ပြည်သူ့စစ် အသွင်ပြောင်းရေး လက်ခံထားသော်လည်း လက်တွေ့တွင် ပြည်သူ့စစ် မဖွဲ့နိုင်သေးသည့် အပစ်ရပ် သျှမ်းပြည် တပ်မတော် (မြောက်ပိုင်း) အပေါ် အရှေ့မြောက်ပိုင်းတိုင်းစစ်ဋ္ဌာနချုပ် (ရမခ) တိုင်းမှူးက စိတ်ဆိုးဒေါသထွက် နေသည်ဟု လားရှိုးမြို့ခံ ၀န်ထမ်းတစ်ဦးက ဆိုသည်။
သျှမ်းပြည်တပ်မတော် (မြောက်ပိုင်း) တပ်ဖွဲ့အနေဖြင့် ပြည်သူ့စစ်ဖွဲ့ရေး နှောင့်နှေးရခြင်းမှာ ၎င်း၏ လက်အောက်ခံ တပ်ဖွဲ့ တစ်ခု ဖြစ်သော တပ်မဟာ (၁) က အဆိုပါအသွင်ပြောင်းရေးကို လက်မခံသောကြောင့် ဖြစ်သည်။
သျှမ်းတပ်ဖွဲ့ ဥက္ကဋ္ဌ ဦးလွယ်မောင်းကိုယ်တိုင် ပြည်သူ့စစ်ဖွဲ့ရေး လက်ခံခဲ့ရာ ယနေ့ဆိုလျှင် ၄ လခန့် အချိန်ကြာ လာသည့် တိုင်အောင် ပြည်သူ့စစ် တပ်ရင်းတစ်ရင်းမှ မဖွဲ့သေးသည့် အပေါ် တိုင်းမှူးဗိုလ်ချုပ်အောင်သန်းထွဋ်က ဦးလွယ်မောင်းအား ဖိအားပေးပြောဆိုနေကြောင်း ၎င်းအပစ်ရပ် အသိုင်းအဝိုင်းက သိရသည်။
“တိုင်းမှူးက ဦးလွယ်မောင်းနဲ့တွေ့တဲ့ အခါဆိုရင်တော့ ပြည်သူ့စစ်ပြောင်းဖို့လက်မခံတဲ့ တပ်မဟာ (၁) မှူးဗိုလ်ချုပ် ပန်ဖ ကို သူ့ဆီ အရောက် ခေါ်လာဖို့ ဖိအားပေးပြောတာတွေရှိတယ် ဦးလွယ်မောင်း အနေနဲ့လည်း ခေါ်ပေးဖို့ ဆိုတာမလွယ်ဘူးလေ သူတို့ တပ်မဟာ ၁ ကိုသွားပြီးပြီပဲ ဟိုကမှ ပြည်သူ့စစ်အသွင်ပြောင်းဖို့ လက်မခံတာ ” ဟု ၎င်းအဖွဲ့နှင့်နီးစပ်သူက ဆိုသည်။
သျှမ်းပြည် (မြောက်ပိုင်း) လားရှိုးမြို့ အခြေစိုက် ရမခကွပ်ကဲမှုအောက် နယ်မြေအတွင်း၌ အင်အားကြီး တိုင်းရင်း သား လက်နက်ကိုင်အဖွဲ့ တချို့သည် နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကို ယနေ့အထိ ငြင်းဆန်နေဆဲဖြစ် သည်။
အဆိုပါ အဆင်မပြေမှုများဖြင့် ကြံုတွေ့နေရသော တိုင်းမှူး ဗိုလ်ချုပ်အောင်သန်းထွဋ်သည် အရပ်ဘက် ဋ္ဌာနဆိုင် ရာ များနှင့် တွေ့ဆုံရာတွင် စိတ်ဆိုး ဒေါသထွက်၍ ဆူပူကြိမ်းမောင်းတတ်ကြောင်း သိရသည်။
“အခုတစ်လော ဋ္ဌာနဆိုင်ရာတွေဆီရောက်ရင် တိုင်းမှူးက ဘာမဟုတ်တာလေးနဲ့ အရမ်းအော်ငေါက်နေတယ် သူ ဦးလွယ် မောင်းတို့အဖွဲ့ ပြည်သူ့စစ် ဖွဲ့ဖို့ကိစ္စတွေ အဆင်မပြေတာကြောင့် ကသိကအောက်ဖြစ်နေတယ်လို့သိရ တယ်” ဟု ၀န်ထမ်း က ဆိုသည်။
ယခုအခါ ပြည်သူ့စစ်ဖွဲ့စည်းရေး လက်ခံထားသော ဦးလွယ်မောင်း ဦးဆောင်သည့် သျှမ်းပြည်တပ်မတော် (မြောက်ပိုင်း) တပ်ဖွဲ့တွင်လည်း တပ်ပြေးမှုများ မကြာခဏ ဖြစ်ပေါ်နေသည်။
“အခုက ဥိီးလွယ်မောင်း ပြည်သူ့စစ်ဖွဲ့ဖို့ စာရင်းသွားပေးထားတဲ့သူတွေတောင်မှ ဟိုဘက်နဲ့ပေါင်းလိုက် ဒီဘက်နဲ့ ပေါင်း လိုက် ထွက်ပြေးနေတာ သူ (ဦးလွယ်မောင်း) ကိုယ်တိုင် အခက်အခဲဖြစ်နေတယ် ” ဟု နီးစပ်သူကဆို သည်။
ထို့အပြင် ပြည်ပသို့တိမ်းရှောင်သူ မြန်မာစစ်တပ်မှ Missile ဒုံးကျည်လက်နက် ပညာရှင် ဗိုလ်မှူး စိုင်းသိန်းဝင်း က မြောက်ကိုးရီးယားနှင့် မြန်မာ စစ်တပ် ပူးပေါင်းလုပ်ကိုင်နေသော နျူးကလီယားလက်နက်နှင့် Missile ဒုံးကျည်် စီမံကိန်းများအား ပြည်ပမီဒီယာများသို့ လွန်ခဲ့သည့်လကထုတ်ဖေါ် ပြောကြားပြီးနောက် စစ်တိုင်းမှူးများ နေပြည် တော်သို့ ခရီးသွားရာတွင် တင်းကြပ်ထားကြောင်း စုံစမ်းသိရသည်။