ရန်ကုန်တိုင်း မြောက်ဥက္ကလာ ရတနာသိင်္ဂီစျေးအတွင်း ယခုလ ၁ ရက်နေ့တွင် ပါတီရန်ပုံငွေ ကောက်ခံခဲ့သဖြင့် ၂ဝ၁ဝ ရွေးကောက်ပွဲဝင်မည့် ပါတီ ၂ ရပ်မှ ဗဟိုကော်မတီဝင် ၆ ဦးကို မြို့နယ် ...
နယူးဒေလီ (မဇ္စျိမ) ။ ။ ရန်ကုန်တိုင်း မြောက်ဥက္ကလာ ရတနာသိင်္ဂီစျေးအတွင်း ယခုလ ၁ ရက်နေ့တွင် ပါတီရန်ပုံငွေ ကောက်ခံခဲ့သဖြင့် ၂ဝ၁ဝ ရွေးကောက်ပွဲဝင်မည့် ပါတီ ၂ ရပ်မှ ဗဟိုကော်မတီဝင် ၆ ဦးကို မြို့နယ် စည်ပင်သာယာရေး တရားရုံးက ယနေ့ တရားစွဲဆိုလိုက်သည်။
၈၈ မျိုးဆက် ကျောင်းသားလူငယ်များ (ပြည်ထောင်စု မြန်မာနိုင်ငံ) ဗဟိုဦးစီးအဖွဲ့ဝင် ဦးခင်မောင်ဝင်း အပါအဝင် ၃ ဦးနှင့် ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား နိုင်ငံရေးအဖွဲ့ချုပ် UMFMP ဗဟိုဦးစီးအဖွဲ့ဝင် ဦးအောင်မင်းသူ အပါအဝင် ၃ ဦးကို စည်ပင်ဥပဒေ ပုဒ်မ ၂၈ အရ တရားစွဲခြင်း ဖြစ်သည်။
“ဒီနေ့က လူမစုံလို့လေ၊ သူတို့ သမန်စာပို့တာက ၂ ယောက်ပဲ ရတယ်။ အားလုံးပေါင်း ၆ ယောက် ခေါ်ထားတယ်။ ရုံးကို ၅ ယောက်ပဲ ရောက်သွားတယ်။ ဦးခင်မောင်ဝင်းက နေမကောင်းလို့ ပါမလာဘူး။ ကျန်တဲ့ လူတွေကလည်း သမန်စာ မရောက်ဘဲ သွားလိုက်တော့ ကျန်တဲ့ လူတွေ စာမပါလို့ဆိုပြီး နောက်တပတ် ၉ ရက်နေ့မှာ ပြန်ချိန်းလိုက်တယ်” ဟု ကိုယ်တိုင် တရားစွဲခံရသည့် ဗဟို ပြန်ကြားရေးအဖွဲ့ဝင် ကိုရဲဇေယျဝင်းက မဇ္စျိမကို ပြောသည်။
စည်ပင်သို့ လာရောက် တွေ့ဆုံဖြေရှင်းရန် အရှေ့ပိုင်းခရိုင် စည်ပင်သာယာ အုပ်ချုပ်ရေးမှူး၏ လက်မှတ်ဖြင့် ပေးစာများကို ပါတီ ၂ ရပ်မှ ဦးရဲဇေယျဝင်း၊ ဦးစည်သူမောင်၊ ဦးအောင်မြင့်သူ၊ ဦးဇေယျအောင်၊ ဦးခင်မောင်ဝင်းနှင့် ကိုဖိုးထောင်တို့ထံ ယခုလ ရ ရက်၊ ၉ ရက်နှင့် ၁၂ ရက်နေ့များတွင် ပေးပို့ခဲ့သော်လည်း သွားရောက်ခဲ့ခြင်း မရှိရာမှ ယနေ့တွင် စျေးစည်ပင် အရာရှိက တရားလိုလုပ်ကာ တရားစွဲဆိုမှု စတင်ခြင်း ဖြစ်သည်။
ပါတီရန်ပုံငွေ မကောက်ခံခင် စျေးတာဝန်ခံရုံး ဝန်ထမ်းများက အလှူခံခွင့် မရှိကြောင်းနှင့် အလှူခံပါက စည်ပင် ဥပဒေအရ အရေးယူ ခံရနိုင်ကြောင်း တားမြစ်ခဲ့သော်လည်း ပါတီ တာဝန်ရှိသူများက ကောက်ခံခဲ့ကြသည်။
ပုဒ်မ ၂၈ အရ ပြစ်မှုထင်ရှားပါက ထောင်ဒဏ် ၁ နှစ် သို့မဟုတ် ငွေဒဏ် ကျပ် ၅ သောင်း သို့မဟုတ် ပြစ်ဒဏ်နှစ်ရပ် တပေါင်းတည်း ကျခံရနိုင်ကြောင်း သိရသည်။