ဖားကန့်တွင် ချောင်းရေလျှံသဖြင့် မြို့ပေါ်ရပ်ကွက်များ ရေနစ်မြုပ်

ဖားကန့်တွင် ချောင်းရေလျှံသဖြင့် မြို့ပေါ်ရပ်ကွက်များ ရေနစ်မြုပ်
by -
မြင့်မောင်
မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကမ္ဘာကျော် ကျောက်စိမ်းတွင်း တည်ရှိရာ ကချင်ပြည်နယ် ဖားကန့်မြို့ရှိ နမ္မားယန်းနှင့် ဥရုချောင်း ရေလျှံသဖြင့် ရပ်ကွက် ၄ ခု နှင့် ကျေးရွာတရွာ ရေနစ်မြုပ်သွား...

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကမ္ဘာကျော် ကျောက်စိမ်းတွင်း တည်ရှိရာ ကချင်ပြည်နယ် ဖားကန့်မြို့ရှိ နမ္မားယန်းနှင့် ဥရုချောင်း ရေလျှံသဖြင့် ရပ်ကွက် ၄ ခု နှင့် ကျေးရွာတရွာ ရေနစ်မြုပ်သွားကြောင်း သိရသည်။

ယခုလ ၂ဝ ရက်နေ့ ညနေပိုင်းမှ စတင်၍ မကြာခဏ မိုးသည်းထန်စွာ ရွာသွန်းသဖြင့် ဖားကန့်မြို့ ငှက်ပျောတော၊ မြို့မ၊ အေးမြသာယာနှင့် မရှီကတောင် ရပ်ကွက်များ ရေမြုပ်ကာ အမြင့်ပိုင်းရှိ မိုဟန်းရပ်ကွက်တခုသာ ရေမရောက်ရှိနိုင်ကြောင်းနှင့် နန့်မဖြစ်ကျေးရွာတွင် လူနေအိမ် ၅ လုံးခန့် ရေထဲမျောပါခဲ့ကြောင်း ဒေသခံများ အဆိုအရ သိရခြင်း ဖြစ်သည်။

“ဥရုချောင်းနဲ့ မြို့လယ်လမ်းက ပေ ၁၅ဝ လောက် ကွာတယ်။ ဒီနေရာကို ရောက်တယ်ဆိုတော့ ရေပြင်အကျယ်ကို မျက်စိထဲ မြင်ကြည့်လိုက်တော့။ အခု ကျနော်ပြောနေတာက ဥရုချောင်းနဲ့ ပေ ၈ဝ-၉ဝ လောက် ကွာမယ်။ ကျနော့် ဆိုင်ပေါ်က ပြောနေတာ။ မြေပြင်နဲ့ ၉ ပေ - ၁ဝ ပေလောက် မြင့်တဲ့ အဆောင်က ပြောနေတာ။ အဆောင်ပေါ်မှာတောင် ဒူးလယ်လောက် ရှိတယ်” ဟု ဖားကန့် ဥရုချောင်းဘေးတွင် ဖွင့်လှစ်ထားသည့် စက်ချုပ်သမားတဦးက မဇ္စျိမကို ပြောသည်။

အေးမြသာယာတွင် နေထိုင်သူတဦးကလည်း “တချို့အိမ်တွေဆို တော်တော်လေး မြုပ်နေတယ်။ ဖားကန့် ငှက်ပျောတောရပ်ကွက် ကမ္ဘောဇ ဘဏ်တဝိုက်မှာ ရေပြင်ကြီး ဖြစ်နေတယ်။ မနေ့ ညနေပိုင်းမှာ ၆ လက်မလောက် တက်လာတယ်။ ချောင်းထက် ပေ ၂ဝ လောက် မြင့်တယ်။ ကျနော်တို့ အိမ်အောက်ထပ်မှာ ခါးလောက် ရေရောက်တယ်’’ ဟု ပြောသည်။

ဥရုချောင်းအနီး နန့်မဖြစ်ကျေးရွာတွင် ဆောက်လုပ်ထားသည့်  အလုပ်သမား နေအိမ် ၅ လုံး ချောင်းရေထဲ မျောပါသွားခဲ့ပြီး၊ လူအသေအပျောက် မရှိကြောင်း ဖားကန့် ဒေသခံများက ဆိုသည်။

စစ်အစိုးရ၏ ယမန်နေ့ထုတ် ကြေးမုံသတင်းစာတွင် ဇူလိုင်လ ၁၉-၂ဝ ရက်နေ့တွင် မိုးသည်းထန်စွာ ရွားသွန်းမှုကြောင့် နမ္မားယန်းနှင့် ဥရုချောင်း ရေမြင့်တက်ခဲ့ပြီး လုံးခင်းကျေးရွာအုပ်စု ကုဋေးကျေးရွာအနီး အကျယ် ၁ဝ ပေ၊ အမြင့် ၁ဝ ပေရှိ ကိုယ့်အားကိုယ်ကိုး ရေတားတမံ ကျိုးပေါက် ခဲ့သဖြင့် ဖားကန့်မြို့ မြို့မ၊ မရှီကတောင်၊ ငှက်ပျောတောနှင့် အေးမြသာယာ ရပ်ကွက်တို့အပြင် နန့်မဖြစ်ရွာရှိ လူနေအိမ်တချို့ မျောပါပျက်စီးခြင်း၊ ရေဝင်နစ်မြုပ်ခြင်းတို့ ဖြစ်ပွားခဲ့သည်ဟု ဖော်ပြထားသည်။

