စစ်ပြေးဒုက္ခသည်များကို ထိုင်းစစ်တပ်က နေရပ်ရင်း ပြန်လွှတ်

စစ်ပြေးဒုက္ခသည်များကို ထိုင်းစစ်တပ်က နေရပ်ရင်း ပြန်လွှတ်
by -
ခိုင်စု

ထိုင်းနိုင်ငံတောင်ပိုင်း တာ့ခ်ခရိုင် ဖုတ်ဖရမြို့နယ်ရှိ မောကဲထိုင်းနှင့် မော်လီချိုင်းရွာများသို့ ထွက်ပြေးလာသော ကရင်ဒုက္ခသည် ၁ဝဝဝ နီးပါးကို ထိုင်းစစ်တပ်က နေရပ်ရင်းသို့ ...

နယူးဒေလီ (မဇ္ဈိမ) ။    ။ ထိုင်းနိုင်ငံတောင်ပိုင်း တာ့ခ်ခရိုင် ဖုတ်ဖရမြို့နယ်ရှိ မောကဲထိုင်းနှင့် မော်လီချိုင်းရွာများသို့ ထွက်ပြေးလာသော ကရင်ဒုက္ခသည် ၁ဝဝဝ နီးပါးကို ထိုင်းစစ်တပ်က နေရပ်ရင်းသို့ ယမန်နေ့က ပြန်လွှတ်ခဲ့ကြောင်း သိရသည်။

ကရင်ပြည်နယ် မြဝတီမြို့နယ် ဝါ့မီထာ့၊ လေးဝေါ်၊ ဆုံဆည်းမြိုင်နှင့် သေ့ဘောဘိုးရွာမှ ဒုက္ခသည် ၆ဝဝ ကျော်သည် မော်လီချိုင်းသို့လည်းကောင်း၊ ၃၇ဝ ခန့်သည် မောကဲထိုင်းသို့လည်းကောင်း ခိုလှုံရောက်ရှိရာမှ ထိုင်းစစ်တပ်က ပြန်လွှတ်သဖြင့် လူဦးရေ ၉ဝဝ ခန့် နေရပ်ပြန်သွားခြင်း ဖြစ်သည်။

၎င်းတို့သည် မြန်မာစစ်တပ်နှင့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်တပ်မတော် DKBA တပ်မဟာ ၅ အကြား တိုက်ပွဲများ ဖြစ်လာနိုင်သည်ဟု ယူဆကာ ယခုလ ၂၅ ရက်နေ့က သောင်ရင်းမြစ် တဖက်ကမ်းရှိ ထိုင်းနိုင်ငံထဲသို့ ထွက်ပြေးလာသူများ ဖြစ်သည်။

ယခုအခါ မော်လီချိုင်းရွာတွင် ကလေးများနှင့် သက်ကြီးရွယ်အို ၁ဝဝ ခန့်သာ ဆွေမျိုးများအိမ်တွင် ကျန်ရစ်ခဲ့ကြသည်။

“နအဖ စစ်တပ်က DKBA တပ်မဟာ ၅ ကို နယ်ခြားစောင့်တပ် လုပ်ခိုင်းတာ သဘောမတူလို့ ချကြတော့မယ်လေ။ အဲဒါကြောင့် ထွက်ပြေးကြတာ။ အခုတော့ ထိုင်းစစ်တပ်က တိုက်ပွဲမဖြစ်သေးဘူး၊ ပြန်ဆိုလို့ ပြန်ကြတာ” ဟု သေ့ဘောဘိုးရွာမှ ရွာသား တဦးက မဇ္ဈိမကို ပြောသည်။

မော်လီချိုင်းရွာသား တဦးကလည်း “တကယ် တိုက်ပွဲမဖြစ်သေးဘဲနဲ့ ဒီလို ထွက်ပြေးလာတော့ ရွာမှာ နေစရာ ကျပ်တယ်။ ကျောင်းကလည်း မနက်ဖြန် ဖွင့်တော့မယ်၊ တိုက်ပွဲမဖြစ်သေးတဲ့အတွက် ပြန်ကြဆိုတော့ ပြန်သွားကြတာ” ဟု မဇ္ဈိမကို ပြောသည်။

