ဝန်ကြီး၏ ပြောဆိုချက်ကို အလုပ်သမားအရေး လှုပ်ရှားသူများ သတိဖြင့် ကြိုဆို

ဝန်ကြီး၏ ပြောဆိုချက်ကို အလုပ်သမားအရေး လှုပ်ရှားသူများ သတိဖြင့် ကြိုဆို
by -
ကျော်ခ

စစ်အစိုးရ နိုင်ငံခြားရေး ဒုဝန်ကြီး ဦးမောင်မြင့်က ထိုင်းနိုင်ငံ အလုပ်သမား ဝန်ကြီးနှင့် ထိုင်းနိုင်ငံ၌ တွေ့ဆုံစဉ် တရားမဝင် မြန်မာ အလုပ်သမား များကို ဖမ်းဆီးတရားစွဲဆိုခြင်း မပြုရန် ထည့်သွင်း ဆွေးနွေး....

စစ်အစိုးရ နိုင်ငံခြားရေး ဒုဝန်ကြီး ဦးမောင်မြင့်က ထိုင်းနိုင်ငံ အလုပ်သမား ဝန်ကြီးနှင့် ထိုင်းနိုင်ငံ၌ တွေ့ဆုံစဉ် တရားမဝင် မြန်မာ အလုပ်သမား များကို ဖမ်းဆီးတရားစွဲဆိုခြင်း မပြုရန် ထည့်သွင်း ဆွေးနွေးခဲ့မှုအပေါ် အလုပ်သမားရေး လှုပ်ရှားနေသူများနှင့် အလုပ်သမားများက သတိဖြင့် ကြိုဆိုလိုက်ကြသည်။

မြန်မာဝန်ကြီးက ထိုင်းနိုင်ငံ ပရက်ချာချီရီကန်မြို့ Anantara Hotel တွင် ယခုလ ၁၅ ရက်နေ့၌ ကျင်းပသော နှစ်နိုင်ငံ ဝန်ကြီးများအဆင့် အစည်းအဝေးတွင် အလုပ်သမားသစ်များ အချိန်မီစေ လွှတ်နိုင်ရေး၊ တရားမဝင် မြန်မာအလုပ်သမားများကို ဖမ်းဆီးတရားစွဲဆိုမှုမပြုရေး၊ အလုပ်သမား လက်မှတ် မှတ်ပုံတင်ကာလ တိုးမြှင့်ပေးရေးတို့ကို ဆွေးနွေးခဲ့သည့်အပေါ် ကြိုဆိုလိုက်ကြခြင်း ဖြစ်သည်။

ယင်းအစည်းအဝေးသို့ ဒုဝန်ကြီး ဦးမောင်မြင့်နှင့်အတူ အဖွဲ့ဝင် ၅ ဦးသည် ထိုင်း အလုပ်သမား ဝန်ကြီး မစ္စတာ ချလမ်ချိုင်းဆရီအွန်၏ ဖိတ်ကြားချက်အရ ဝန်ကြီးအဆင့်နှင့် အဆင့်မြင့်အရာရှိများ အစည်းအဝေးများ တက်ရောက်ရန် ထိုင်းနိုင်ငံသို့ ယခုလ ၁၄-၁၆ အထိ သွားရောက်ခဲ့သည်။

“ဒါအတွက်တော့ ကြိုဆိုပါတယ်။ ဘာလို့လဲဆိုတော့ ဒါဟာ ပထမဆုံးအကြိမ် ကိုယ့်နိုင်ငံသားတွေ အပေါ် အနည်းအကျဉ်း ပြန်အသိအမှတ်ပြုလာတဲ့ သဘောပါ။ အရင်ကဆို နိုင်ငံစွန့်ခွာသွားသူတွေ ဆိုပြီး မျိုးစုံ အနိုင်ကျင့်နေတာပါ” ဟု ပြည်ထောင်စု မြန်မာနိုင်ငံ ညွှန့်ပေါင်းအစိုးရ NCGUB မှ ရွှေ့ပြောင်း အလုပ်သမားရေးရာဌာန တာဝန်ခံ ကိုသက်ခိုင်က မဇ္စျိမကို ပြောသည်။