ထို့အပြင် ရေဘေးသင့် ပြည်သူများကို ဒေသဆိုင်ရာ အာဏာပိုင်များ၊ တပ်မတော်သားများ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဝင်များနှင့် လူမှုရေး အသင်းအဖွဲ့များက ရေဘေးလွတ်ရာ နေရာများသို့ ပြောင်းရွှေ့၍ နေရာချထားပေးခဲ့သည်ဟု ဆိုသည်။

အေးမြသာယာရပ်ကွက်တွင် နေထိုင်သူက ’’ကျနော်တို့ဆီတော့ အစိုးရဘက်က ကူညီတာ မတွေ့ရပါဘူး။ အရင်တုန်းက တရပ်ကွက်ကို ၅ ယောက်လောက် ကူညီဖို့ လှေတစီးပေးတာပဲ ရှိတယ်။ အဲဒါတွေကလည်း မထိရောက်ပါဘူး။ ကလေးတွေ ကျောင်းသွားဖို့အတွက်တောင်မှ အရမ်းခက်တယ်” ဟု ပြောသည်။

ငှက်ပျောတောရပ်ကွက်မှ ဒေသခံတဦးကလည်း “ဒီလောက် ရေကြီးတာ သူတို့က ထမင်းထုပ်တထုပ် လာပေးတယ်ဆိုတာ မရှိဘူး။ ပေးတယ် လို့လည်း မကြားရဘူး။ ငါတို့ကတော့ ကိစ္စမရှိဘူး၊ စားနိုင်သောက်နိုင်တယ်။ ဒါပေမဲ့ အောက်ခြေ လူတန်းစားတွေက အများကြီး ရှိနေတယ်။ ဒီမှာက ဖားကန့်မြို့နယ် အနီးတဝိုက်၊ ဥရုချောင်း အနီးတဝိုက်နေတဲ့ လက်လုပ်လက်စား လုပ်နေတဲ့ သူတွေအနေနဲ့တော့ အခြေအနေအားလုံး ဆိုးနေတယ်” ဟု ဆိုသည်။

ယမန်နေ့က နံနက် ၉ နာရီ မိုးရေချိန် တိုင်းတာချက်အရ မြစ်ကြီးနားမြို့တွင် ၂ ဒဿမ ဝ၅ လက်မနှင့် ဟုမ္မလင်းမြို့တွင် ၁ ဒဿမ ၅၇ လက်မ ရွာသွန်းခဲ့သည်ဟု ယနေ့ထုတ် ကြေးမုံသတင်းစာတွင် ဖော်ပြထားသည်။

ချောင်းရေလျှံခြင်းသည် နမ္မားယန်းနှင့် ဥရုချောင်းများ၏ အထက်ပိုင်းတွင် မက်စ်မြန်မာ၊ Ever အပါအဝင် ကုမ္ပဏီ ၅ ခုက ရွှေကျင်ခြင်းနှင့် ကျောက်တူးခြင်း လုပ်ငန်းများ လုပ်ဆောင်နေပြီး မြေစာများကို ချောင်းထဲသို့ စွန့်ပစ်ရာမှာ ချောင်းများ တိမ်ကောမှု ဖြစ်ပေါ်လာပြီး မကြာခဏ ရေလျှံမှုများ ဖြစ်ပေါ်ရကြောင်း ဖားကန့်ဒေသခံများက ပြောသည်။

ကုမ္ပဏီများမှ  စွန့်ပစ်လိုက်သည့်  မြံုး၊ မျှောနှင့် မြေစာများကို မဆင်မခြင် ချောင်းထဲသို့ စွန့်ပစ်မှုကြောင့် ရေချောင်းများ ပိတ်ဆို့ကာ ရေကြီးမှုများ ဖြစ်ပေါ်လာရသည်ဟု ဆိုကြသည်။

ပြီးခဲ့သည့်နှစ် ဇူလိုင်လ ၄ ရက်နေ့တွင် ဥရုချောင်းတလျှောက်ရှိ ကျောက်စိမ်းတွင်းများမှ စွန့်ပစ်မြေစာပုံများ ပြိုကျသောကြောင့် အနည်းဆုံး လူ ၃ဝ ခန့် သေဆုံးခဲ့ရသလို၊ ၂ဝဝ၈ ခုနှစ် ဇူလိုင်လကုန်ပိုင်းတွင် မိုးများ ဆက်တိုက်ရွာသွန်းသဖြင့် မြေစာများ ပြိုကျကာ လူ ၂ဝ ခန့် သေဆုံးခဲ့ရ သေးသည်။

Most read this week