အမ်းမြို့နယ် ဒါးလက်အနောက်ရွာ မြသိန်းတန် ဘုရားကြီး ကျောင်းတိုက်ကြီး၏ ပဓာန နာယက ဆရာတော်ကြီး ဘဒ္ဒန္တ အကုင်္ရ ပျံလွန်တော်မူ

အမ်းမြို့နယ် ဒါးလက်အနောက်ရွာ မြသိန်းတန် ဘုရားကြီး ကျောင်းတိုက်ကြီး၏ ပဓာန နာယက ဆရာတော်ကြီး ဘဒ္ဒန္တ အကုင်္ရ ပျံလွန်တော်မူ

ရခိုင်ပြည်နယ် အမ်းမြို့နယ်၊ ဒါးလက်အနောက်ရွာ၊ သမိုင်းဝင် မြသိန်းတန် ဘုရားကြီး ကျောင်းတိုက်ကြီး၏ ပဓာနနာယက ဖြစ်တော်မူသော ဆရာတော်ကြီး ဘဒ္ဒန္တ အကုင်္ရ....

ရခိုင်ပြည်နယ် အမ်းမြို့နယ်၊ ဒါးလက်အနောက်ရွာ၊ သမိုင်းဝင် မြသိန်းတန် ဘုရားကြီး ကျောင်းတိုက်ကြီး၏ ပဓာနနာယက ဖြစ်တော်မူသော ဆရာတော်ကြီး ဘဒ္ဒန္တ အကုင်္ရ (သာသနဓဇဓမ္မာစရိယ၊ မဟာသဒ္ဓမ္မ ဇောတိကဓဇ) သည် ဇူလိူင်လ ၂၉ ရက်နေ့ နံနက် ၅ နာရီ မိနစ် ၂၀ တွင် ဘဝနတ်ထံ ပျံလွန်တော် မူသွားကြောင်း သတင်း ရရှိပါသည်။

ဆရာတော်ကြီး ပျံလွန်တော်မူချိန်တွင် သက်တော် ၈၀၊ ၀ါတော် ၆၀ ရှိပြီ ဖြစ်ကြောင်း သိရှိရပါသည်။

ဆရာတော်ကြီး ပျံလွန်တော်မူသွားခြင်းမှာ အစားထိုး မရနိုင်သော ဆုံးရှံုးမူကြီးတရပ် ဖြစ်ကြောင်း ယခု သီရိလင်္ကာ နိုင်ငံတွင် ပညာဆည်းပူးနေသူ အရှင်ကောဝိဒ (BA - Buddhism) က ယခုကဲ့သို့ မိန့်ကြားပါသည်။

"ဆရာတော်ကြီးဟာ ဘာသာရေး သာသနာရေးနဲ့ သာသနာတော် တိုးတက်ပြန့်ပွားရေးကို စွန်းစွန်းတမံ တစိုက်မတ်မတ် လုပ်ဆောင်ခဲ့တဲ့ ဆရာတော်ကြီး တပါး ဖြစ်တဲ့အတွက် ဦးဇင်း အနေနဲ့ အထူး နမျှောမိပါတယ်။ ဆရာတော်ဟာ ဦးဇင်းရဲ့ ဆရာသမား အရင်းလည်း ဖြစ်တဲ့အပြင် စာပေဗဟုသုတလည်း အထူးပြည့်စုံ ဖုံလုံံကြွယ်ဝတဲ့ ဆရာတော်ကြီး ဖြစ်ပါတယ်။ ဒါ့အပြင် ဆရာတော်ကြီးဟာ သီလ၊ သမာဓိ၊ ပညာဆိုတဲ့ အရာတွေနဲ့ ပြည့်စုံတဲ့အပြင် ပျံလွန်တော် မူချိန်ထိ တောရွာမှာ ကျောင်းထိုင်ပြီး ဘဝကို သာသနာတော်အတွက် မြှပ်နှံသွားခဲ့ပါတယ်။ ဦးဇင်း တွေးမိတာကတော့ ဆရာတော်ကြီးလို ဆရာတော်တွေ အများကြီး ရှိနိုင်ပေမယ့် စွန့်လွတ်အနစ်နာခံပြီး သာသနာတော် အကျိုးကို ဆောင်ရွက်ခဲ့တဲ့ ဆရာတော်ကြီးလို ဆရာတော်တွေက သိပ်များများ ရှိနိုင်မယ် မထင်ပါဘူး။"

