သျှမ်းပြည် (မြောက်ပိုင်း) မူစယ်နှင့် နမ့်ခမ်းမြို့နယ်များအတွင်း၌ ၀န်ကြီးချုပ် ဦးသိန်းစိန်ဦးဆောင်သည့် ကြံ့ခိုင်ရေးပါတီ ရုံးခန်းများကို သြဂုတ်လဆန်းပိုင်း၌ စတင်ဖွင့်လှစ်...
သျှမ်းပြည် (မြောက်ပိုင်း) မူစယ်နှင့် နမ့်ခမ်းမြို့နယ်များအတွင်း၌ ၀န်ကြီးချုပ် ဦးသိန်းစိန်ဦးဆောင်သည့် ကြံ့ခိုင်ရေးပါတီ ရုံးခန်းများကို သြဂုတ်လဆန်းပိုင်း၌ စတင်ဖွင့်လှစ်တော့မည် ဖြစ်ကြောင်း သိရသည်။
လူမှုရေးလုပ်ငန်းအတွက် တည်ထောင်ထားသော ကြံ့ခိုင်ရေးအသင်း၏ ဆိုင်းဘုတ်များကို ရန်ကုန်တိုင်းနှင့် နေရာတချို့တွင် ယခုလဆန်းပိုင်းက စတင်ဖြုတ်ချပြီး ပါတီရုံးခန်းများဖွင့်လှစ်နေသော်လည်း မူစယ်နှင့် နမ့်ခမ်းမြို့နယ်များတွင် အသင်းဆိုင်းဘုတ်နှင့် ရုံးခန်းများကို ယနေ့အထိ ဆက်လက်ထားရှိဆဲ ဖြစ်သည်။
အဆိုပါဒေသအတွင်း ကြံ့ခိုင်ရေးပါတီရုံးခန်းများ ဖွင့်လှစ်ခြင်း မရှိသေးသည့် တိုင်အောင် ပါတီအတွက် လူထု စည်းရုံးရေး လုပ်ငန်းများကို ကြံ့ခိုင်ရေးအသင်းက ကြိုတင်ဆောင်ရွက်နေရာ ယခုလကုန်တွင် လုပ်ငန်းများ နိဂုံးချုပ်ပြီး ကြံ့ခိုင်ရေးပါတီရုံးခန်းများ ဖွင့်လှစ်မည်ဟု အသင်းနှင့်နီးစပ်သည့် အသိုင်းအဝိုင်းကသျှမ်းသံတော် ဆင့်သို့ ပြောသည်။
“အခုက နမ့်ခမ်းမြို့နယ်ထဲက ပလောင်ဒေသတွေမှာ စည်းရုံးရေးဆင်းနေတယ် ဒီလကုန်ရင်တော့ စည်းရုံး ရေး လုပ်ငန်းတွေ နိဂုံးချုပ်မယ် ဒါပြီးမှပဲ အင်အားစာရင်းတွေ သိမယ် နိဂုံးချုပ်ပြီးရင်တော့ ကြံ့ခိုင်ရေးပါတီ ဆိုင်းဘုတ်တို့ ရုံးခန်းတို့ကို မူစယ် နဲ့ နမ့်ခမ်းမြို့နယ်တွေမှာဖွင့်မယ်” ဟု အသင်းနှင့် နီးစပ်သူကဆိုသည်။
နမ့်ခမ်းမြို့နယ်အတွင်း၌ ကြံ့ခိုင်ရေးအသင်းအနေဖြင့် လူထုစည်းရုံးရေး လုပ်ငန်းများကို ဂျွန်လလယ်ပိုင်း ကတည်းက စတင် လုပ်ဆောင်ခဲ့ပြီး ယခုအခါ ပလောင်ကျေးရွာများဖြစ်သည့် တာလု၊ ကောင်းခေ၊ မန့်အော့ နှင့်နမ့်စလိရွာများတွင် ဆက်လက် စည်းရုံးရေးဆင်း နေကြောင်းသိရသည်။
၁၉၉၃ တွင် နအဖခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ နာယက အဖြစ်ဆောင်ရွက်၍ လူမှုရေးအသင်း အမည်ဖြင့် တည်ထောင်ခဲ့သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်းအား ပါတီအဖြစ်အသွင်ပြောင်း ရန် ယခုလ ၆ ရက်နေ့ တွင် ဖျက်သိမ်းလိုက်ကြောင်း သိရသည်။
အသင်းမှ အသွင်ပြောင်းလာသော ကြံ့ခိုင်ရေး ပါတီအား စစ်ဗိုလ်တဖြစ်လဲ နအဖဝန်ကြီးချုပ် ဦးသိန်းစိန်နှင့် အပေါင်းအပါ ၀န်ကြီးများ ဦးဆောင်၍ ၂၀၁၀ ရွေးကောက်ပွဲဝင်ရန် ပါတီမှတ်ပုံတင်ခဲ့ရာ ပါတီမှတ်ပုံတင်ကျခဲ့ ပြီး ရွေးကောက်ပွဲဝင်ရန် ပြင်ဆင်နေခြင်း ဖြစ်သည်။
နအဖစစ်အစိုးရက မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားသူများအား အကြမ်းဖက်နှိပ်ကွပ်ရာတွင် လူမှုရေးအသင်း အမည်ခံထားသော အဆိုပါ ကြံ့ခိုင်ရေးအသင်းအား လက်ကိုင်တုတ်သဖွယ် အသုံးချခဲ့ကြောင်းသတင်းထွက် ပေါ်ခဲ့သည်။
ဤအသင်းကို နိုင်ငံရေးပါတီဝင်ဖြစ်ခွင့်မရှိသည့် အစိုးရဝန်ထမ်းများအတွက် သာသနာ နုဂ္ဂဟအသင်းအဖြစ် ပြင်ဆင်ပြောင်းလဲခေါ်ဝေါ်နေပြီဟု ဒီမိုကရက်တစ်မြန်မာ့အသံ (DVB) က ၂၃/၇/၂၀၁၀ ရက်နေ့၌ ထုတ်လွှင့်ခဲ့သည်။