဖြည့်ပေးနိုင်ဖို့လို့ ထင်တာပဲ။ ဦးဝင်းတင်၊ ဦးတင်ဦးတို့ဘက် အားဖြည့်ပေးလိုက်တဲ့ တပ်မှူး တယောက် ပေါ့ဗျ” ဟု ဦးဖြိုးမင်းသိန်းက ပြောသည်။
လွန်ခဲ့သည့် ၂၂ နှစ်အတွင်း ဦးဝင်းထိန်သည် နိုင်ငံရေးလှုပ်ရှားမှုကြောင့် ထောင်နှစ်ခါကျကာ ၁၉ နှစ်နှင့် ၈ လ နေခဲ့ရသည်။
သူသည် နှလုံး၊ နှလုံးသွေးကြောကျဉ်းရောဂါ၊ သွေးတိုး၊ အစာအိမ်၊ အရိုးကျီးပေါင်း စသည့် ရောဂါများ ခံစားနေရ သည်။
သူသည် ၁၉၆၃ ခုနှစ် စစ်တက္ကသိုလ်ကျောင်းဆင်းကာ ၅ နှစ်ကြာ စစ်မှုထမ်းပြီးနောက် တပ်တွင်း အာဏာ သိ်မ်းရန် ကြံစည်မှုတွင် ပါဝင်မှုဖြင့် ထုတ်ပယ်ခံခဲ့ရသည်။