ကရင် စစ်ပြေးဒုက္ခသည်များသည် မူလတန်းကျောင်းများနှင့် ဆွေမျိုးများ နေအိမ်တွင် ခိုလှုံခဲ့ကြသည်ဟု မော်လီချိုင်းရွာသို့ ရေသန့်နှင့် စားနပ်ရိက္ခာများ သွားရောက်ကူညီခဲ့သူ ကရင်အမျိုးသမီးများ အစည်းအရုံး KWO မှ တာဝန်ရှိသူ တဦးက မဇ္ဈိမကို ပြောသည်။

ထိုင်းနိုင်ငံဘက်သို့ ကရင်လူမျိုး သက်ကြီးရွယ်အိုများ၊ အမျိုးသမီးများနှင့် ကလေးများ ထွက်ပြေးလာပြီး အမျိုးသား အများစုသည် အိမ်စောင့်အဖြစ် ကျန်ရစ်ခဲ့ကြသည်။

နေရပ်ရင်းသို့ ပြန်ရောက်ကြသော စစ်ပြေးဒုက္ခသည်များသည် တိုက်ပွဲဖြစ်ပွားလျှင် ထွက်ပြေးကြရန် အဆင်သင့် ပြင်ဆင်ထားပြီး ထိတ်လန့်ကြောက်ရွံ့စိတ်ဖြင့် နေထိုင်လျက်ရှိကြောင်း သိရသည်။

“ကျနော်တို့ကို ထိုင်းစစ်တပ်က ပြန်ခိုင်းလို့ ပြန်လာပေမယ့် တိုက်ပွဲဖြစ်တော့မယ်ဆိုရင် ပြန်ပြေးရမှာပဲ” ဟု သေ့ဘောဘိုး ရွာသားက ဆိုသည်။

ထိုင်းနိုင်ငံတောင်ပိုင်းရှိ မဲအိုဟူးရွာသို့လည်း မြဝတီမြို့နယ် ဝေါလေး၊ ထီးသားလို၊ ပေါ်ကလို၊ ထီးဝါးမီထာ့နှင့် တို:ဝါ ရွာများမှ သက်ကြီးရွယ်အိုများနှင့် ကလေးငယ်များ စုစုပေါင်း ဦးရေ ၅ဝ ခန့်သည် ယမန်နေ့ နံနက်မှစတင်၍ ခိုလှုံရောက်ရှိလာကြောင်း သိရသည်။

“မနေ့ကတည်းက သူတို့ မသွားမလာနိုင်တဲ့ လူကြီးတွေနဲ့ ကလေးတွေကို လာပို့ပြီးတော့ ပြန်သွားကြတယ်။ ထိုင်းစစ်တပ်ကလည်း လာကြည့်ပါတယ်။ ဘာမှတော့ မပြောဘူး” ဟု မဲအိုဟူးရွာခံ တဦးက မဇ္ဈိမကို ပြောသည်။

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် အခြေစိုက် စကခ (၈) မှ ဗိုလ်မှူးချုပ်သန်းစိုးက DKBA တပ်မဟာ (၅) တပ်မဟာမှူး ဗိုလ်မှူးကြီးစောလားပွယ် (ဗိုလ်မှူး နှုတ်ခမ်းမွှေး) ကို လာမည့်လ ၁ဝ ရက်နေ့ နောက်ဆုံးထား၍ နယ်ခြားစောင့်တပ်ဖွဲ့ရန် ဇွန်လဆန်းပိုင်း၌ သတိပေးမှုများ ရှိခဲ့ကြောင်း ကရင် သတင်းဌာန KIC တွင် ရေးသားထားသည်။

Most read this week