တပ်မြို့ကြောင့် မောင်တော-စစ်တွေ ကားလမ်းသစ် စီမံကိန်း ပယ်ချခံရ

တပ်မြို့ကြောင့် မောင်တော-စစ်တွေ ကားလမ်းသစ် စီမံကိန်း ပယ်ချခံရ
by -
တာကလူး
မြန်မာအနောက်ဘက် ဘင်္ဂလားနယ်စပ်တွင် စစ်တပ်မှ အများဆုံး တပ်စွဲထားသည့် တပ်မြို့ ဘူးသီးတောင် အထီးကျန်သွားမည်ကို စိုးရိမ် သောကြောင့် စစ်တွေ-မောင်းတော တိုက်ရိုက် ဆက်သွယ်ဖောက်လုပ်မည့် မော်တော်ကားလမ်းသစ် စီမံကိန်းကို စစ်အာဏာပိုင်များက ပယ်ချ....

မြန်မာအနောက်ဘက် ဘင်္ဂလားနယ်စပ်တွင် စစ်တပ်မှ အများဆုံး တပ်စွဲထားသည့် တပ်မြို့ ဘူးသီးတောင် အထီးကျန်သွားမည်ကို စိုးရိမ် သောကြောင့် စစ်တွေ-မောင်းတော တိုက်ရိုက် ဆက်သွယ်ဖောက်လုပ်မည့် မော်တော်ကားလမ်းသစ် စီမံကိန်းကို စစ်အာဏာပိုင်များက ပယ်ချလိုက်သည်ဟု ဒေသခံဆောက်လုပ်ရေး အရာရှိတစ်ဦးက ယနေ့တွင် ထုတ်ဖေါ်ပြောကြားသည်။

မိုးကြီးပြီး မြေပြိုမူကြောင့် ဘူးသီးတောင်-မောင်တော ကားလမ်း သွားလာ၍ မရအောင် ပြိုပျက်သွားပြီးနောက် ရခိုင်ပြည်နယ် နယ်စပ်ရှိ မောင်တောမြို့ကို စစ်တွေနှင့် တိုက်ရိုက်ဆက်သွယ်ရန် ရေးဆွဲထားသည့် ၄င်းကားလမ်းသစ် စီမံကိန်း ထွက်ပေါ်လာခြင်း ဖြစ်သည်။

၁၆ မိုင်သာ ရှိသော ဘူးသီးတောင်-မောင်တော ကားလမ်းမှာ ဇွန်လ ၁၃ ရက်နေ့မှ ၁၅ ရက်နေ့ထိ သုံးရက် ဆက်တိုက် မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် လမ်းများ မြေဖုံးသွားကာ တံတား အများအပြား ပျက်စီးသွားခဲ့သည်။

“တပတ်အတွင်း မောင်တောကို ဆက်သွယ်သွားနိုင်မယ့် လမ်းကြောင်း တခုကို ရေးဆွဲအစီရင်ခံရမယ် ဆိုတဲ့အတွက် တိုက်ရိုက်သွားလာနိုင်မယ့် လမ်းစီမံကိန်းကို တင်ပြတော့ သူတို့က ပယ်ချလိုက်ပါတယ်” ဟု သူက ပြောသည်။

အဆိုပါ လမ်းကြောင်းမှာ ၃ နာရီအတွင်း စစ်တွေနှင့် မောင်တောအကြား ဆက်သွယ်နိုင်မည့် လမ်းသစ် ဖြစ်ပြီး စစ်တွေမှ ရေချမ်းပြင်ထိ ကားဖြင့် သွားလာရမည် ဖြစ်သည်။ ရေချမ်းပြင်မှတဆင့် အငုံမော်ကို မေယူမြစ်ကို ဖြတ်၍ မော်ဘုတ်ဖြင့် ဖြတ်ကူးကာ အငုံမော်မှ မောင်တောကို သွားလာ နိုင်မည့်လမ်း ဖြစ်သည်။

အဆိုပါ လမ်းကို ဂျပန် အန်ဂျီအို တခုဖြစ်သည့် BAJ နှင့် UNHCR တို့မှ ဖေါက်လုပ်ထားသဖြင့် လမ်းကြမ်းအဆင့် ပြီးစီးနေပြီ ဖြစ်သည်။ သို့သော်လည်း အာဏာပိုင်များမှ လမ်းကောင်းအဖြစ် ဖေါက်လုပ်ရန်ကို တားမြစ်ထားသဖြင့် ယခုအချိန်ထိ လမ်းချောအဖြစ် မပြုလုပ်နိုင်ဘဲ ဖြစ်နေကြောင်း ဒေသခံများက ပြောသည်။

ယခုကဲ့သို့ စစ်တွေနှင့် မောင်တောကို တိုက်ရိုက်သွားလာ၍ ရအောင် ကားလမ်း ဖေါက်လုပ်ခွင့် မပြုကြောင်းမှာ စစ်တပ် အများဆုံး အခြေစိုက်ရာ ဘူးသီးတောင်ကို ရှောင်ကွင်းထားသဖြင့် စစ်အာဏာပိုင်များက ခွင့်မပြုဘဲ ထားခြင်း ဖြစ်ကြောင်း ဆောက်လုပ်ရေး အရာရှိက ပြောသည်။

