ပါတီဝင်လျှင် လမ်းပြင်ပေးမည်ဟုဆိုကာ ရန်ကုန်တိုင်း မြို့နယ်အချို့တွင် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ရပ်ကွက် အေးချမ်းသာယာရေး ရယက လူကြီးများမှတဆင့် ပါတီဝင် စုဆောင်းနေကြောင်း ရန်ကုန်ရှိ ပြည်ထောင်စု ဒီမိုကရေစီပါတီ အဆိုအရ သိရသည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ဒဂုံမြို့သစ်နှင့် လှိုင်သာယာမြို့နယ်များတွင် ပါတီဝင် ရရှိရေးအတွက် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက လမ်းပြင်ပေးကာ ရယကမှတဆင့် စည်းရုံးနေခြင်း ဖြစ်သည်။
“မနေ့က စည်းရုံးရေးသွားတော့ ကြားရတယ်။ ရပ်ကွက်လူကြီးတွေကို ကြံ့ခိုင်ဖွံ့ရေးက ပါတီဝင် စုခိုင်းတယ်။ ဒီလမ်းမှာ လူ ၂၀၊ ဟိုလမ်းမှာ ၃၀၊ အဲလိုမျိုးနဲ့ လူစုခိုင်းတယ်။ ပါတီဝင်ရင် လမ်းပြင်ပေးမယ်တဲ့။ ပါတီဝင်ကြတော့ လမ်းပြင်ပေးတယ်။ ရပ်ကွက်လူကြီးတွေက သူတို့ရဲ့ ခွဲတမ်း ပြည့်အောင် နည်းလမ်းအမျိုးမျိုးသုံးပြီး ကြိုးစားလုပ်နေရတယ်” ဟု ပြည်ထောင်စု ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ ဦးဖြိုးမင်းသိန်းက မဇ္စျိမကို ပြောသည်။
“ဘယ်ပါတီကမှ အဲလို လုပ်လို့မရဘူး။ ကြံ့ခိုင်ရေးပါတီက လမ်းပြင်ပေးတာက စည်ပင်သာယာ ငွေကြေးနဲ့ ပြင်ပေးတယ်။ စည်ပင်ငွေကြေးက ဘယ်ပါတီရဲ့ ငွေကြေးမှ မဟုတ်ဘူး။ နိုင်ငံတော်ရဲ့ ငွေကြေးပဲ။ ဒီလိုလုပ်ရပ်တွေက မဖြစ်သင့်ဘူး။ နိုင်ငံ့ဝန်ထမ်းများကို ပါတီတခုမှ ပါတီဝင်အဖြစ် ခိုင်းစေခြင်းကို ရွေးကောက်ပွဲ ကော်မရှင် ဥပဒေက ခွင့်ပြုထားခြင်းမရှိလို့ ဆိုထားတယ်” ဟု သူက ဆက်ပြောသည်။
အလားတူပင် ချင်းပြည်နယ် မြို့တော်ဟားခါးနှင့် ဖလမ်းမြို့တွင်လည်း လိုအပ်သည့် ရေလှောင်ကန်၊ လျှပ်စစ်မီးနှင့် ဆေးဝါးများ လုံလောက်စွာ ပြုလုပ်ပေးမည်ဟုဆိုကာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက စည်းရုံးမှုများ ရှိနေသည်။
ချင်းတိုင်းရင်းသားပါတီတခုမှ ခေါင်းဆောင်တဦးက “ရပ်ကွက်လူကြီးတွေကနေ စည်းရုံးရေးလုပ်နေတာ။ ချင်းပြည်နယ်ရဲ့ အဓိက လိုအပ်ချက်နဲ့ ကိုင်တွယ်တာ။ ရေလှောင်ကန် ဆောက်ပေးမယ်၊ လျှပ်စစ်မီး ကောင်းအောင် လုပ်ပေးမယ်၊ ဆေးဝါးလုံလောက်အောင် ဆောင်ရွက်ပေးမယ်ပေါ့။ အဲလိုမျိုးနဲ့ ကြံ့ခိုင်ရေးပါတီဝင် လူစုနေတာ” ဟု မဇ္စျိမကို ပြောသည်။
