ဝ ထိန်းချုပ်နယ်မြေအတွင်း ရွေးကောက်ပွဲ စည်းရုံးခွင့် မပြု

ဝ ထိန်းချုပ်နယ်မြေအတွင်း ရွေးကောက်ပွဲ စည်းရုံးခွင့် မပြု
by -
မြင့်မောင်

ဝ ပြည် သွေးစည်းညီညွတ်ရေးပါတီ ထိန်းချုပ်ထားသော နယ်မြေအတွင်း စစ်အစိုးရနှင့် နီးစပ်သော ပါတီများကို ရွေးကောက်ပွဲ စည်းရုံးရေးလုပ်ငန်းများ ပိတ်ပင်ထား....

ဝ ပြည် သွေးစည်းညီညွတ်ရေးပါတီ ထိန်းချုပ်ထားသော နယ်မြေအတွင်း စစ်အစိုးရနှင့် နီးစပ်သော ပါတီများကို ရွေးကောက်ပွဲ စည်းရုံးရေးလုပ်ငန်းများ ပိတ်ပင်ထားကြောင်း စောင့်ကြည့်လေ့လာသူများက ပြောသည်။

ဝ’ ဒီမိုကရက်တစ်ပါတီနှင့် ဝ’ အမျိုးသား စည်းလုံးညီညွတ်ရေးပါတီတို့က  ပန်ဆန်း၊ မိုင်မော၊ ပန်းဝိုင်နှင့် နားဖန်း မြို့နယ်များအတွင်း ပါတီစည်းရုံးရေးလုပ်ငန်းများ လုပ်ကိုင်ခွင့်ပြုရန် အကြောင်းကြားခဲ့သည့်အပေါ် ဝ’ ပြည် သွေးစည်းညီညွတ်ရေးပါတီ (United Wa State Party - UWSP) ဝ’ ထိပ်ပိုင်း ခေါင်းဆာင်များက ငြင်းပယ် ခဲ့သည်ဟု ဆိုသည်။

“UWSP ထိန်းချုပ်တဲ့ နယ်မြေမှာ သူတို့ကို ဝင်ပြီးတော့ စည်းရုံးရေး လုပ်ငန်းတွေကို လုပ်ဖို့ ခွင့်မပြုဘူးလေ။ ... မေးတော့လည်း စည်းရုံးခွင့် မပြုသေးဘူးလို့ပဲ ဝ’ ခေါင်းဆောင်တွေက ပြောတယ်” ဟု ထိုင်းနိုင်ငံ အခြေစိုက် ရှမ်းသံတော်ဆင့် သတင်းစဉ် လက်ထောက် အယ်ဒီတာ ဦးစိန်ကြည်က မဇ္စျိမကို ပြောသည်။

UWSP တွင် အင်အား ၂ဝဝဝဝ ခန့်ရှိ စစ်တပ်ရှိကာ ထိုင်း-မြန်မာနယ်စပ်တွင် တပ်ရင်း ၅ ရင်း၊ တရုတ်-မြန်မာ နယ်စပ်တွင် တပ်ရင်း ၃ ရှိသည်။ စစ်အစိုးရက ဝ’ တပ်များကို နယ်ခြားစောင့်တပ်ပြောင်း၍ ရွေးကောက်ပွဲ ဝင်ပြိုင်ရန် တောင်းဆိုထားသော်လည်း ဝ’ ဘက်က ငြင်းပယ်ပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်သာ လက်ခံကြသည်။

၁၉၉ဝ ခုနှစ်က စစ်အစိုးရနှင့် UWSP တို့ ငြိမ်းချမ်းရေး သဘောတူညီချက်ရယူရာ ဝ’ က အထူးဒေသတခု ရသည်။ သို့သော် ဝ’ တိုင်းရင်းသားအများစုနေထိုင်ရာ မြို့ ၆ မြို့အနက် ဟိုပန်နှင့် ပန်ယန်းကိုတော့ စစ်အစိုးရက ထိန်းချုပ်သည်။

အကဲခတ်များက UWSP ထိန်းချုပ်ထားသော ဒေသများမှာ ရွေးကောက်ပွဲလုပ်ငန်းစဉ်တွင် ပါဝင်ဖွယ်မရှိဟု ပြောသည်။

