နစက တပ်ကြပ်ကြီး တဦး နယ်စပ်တွင် ပစ်သတ်ခံရ

နစက တပ်ကြပ်ကြီး တဦး နယ်စပ်တွင် ပစ်သတ်ခံရ
by -
မင်းဆက်ခိုင်

ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် နစက တပ်ကြပ်ကြီး တဦးကို အမည်မသိသူ တဦးက သေနတ်ဖြင့် ပစ်ခတ် သွားသဖြင့် ဇူလိူင်လ ၂၇ ရက်နေ့က ပွဲချင်းပီး သေဆုံး....

ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် နစက တပ်ကြပ်ကြီး တဦးကို အမည်မသိသူ တဦးက သေနတ်ဖြင့် ပစ်ခတ် သွားသဖြင့် ဇူလိူင်လ ၂၇ ရက်နေ့က ပွဲချင်းပီး သေဆုံးသွားကြောင်း သတင်း ရရှိသည်။

သေဆုံးသွားသူမှာ တပ်ကြပ်ကြီး စိုးနိုင်ဖြစ်ပြီး မောင်တောမြို့နယ် မကျည်းချောင်း ကျေးရွာအနီးရှိ ကင်းစခန်း တခုမှ ဖြစ်သည်။

တပ်ကြပ်ကြီး စိုးနိုင်နှင့် အတူ တခြား နစက တပ်သားတဦးတို့ မကျည်းချောင်း ကျေးရွာတွင် အရက်သောက် နေကြစဉ် အမည်မသိသူ တဦးက လာရောက် ပစ်ခတ်သွားခဲ့ ခြင်းဖြစ်သည်ဟု ကျေးရွာသား တဦးက ပြောသည်။

“ညနေ ၆နာရီလောက် ရှိမယ်ထင်ပါတယ်။ တပ်ကြပ်ကြီး စိုးနိုင်နဲ့ တခြား တပ်သား တဦးဖြစ်တဲ့ ဝင်းမြင့်တို့ အရက်သောက်နေတဲ့ အချိန်မှာ အမည် မသိသူ တယောက်က သေနတ်နဲ့ ပစ်ခတ်ပြီးတော့ ထွက်ပြေးသွား ပါတယ်။ တပ်ကြပ်ကြီး စိုးနိုင်က အဲဒီနေရာမှာပဲ ပွဲချင်းပြီး သေဆုံး သွားခဲ့ပါတယ်။”

တပ်ကြပ်ကြီး စိုးနိုင်မှာ မောင်တောမြို့နယ် မကျည်းချောင်းကျေးရွာအနီရှိ နစက စခန်းတခုတွင် တာဝန်ကျနေစဉ် ယခုကဲ့သို့ ပစ်သတ်ခံရခြင်း ဖြစ်သည်။

“ဘယ်သူဘယ်ဝါ သတ်တယ်ဆိုတာကိုတော့ အတိကျ မသိရသေးဘူး။ သူ့ကို မကျေနပ်တဲ့ သူတွေထဲက တယောက်ယောက်လည်း ဖြစ်နိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် အဲဒီ တပ်ကြပ်ကြီး စိုးနိုင်က ရွာသားတွေ အပေါ်မှာ ဗိုလ်ကျ ညှင်းပန်း နှိပ်စက် တာတွေ ရှိနေတဲ့ အတွက် ဖြစ်ပါတယ်” သူက ဆက်ပြောသည်။

သို့သော်လည်း အရပ်သားများ အနေဖြင့် နစက တပ်ဖွဲ့ဝင် တဦးကို လုပ်ကြံသတ်ဖြတ်ရန်မှာ မဖြစ်နိုင်ကြောင်းနှင့် နစက အချင်းချင်းထဲက ဖြစ်နိုင်ကြောင်း အများက ဝေဖန်ပြောဆိုလျှက် ရှိကြောင်း သိရသည်။

ယခုအခါတွင် ကျေးရွာသားများကို နစက အာဏာပိုင်များက ခေါ်ယူစစ်ဆေး မေးမြန်းမှုများ ပြုလုပ်နေပြီး အဆိုပါ တရားခံအား အပူတပြင်း လိုက်ရှာနေကြကြောင်း သိရသည်။

အခင်း ဖြစ်ပွားရာ မကျည်းချောင်းကျေးရွာသည် မောင်တောမြို့ တောင်ပိုင်းတွင် ရှိပြီး ယခင်က ရခိုင်လူမျိုးများ နေထိုင်သော ကျေးရွာဖြစ်သော်လည်း ယခုအခါ မူဆလင်အများစု နေထိုင်လျှက် ရှိကြောင်း သိရသည်။

Most read this week