၎င်းပြင် အရှင် ကောဝိဒက " ဒေသခံပြည်သူပြည်သားတွေ အနေနဲ့ ဆရာတော်ကြီး ပျံလွန်တော် မူသွားတဲ့ အတွက် အားလုံးသူ ငိုကြွေးတမ်းတမဆုံး ရှိနေကြတယ်လို့ သိရပါတယ်။ ပြည်သူများအပေါ် ဆရာတော်ကြီးဟာ ဘဝနတ်ထံ မစံခင်ထိ မလိမ္မာသော ပြည်သူတွေကို လိမ္မာလာစေရန် ဗုဒ္ဓတရားတော်နဲ့အညီ ဟောပြောပြသ ခဲ့တာကြောင့် အားလုံးသော သူရဲ့ တပည့် တပန်းတွေက ဆရာတော်အတွက် စိတ်မကောင်း ဖြစ်နေကြတယ်လို့ သိရပါတယ်" ဟု ပြောသည်။

ဆရာတော် မဟာထေရ်မြတ်၏ ထေရုပ္ပတ္တိ အကျဉ်းမှာ အောက်ပါအတိုင်း ဖြစ်သည်။

ဆရာတော်ကြီး လျောင်းလျာကို ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် စိုင်ခြုံ ကျေးရွာတွင် ခမည်းတော် ဦးအောင်ထွန်းနှင့် မယ်တော် ဒေါ်နီမခိုင် တို့မှ ကောဇာသက္ကရာဇ် (၁၂၉၂)၊ ခရစ်နှစ် ၁၉၃၀ ခုနှစ်တွင် မွေးဖွားသန့်စင်ခဲ့သည်။

ဆရာတော်လောင်း လျာသည် (၁၃၁၁) ခုနှစ်တွင် ရခိုင်ပြည်နယ်၊ အမ်းမြို့ နယ်၊ ရူးကျေးရွာတွင် ဆရာတော် ဦးပညာသာမိ မဟာထေရ် (နောင်ဒါးလက်ချောင်း သာသနာပြု၊ ဒါးလက် အနောက်ရွာ ဆရာတော်)ကို ဥပဇ္စျာယ်ပြု၍ ရှင်သာမဏေ အဖြစ်သို့ ရောက်ရှိခဲ့ပါသည်။

ဆရာတော် ဦးပညာသာမိ မဟာထေရ်သည် ဆရာတော် လောင်းလျာ၏ ဉာဏ်ရည်၊ ဉာဏ်သွေးနှင့်တကွသိမ် မွေ့သော လက္ခဏာ အရပ်ရပ်ကို မြင်တော်မူခြင်းကြောင့် မိမိ ကျောင်းထိုင်ရာဖြစ်သော ဒါးလက် အနောက်ရွာ သို့ တပါတည်း ခေါ်ဆောင် လာခဲ့ပါသည်။ ဆရာတော် လောင်းလျာသည် ဆရာတော် ဦးပညာသာမိ ထံတော်တွင် ၀ိနည်း၊သဒ္ဒါ၊ သဂြိုဟ်၊ လောက နီတိ စသော ဗုဒ္ဓ စာပေများကို အခြေခံမှအစ သင်ယူခဲ့ပါသည်။ ဆရာတော်သည် (၁၃၁၁) ခုနှစ်တွင် ကမ်းထောင်းကြီး ကျေးရွာနေ ရဟန်းဒကာမ ဒေါ်မကြီး၏ ပစ္စယာ နုဂ္ဂဟကို ခံယူ၍ ဒါးလက် အုပ်စု၊ သဲကမ်းထောင်း ကျေးရွာ၊ ဥဒကုက္ခေ သိမ်တော်တွင် ဆရာတော် ဦးပညာသာမိ မဟာထေရ်ကို ဥပဇ္စျာယ် ပြုလျက် မြင့်မြတ်သော ရဟန်း အဖြစ်ကို ရောက်ရှိတော်မူခဲ့ပါသည်။

ထိုမှ တဆင့် ဆရာတော် လျောင်းလျာသည် ရန်ကုန်မြို့ ခြောက်ထပ်ကြီး ဘုရားကြီးတိုက်နှင့် ဗဟန်း ညောင်တုန်း ပါဠိ တက္ကသိုလ် ကျောင်းတိုက်တို့ရှိ စာချ အကျော်ဆရာတော်တို့၏ အရိပ်အာဝါသကို ခိုလှုံခါ အဆင့်မြင့် ဗုဒ္ဓ စာပေ တို့ကို သင်ယူခဲ့ပြီး (၁၃၁၈) ခုနှစ်တွင် အစိုးရ သာသန ဓဇဓမ္မာ စရိယ ဘွဲ့ကို ရရှိ အောင်မြင်တော်မူသည်။

