ကုလ အေဂျင်စီများမှ မြန်မာ့ ဒုက္ခသည်များကို အကြောင်းပြု၍ ဘင်္ဂလားဒေ့ရှ်ကို ဒေါ်လာ ၃၃ သန်းတန် စီမံကိန်း တစ်ခု ချီးမြှင့်မည်

ကုလ အေဂျင်စီများမှ မြန်မာ့ ဒုက္ခသည်များကို အကြောင်းပြု၍ ဘင်္ဂလားဒေ့ရှ်ကို ဒေါ်လာ ၃၃ သန်းတန် စီမံကိန်း တစ်ခု ချီးမြှင့်မည်
by -
မောင်ရမ္မာ
မြန်မာနိုင်ငံမှ ထွက်ပြေးလာကြသည့် မူဆလင် ဒုက္ခသည်များကို ဧည့်ဝတ် ကျေပွန်စွာ ခိုလှုံခွင့် ပြုထားမှု အပေါ် ဂုဏ်ပြုသည့် အနေဖြင့် ကုလ အေဂျင်စီ များက အမေရိကန် ဒေါ်လာ (၃၃)သန်းကို ရင်းနှီး မတည်ပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံအတွက် ဆင်းရဲ မွဲတေမှု ပပျောက်ရေး စီမံကိန်းတစ်ခုကို ချီးမြှင့် လုပ်ဆောင်...

မြန်မာနိုင်ငံမှ ထွက်ပြေးလာကြသည့် မူဆလင် ဒုက္ခသည်များကို ဧည့်ဝတ် ကျေပွန်စွာ ခိုလှုံခွင့် ပြုထားမှု အပေါ် ဂုဏ်ပြုသည့် အနေဖြင့် ကုလ အေဂျင်စီ များက အမေရိကန် ဒေါ်လာ (၃၃)သန်းကို ရင်းနှီး မတည်ပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံအတွက် ဆင်းရဲ မွဲတေမှု ပပျောက်ရေး စီမံကိန်းတစ်ခုကို ချီးမြှင့် လုပ်ဆောင် ပေးသွားမည် ဖြစ်ကြောင်း ဒက္ကား အခြေစိုက် UNHCR မှ သတင်းထုတ်ပြန် လိုက်သည်။

၎င်းစီမံကိန်းကို UNHCR အပါအဝင် တခြား ကုလသမဂ္ဂလက်အောက်ခံ အေဂျင်စီများ ဖြစ်ကြသည့် UNICEF, WHO, UNDP နှင့် UNPF တို့မှ ဒုက္ခသည်များ ခိုလှုံနေကြသည့် ဘင်္ဂလားဒေ့ရှ်တောင်ပိုင်း ကော့စ်ဘဇား ခရိုင် တက်ကနက်နှင့် အိုကီးယားမြို့နယ်များတွင် ဒေသခံ ဆင်းရဲသားများ အတွက် ၂၀၁၁-ခုနှစ် မကုန်မှီ ပူးတွဲ အကောင်အထည်ဖေါ် လုပ်ဆောင် သွားကြမည် ဖြစ်ကြောင်းသိရသည်။

ထိုဒေသများ အတွင်း ကျန်းမာရေးနှင့် ပညာရေးကဏ္ဍများ တိုးတက် ကောင်းမွန် လာစေရေး၊ အစားရေစာ ပြတ်လပ်ရှားပါးမှု လျော့နည်း သွားစေ ရေးနှင့် လုပ်ငန်းခွင်များ ဖန်တီးပေးရေး တို့ကို အဓိက လုပ်ဆောင် သွားရန် ရာတားထားပြီး၊ လာမည့် နှစ်နှစ်အတွင်း တစ်နှစ်လျှင် ဆင်းရဲ မွဲတေမှု ၅ ရာခိုင်နှုန်းထိ လျော့ကျသွားအောင် ကြိုးပမ်းသွားမည်ဟု ဆိုသည်။