“မောင်တောမြို့ကို တောင်ကြောအတိုင်း ဖောက်လုပ်ထားတဲ့ လမ်းမကြမ်းနဲ့ ဘူးသီးတောင် တစ်မြို့တည်းကိုပဲ ဆက်သွယ်ထားတာ ဖြစ်ပါတယ်။ မောင်တောကို လာချင်ရင် ဘူးသီးတောင်ကို အရင် စစ်တွေက သင်္ဘောနဲ့ လာရတယ်။ ခုလို တိုက်ရိုက် လမ်းဖေါက်လိုက်ရင် ဘူးသီးတောင်ကို လာစရာ မလိုဘဲ မောင်တောကို တိုက်ရိုက်လာနိုင်တယ်။ ဒါကို စစ်အာဏာပိုင်တွေက သဘောမကျဘူး။ အချိန်တို အတွင်း စရိတ်စခ နည်းနည်းနဲ့ လူတွေ သွားလာနိုင်မှာ ဖြစ်ပေမယ့် စစ်သားတွေ သဘောမကျတဲ့ အတွက် လမ်းကို ဖေါက်လုပ်လို့ မရဘဲ ဖြစ်နေပါတယ်” ဟု ပြောသည်။

ဘူးသီးတောင်-မောင်တော ကားလမ်းမှာ ၁၆ မိုင်သာ ရှိသော်လည်း မြင့်မား မတ်စောက်သော တောင်တန်းများကို ဖြတ်၍ ဖေါက်လုပ်ထားသဖြင့် နှစ်စဉ်နှစ်တိုင်း မိုးရာသီတွင် လမ်းများ ပျက်စီး ပြိုကျလေ့ရှိသည်။

သို့အတွက် နှစ်စဉ်နှစ်တိုင်း ခရီးသွားပြည်သူများမှာ ခရီးသွားလာရာတွင် ဒုက္ခရောက်ကြရသည်။ သို့အတွက် မောင်တောအတွက် တခြား ထွက်ပေါက် တစ်ခု ရရှိနိုင်အောင် လမ်းသစ်စီမံကိန်း တခုရေးဆွဲရာ ယခုကဲ့သို့ ပယ်ချခံရခြင်း ဖြစ်သည်။

မြန်မာ အနောက်ဘက်နယ်စပ်ရှိ ဘူးသီးတောင်မြို့သည် ယခုအခါ နအဖ စစ်တပ် အများဆုံး အခြေစိုက်ရာ မြို့ တမြို့ ဖြစ်ပြီး ဘူးသီးတောင်တွင် စစ်ဆင်ရေး ကွပ်ကဲရေးမှူး ဌာနချုပ် နှင့် စစ်ဗျူဟာဌာနချုပ် နှစ်ခုကို ဖွင့်လှစ်ချထားပြီး အမြောက်တပ်ရင်း တစ်ခုအပါအဝင် စစ်တပ်တပ်ရင်း ၁၄ ခု တပ်စွဲချထားသည်။

ဘူးသီးတောင်-မောင်တော နယ်စပ်လမ်းမကို ရခိုင်ပြည်တွင် ဗြိတိသျှကိုလိုနီအစိုးရ အုပ်ချုပ်ခဲ့စဉ် ကာလအတွင်း စစ်ရေးအရ တည်ဆောက် ခဲ့ခြင်းဖြစ်သည်။ လမ်းမှာ အလွန်ဟောင်းနွမ်းနေပြီး လမ်းမပေါ်တွင် တည်ဆောက်ထားသည့် လိုဏ်ဂူကြီးနှင့် လိူင်ဂူငယ် ခေါ် ဥမင်လိုဏ်ခေါင်း နှစ်ခုမှာလည်း အာမခံ အချိန်ထက် ကျော်လွန်နေပြီ ဖြစ်ကြောင်း သိရသည်။

ဒေသခံများ၏ ပြောကြားချက်အရ လက်ရှိအချိန်တွင် အဆိုပါလမ်းမကို ပြန်လည်ပြုပြင်နေကြသည်မှာ တစ်လကျော်ခန့် ကြာမြင့်ခဲ့ပြီး ဖြစ်သော်လည်း ယခုအချိန်အထိ ယာဉ်ငယ်များပင်လျှင် တိုက်ရိုက် ဖြတ်သန်းသွားလာ၍ မရသေးကြောင်း သိရှိရသည်။

နယ်စပ်ဒေသတွင်နေထိုင်နေကြသည့် ဒေသခံများမှာ အဆိုပါ လမ်းမ ပိုင်းပြတ်သွားသည့် ယခင်လမှ စ၍ ယခုအချိန်အထိ ခရီးသွားလာရေး အခက်အခဲ နှင့် စားကုန်သောက်ကုန်များ စျေးမြင့်တက်မှုတို့ကို ရင်ဆိုင်ကြံုတွေ့နေကြရကြောင်း စုံစမ်းသိရှိရသည်။

Most read this week