တပြည်ထောင်စနစ်ကို လက်ခံထားသော စစ်အစိုးရ၏ မဟာမိတ်ဖြစ်သော ဝ’ အမျိုးသား စည်းလုံးညီညွတ်ရေး ပါတီမှ အကြီးအကဲတဦးဖြစ်သော ဦးလုပ်ပေါင်က UWSP နှင့် ထိပ်တိုက်မတွေ့လိုသော သဘောဖြင့် စည်းရုံးရေး ပိတ်ပင်ခံရခြင်း ဟုတ်၊ မဟုတ် ဖြေကြားရန် ငြင်းဆိုသည်။

“အခု မိုးတွင်းဖြစ်နေလို့ တောင်ပေါ်ရွာတွေကို မသွားနိုင်သေးဘူး။ ပါတီဝင် ၅ဝဝ ပြည့်အောင် မြို့ပေါ်မှာ နီးစပ်ရာကို ယူပြီးတော့ နေပြည်တော်ကို ပို့လိုက်ပြီ။ နီးစပ်ရာကိုတော့ အားလုံး စည်းရုံးရေး ဆင်းနေပါတယ်။ တောင်ပေါ်ဒေသတွေကတော့ လမ်းပန်းအခက်အခဲတွေ ရှိနေတော့ မသွားကြဘူး” ဟု ဦးလုပ်ပေါင်က ပြောသည်။

ဝ’ ဒီမိုကရက်တစ်ပါတီနှင့် မူးယစ်ဆေးဝါး ထုတ်လုပ်ရောင်းချမှုဖြင့် နာမည်ဆိုးဖြင့် ကျော်ကြားသော UWSP ကို ဆက်သွယ်၍ မရနိုင်ပါ။

သို့သော် လားရှိုးတွင် အခြေစိုက်သော ပါတီနှစ်ခုလုံးမှာ လာရှိုး၊ ဟိုပန်၊ တန်ဆန်း၊ တောင်းရင်းဝ တို့တွင်သာ အဓိက ဝင်ပြိုင်မည်ဟုလည်း ကြေညာထားပြန်သည်။

ဦးအောင်ကျော်ဇောကတော့ “နှစ်ဖွဲ့စလုံးက မြန်မာစစ်အစိုးရရဲ့ လက်ဝေခံတွေ ဖြစ်တယ်” ဟု ပြောသည်။

ယခုနှစ်အတွင်း ကျင်းပမည့် ရွေးကောက်ပွဲတွင် သဘောတူညီချက်မရသော တိုင်းရင်းသား နယ်မြေအချို့ကို ချန်လှပ်၍ထားမည်ဟု နေပြည်တော်ရှိ စစ်ဘက်သတင်းရပ်ကွက်တခုက မဇ္ဈိမကို အစောပိုင်းက ပြောထားသည်။ UWSP ထိန်းချုပ်ရာနယ်မြေအတွင်း ရွေးကောက်ပွဲများ ဖြစ်နိုင်ရေးမှာ မရေရာလှဘဲ ရှိသည်။

UWSP ကို ပါတီမှတ်ပုံတင်၍ ရွေးကောက်ပွဲဝင်ပြိုင်ရန် နေပြည်တော်က လိုလားနေသော်လည်း ဝ’ ဘက်က ငြင်းဆန်ထားသည်ဟုလည်း အကဲခတ်များက ပြောသည်။

နှစ်ဖက်တပ်များအကြား စစ်ရေးတင်းမာမှုများ ရှိနေသည်။ တရုတ်-မြန်မာနယ်စပ်အနီး ရှမ်းပြည်မြောက်ပိုင်း သံလွင်မြစ် အရှေ့ဘက်ရှိ ပန်လုံမြို့နယ်နှင့် ဟိုပန်နယ်မြေအတွင်း ဝ’ တပ်မဟာ ၃၁၈ တပ်ဖွဲ့နှင့် စစ်အစိုးရ တပ်များအကြား ယခုလ ၁၇ ရက်နေ့တွင် ပစ်ခတ်မှုဖြစ်ရာ ဝ’ တပ်သားတဦး သေဆုံးခဲ့သည်ဟု အကဲခတ်များက ပြောသည်။