UNHCR မှ ဘင်္ဂလားဒေ့ရှ်ဌာနေ ကိုယ်စားလှယ် ကရိက်ဆန္ဒာက “မြန်မာဒုက္ခသည်တွေကို ၁၉ နှစ်ကျော် ကာလအထိ ခိုလှုံနေထိုင်ခွင့် ပေးထား တာဟာ ဘင်္ဂလားဒေ့ရှ်အစိုးရ နဲ့ ပြည်သူတွေရဲ့ အင်မတန်မှ ဧည့်ဝတ် ကျေပွန်တတ်မှုကို ပြသလိုက်တာ ဖြစ်ပါတယ်။ ကျွန်တော်တို့ အနေနဲ့လည်း ဒုက္ခသည်တွေကို သာမက အိမ်ရှင်ဒေသခံတွေကိုပါ ကူညီပံ့ပိုး ပေးနိုင်ဖို့ ဒီကို ရောက်လာတာ ဖြစ်တယ်ဆိုတာကို ပြသချင် နေတာပါ” ဟု ၎င်းထုတ်ပြန်ချက်က တဆင့် ပြောကြားသည်။

UNHCR မှ ဒုက္ခသည်များသာမက ဒုက္ခသည်စခန်းများ အနီးရှိ ဒေသခံများပါ အသုံးပြုနိုင်စေရန် အရေးပေါ် လူနာတင်ကား နှစ်စီးကို အိုးကီးယာနှင့် တက်ကနက်ရှိ ကျန်းမာရေး ဌာနများသို့ များမကြာမီက လှူဒါန်း ပေးခဲ့သည်။ ၎င်းအပြင် ဒေသခံ စာသင်ကျောင်း (၆)ခုကိုလည်း တိုးတက် ကောင်းမွန် အောင် ပြုပြင် ဆောက်လုပ်နိုင်စေရန် အမေရိကန်ဒေါ်လာ ၂ သိန်း လှူဒါန်းခဲ့ကြောင်းလည်း သိရှိရသည်။

ဘင်္ဂလာဒေ့ရှ်နိုင်ငံတွင် မြန်မာမူဆလင် ဒုက္ခသည် ၂၈၅၀၀ ကို အိုးကီးယားနှင့် တက္ကနာဖ့်ရှိ ကူတူပလောင်နှင့် နော်ယာပါရာ ဒုက္ခသည် စခန်းနှစ်ခုတွင် တရားဝင် ခိုလှုံနေထိုင်ခွင့် ပေးထားသည်။ သို့သော်လည်း ဒုက္ခသည် ၂ သိန်းခန့်မှာ ဘင်္ဂလာဒေ့ရှ် အစိုးရမှ တရားဝင် အသိအမှတ်ပြုရန် ငြင်းဆို ထားခြင်းကြောင့် အဆိုပါစခန်းများနှင့် အနီးဝန်းကျင်တွင် တရားမဝင် နေထိုင်လျက် ရှိနေကြသည်။

ဒေသခံ သတင်းရပ်ကွက်များ၏ အဆိုအရ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် မြန်မာ့ မူဆလင် ဒုက္ခသည်များ ၀င်ရောက်မှု တနေ့တခြား တိုးပွား လာနေခြင်း ကြောင့် နဂိုကတည်းက ဆင်းရဲနေသည့် သူတို့၏ တိုင်းပြည်မှာ ထိခိုက်နစ်နာ နေရသည်ဟု ဆိုကာ ဒေသခံအစိုးရနှင့် ပြည်သူများက ဒုက္ခသည် များကို နေရပ်ရင်း ပြန်ပို့ရန် လွန်ခဲ့သော ၂၀၀၉-ခုနှစ်မှ စ၍ အပြင်းအထန် လှုပ်ရှား ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ လှုပ်ရှားမှုများ နောက်ပိုင်း အခြေအနေကို ထိန်းထားနိုင်အောင် UNHCR အပါအဝင် တခြား ယူအန် အေဂျင်စီများက ဒေသခံများ၏ တိုးတက် ဖွံ့ဖြိုးရေးစီမံကိန်းများကို ယခုကဲ့သို့ ချမှတ်ဆောင်ရွက်လာခြင်း ဖြစ် ကြောင်း စုံစမ်းသိရှိရသည်။

Most read this week