ဆရာတော်သည် သက်တော် ငယ်ရွယ်ချိန် အခါကပင် မဟာစည် ဆရာတော် ဘုရားကြီး၏ ဥပနိဿယနည်း အတိုင်း မဟာစည် နယ်လှည့် ကထိက အဖြစ် ဖြင့် တွံတေးမြို့ အိုးဘို မဟာစည် သာသနာ့ ရိပ်သာတွင် တရားဟော တရား ပြရင်းဖြင့် ဧရာဝတီတိုင်း ဒေးဒရဲမြို့နယ် မြစ်တန်း ဆင်ကူးကျောင်းတွင် ကျောင်းထိုင်၍ ဒေးဒရဲမြို့နယ်၊ ကျိုက်လတ်၊ ဖျာပုံ၊ မော်ကျွန်း လေး မြို့နယ် စာမေးပွဲ အထွေထွေ အတွင်းရေးမှူး တာဝန်ကိုလည်း ထမ်းဆောင်ကာ ဒကာ၊ ဒကာမ များကို တရားရေအေး အမြိုက်ဆေး တိုက်ကျွေးလျက် နှစ်ပေါင်း (၂၀)ကျော် သာသနာ ပြုခဲ့ပါသည်။

ဆရာတော်သည် ကိုယ့်မြေ ကိုယ့်ရပ်ဖြစ်သော ဇာတိမြေ ဒါးလက်ချောင်းသို့ ပြန်လည်ကြွလာကာ ရှေ့ဟောင်း သမိုင်းဝင် မြသိန်းတန် ဘုရားကြီးအား စောင့်ရှောက် မွန်းမံလျက် ဒါးလက် အနောက်ရွာရှိ ဒကာ၊ ဒကာမတို့ အပေါ်၌ ရင်ဝယ်သားကဲ့သို့ ဂရုဏာကြီးထားကာ တရားရေအေး အမြိုက်ဆေး တိုက်ကျွေးလျက် သာသနာ တိုးတက် စည်ပင်ရေးကို စွမ်းစွမ်းတမံ ဆောင်ရွက်တော် မူခဲ့သည်။

ဆရာတော်သည် ဂိုဏ်းပေါင်းစုံ နိုင်ငံတော် သံဃာ့ မဟာနာယက အဖွဲ့ သံဃာ့ သမုတိ သံဃာ့ ကိုယ်စားလှယ်် တာဝန်ကို လည်းကောင်း၊ ကျောက်ဖြူ မြို့ နဂါးဂိုဏ်းကြီး၏ ဩဝါဒါစရိယ တာဝန် ကိုလည်းကောင်း၊ ၄င်းနောက် ဒါးလက်ချောင်း သာသနာ့ ပြန့်ပွားရေးနှင့် ကျောင်းရှိ သာသနိက အဆောက် အအုံများကို ပြန်လည် မွှန်းမံ တည်ဆောက် ခြင်း၊ အသစ်တိုးချဲ့ခြင်း အစ ရှိသော သာသနာတော် တိုးတက် ပြန့်ပွားရေး လုပ်ငန်းများကို စွမ်းစွမ်းတမံ ဆောင်ရွက်ခြင်း တို့ကြောင့် ၂၀၀၇ ခုနှစ်တွင် နအဖ စစ်အစိုးရမှ မဟာသဒ္ဓမ္မ ဇောတိက ဓဇဘွဲ့ကို ဆက်ကပ်ခြင်း ခံရပါသည်။

ဆရာတော်ဘုရားကြီးသည် သာသနာအတွက ်အသက်ကို ပဓာနမထားဘဲ သာသနာတော် တိုးတက် စည် ပင်ရေးကို စွမ်းအားရှိမျှ ဆောင်ရွက်ယင်းဖြင့် ဘုရား၊ ရဟန္တာ အရှင်မြတ်တွေတောင် လွန်ဆန်လို့ မရသော မရဏ သေမင်း လက်အတွင်းသို့ ကျရောက်ကာ (၁၃၇၂)ခုနှစ်၊ ၀ါဆို လ ပြည့်ကျော် (၃)ရက်နေ့၊ ၂၀၁၀ ခုနှစ် ဇူလိူင်လ ၂၉ ရက် ကြာသပတေး နေ့နံနက် အာရုဏ်ချိန် ( ၅) နာရီ (၂၀ ) မိနစ်တွင် ဘဝနတ်ထံ ပျံလွန်တော်မူသွားခဲ့ပါသည်။

ဆရာတော် ပြောနေကြဖြစ်တဲ့ သာသနာပြု ဆောင်ပုဒ်

စိတ်ရှည်ဇွဲသန်၊သည်းငြီးခံ၊ပြုရန်သာသနာ၊

သာသနာအကျိုးတို့သယ်ပိုးမလွဲအောင်မြင်မည်။

(အထ္တုပ္ပတိ အကျဉ်းရေးသားသူ တပည့်..အရှင်ကောဝိဒ - သီရိလင်္ကာ)

Most read this week