“အခုလို ဆွေးနွေးမှုကို ကြိုဆိုပါတယ်။ ဒါပေမဲ့ မြန်မာအစိုးရ လုပ်ဆောင်နေတာတွေက အရမ်းရှုပ် ထွေးလွန်းပါတယ်။ ဒီထက်ပိုပြီး ပိုကောင်းအောင် လုပ်ဆောင် ပေးသင့်ပါတယ်။ အခွန်အခ ကိစ္စ တွေ၊ နောက်ပြီးကျနော်တို့ ရှိတဲ့ နေရာတွေမှာ ရုံးခွဲတွေ ဖွင့်လွှင့်ပြီး နယ်စပ်ပတ်စပို့ လုပ်ငန်းတွေကို ဒီထက်အဆပေါင်းများစွာ မြန်ဆန်အောင် လုပ်ဆောင့်သင့်ပါတယ်” ဟု ရွှေ့ပြောင်းအလုပ်သမား ကိုဇေယျာက မဇ္စျိမကို ပြောသည်။

ရွှေ့ပြောင်း အလုပ်သမားတဦးဖြစ်သူ ကိုကျော်သူကလည်း နှစ်နိုင်ငံအစိုးရများ ညှိနှိုင်းနေမှု အတွက် ဝမ်းသာကြောင်း ပြောဆိုကာ၊ ယာယီနိုင်ငံကူး လက်မှတ်ကို အခကြေးငွေ၊ အခွန်အခ သက်သာစွာဖြင့် မြန်မာဘက်ခြမ်းတွင်သာမက ရွှေ့ပြောင်းအလုပ်သမားများရှိသည့် ထိုင်းမြို့များတွင်ပါ လွယ်လင့်တကူ ပြုလုပ်နိုင်ရန် ဆောင်ရွက်ပေးစေလိုကြောင်းနှင့် ဥပဒေအရ အာမခံပေးခြင်းနှင့် ကျန်းမာရေးဆိုင်ရာ စောင့်ရှောက်မှုများ တိုးမြှင့် လုပ်ဆောင် ပေးရန်လည်း ညှိနှိုင်းပေးစေလိုကြောင်း ပြောသည်။

တရားမဝင် ရွှေ့ပြောင်းအလုပ်သမားများ တရားဝင်ဖြစ်စေရန်နှင့် လူကုန်ကူးမှုများ ပပျောက်စေရန် ရည်ရွယ်ပြီး ယာယီနိုင်ငံကူး လက်မှတ်များကို ထိုင်း-မြန်မာ နယ်စပ်များတွင် ယခင်နှစ်ဆန်းမှ စတင်ထုတ်ပေးနေသည်။

ထိုင်းနိုင်ငံ၌ တရားမဝင် လာရောက်အလုပ်လုပ်နေကြသည့် မြန်မာ၊ လာအိုနှင့် ကမ္ဘောဒီးယား ရွှေ့ပြောင်းအလုပ်သမားများကို အထူးဌာနတခု ဖွင့်လှစ်ပြီး “နှိမ်နှင်းဖမ်းဆီးရန်နှင့် တရားစွဲဆိုရန်” ထိုင်းဝန်ကြီးချုပ် အဖိဆစ်ဝေ့ချာချီဝက ဇွန်လ ၂ ရက်နေ့၌ လက်မှတ်ထိုး ထုတ်ပြန် လိုက်ပြီးနောက် ယနေ့ထိ နေ့စဉ် ဖမ်းဆီးမှုများရှိနေကြောင်း မြန်မာနိုင်ငံ ဒီမိုကရေစီရရှိရေး ထိုင်းလှုပ်ရှားမှု ကော်မတီ TACDB မြန်မာအပိုင်း ဒါရိုက်တာ ဦးမြင့်ဝေက ပြောသည်။

မြန်မာနိုင်ငံခြားရေး ဒုဝန်ကြီးက ယင်းသို့ တင်ပြတောင်းဆိုထားမှုများနှင့် ပတ်သက်၍မူ ပြည်ထဲရေး ဌာနအပါအဝင် သက်ဆိုင်ရာဌာနအချို့နှင့် ဆွေးနွေးညှိနှိုင်းရဦးမည်ဟု ထိုင်းအလုပ်သမားဝန်ကြီး ဌာနက BBC မြန်မာပိုင်း အစီအစဉ်ကို ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်းလုပ်သား ၂ သန်းကျော်အနက် ၉ သိန်းခန့်သာ တရားဝင် နေထိုင်ခွင့် ရှိသူများဖြစ်သည်ဟု လူ့အခွင့်အရေး လှုပ်ရှား သူများနှင့် အလုပ်သမားအဖွဲ့များက ခန့်မှန်းကြသည်။ ထို ၉ သိန်းအနက် ယခုနှစ် မေလ ၂၆ ရက်နေ့အထိ နိုင်ငံကူးလက်မှတ် ထုတ်ပေးပြီးသူ ဦးရေမှာ ၉ဝ၉၁၈ သာ ရှိသေးကြောင်း စစ်အစိုးရ၏ တရားဝင် ကိန်းဂဏန်းအရ သိရသည်။

Most read this week