၀န်ထမ်းများဖြစ်သည့် ရပ်ကွက်လူကြီးများကို အသုံးချကာ စည်းရုံးရေးလုပ်ခြင်းသည် ရွေးကောက်ပွဲ ကော်မရှင် ဥပဒေနှင့် မကိုက်ညီကြောင်း ကိုဖြိုးမင်းသိန်းက ပြောသည်။
သူက “အမှန်တော့ ၀န်ထမ်းတွေက ပါတီနိုင်ငံရေးနဲ့ ကင်းရှင်းရမယ်လို့ ပါတယ်။ ရွေးကောက်ပွဲ ကော်မရှင် ဥပဒေအရဆိုရင် ၀န်ထမ်းတွေကို ခေါ်ယူအသုံးချလို့ မရဘူး။ ဒါပေမဲ့ လက်တွေ့ဖြစ်နေတဲ့ အခြေအနေမှာကတော့ အဲလိုသဘောမျိုးတွေ ဖြစ်နေတယ်။ ကြံ့ခိုင်ရေးပါတီက အနိုင်ရ ပါတီလို ဖြစ်နေတော့ သူတို့က ယူသုံးနေတယ်” ဟု ပြောသည်။
အခြား ချင်းတိုင်းရင်းသားပါတီတခုမှ ခေါင်းဆောင်တဦးကလည်း “ရွေးကောက်ပွဲ ကော်မရှင်က ခွင့်ပြုထားတဲ့ ပါတီမှန်သမျှ အထူးအခွင့်အရေး မရှိဘူး။ အားလုံးက တန်းတူပါ။ ကြံ့ခိုင်ရေးပါတီ စည်းရုံးရေးဆင်းတာက ရပ်ကွက်အာဏာပိုင်ကို အသုံးချတယ်။ လမ်းပြင်ရင်လည်း စည်ပင် ပါတယ်။ ဒါက ကော်မရှင် ဥပဒေကို ချိုးဖောက်တာပဲ” ဟု မဇ္စျိမကို ပြောသည်။
နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ အခန်း (၂) ပုဒ်မ (၇) တွင် ’’အဖွဲ့အစည်းတရပ်ရပ်သည် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ပေးရန် လျှောက်ထားခွင့် မရှိစေရ’’ ဟု ဆိုထားပြီး ပုဒ်မ (၇) (ဂ) တွင် ’’နိုင်ငံပိုင် ငွေကြေး၊ အဆောက်အအုံ၊ ယာဉ်၊ ပစ္စည်းတို့ကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ရယူသုံးစွဲသည့် အဖွဲ့အစည်း’’ ဟူ၍ ပါရှိသည်။
ထို့အပြင် ပုဒ်မ (၁၀) တွင် ’’ပါတီဝင်များကို စည်းရုံးရာတွင် အောက်ပါအရည်အချင်းများနှင့် ကိုက်ညီသူများကိုသာ ပါတီဝင်အဖြစ် စည်းရုံးရမည်’’ ဟု ဆိုထားပြီး ပုဒ်မ (၁၀) (ဃ) တွင် ’’နိုင်ငံ့ဝန်ထမ်းမဟုတ်ခြင်း’’ ဟူ၍ ပြဋ္ဌာန်းထားသည်။
မွန်၊ ကချင်နှင့် ရှမ်းပြည်နယ်ရှိ မြို့နယ်များတွင်လည်း ကြံ့ခိုင်ရေးပါတီက ရယက တာဝန်ရှိသူများမှတဆင့် ပါတီဝင်များ စုဆောင်းခိုင်းနေကြောင်း စုံစမ်းသိရှိရသည်။