ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အိန္ဒိယ သွားမည်

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အိန္ဒိယ သွားမည်
by -
ခိုင်စု
မြန်မာစစ်တပ် အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် ယခုလ နှောင်းပိုင်းတွင် အိန္ဒိယနိုင်ငံသို့  အလည်အပတ် ခရီးစဉ်သွားမှာဖြစ်ပြီး ဗုဒ္ဓဂါယာ သို့လည်း ဘုရားဖူးသွားမည်...

မြန်မာစစ်တပ် အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် ယခုလ နှောင်းပိုင်းတွင် အိန္ဒိယနိုင်ငံသို့  အလည်အပတ် ခရီးစဉ်သွားမှာဖြစ်ပြီး ဗုဒ္ဓဂါယာ သို့လည်း ဘုရားဖူးသွားမည်ဟု စုံစမ်းသိရှိရသည်။

ခရီးစဉ်အတွင်း အိန္ဒိယသမ္မတ ပရာတီဘာပတေးလ်၊ ဝန်ကြီးချုပ် မန်မိုဟန်ဆင်းနှင့် အခြားသော ဝန်ကြီးများနှင့် တွေ့ဆုံမှာဖြစ်ကာ နှစ်နိုင်ငံဆိုင်ရာ သဘောတူညီချက်များ လက်မှတ်ရေးထိုးဖွယ်ရှိသည်။

စစ်ခေါင်းဆောင်၏ အိန္ဒိယခရီးစဉ်မှာ လာမည့် သီတင်းပတ်အတွင်း ဖြစ်ကြောင်း  မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ အိန္ဒိယသံရုံးကလည်း မဇ္စျိမကို အတည်ပြု ပြောကြားသော်လည်း အသေးစိတ်ပြောရန် ငြင်းဆန်သည်။

အဖွဲ့ဝင် ရဝ ခန့်ကို ဦးဆောင်မည့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် မိသားစုနှင့်အတူ ဗုဒ္ဓဂါယာသို့ အရင်လည်ပတ်ပြီးမှ အိန္ဒိယမြို့တော် ဒေလီသို့ သွားမှာဖြစ်သည်။

“ဗိုလ်ချုပ်မှူးကြီး ဒီကိုဘုရားဖူးလာဖို့ ရှိတယ်လို့တော့ မြန်မာသံရုံးက ပြောလို့သိရတယ်။ ” ဟု ဗာရာဏသီရှိ မြန်မာဘုန်းတော်ကြီးကျောင်းမှ ဦးဇင်းတပါးက မဇ္ဈိမကို မိန့်သည်။

အိန္ဒိယအစိုးရအနေဖြင့် မြန်မာ့အရေးနှင့် ပတ်သက်၍ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံမှုများ ပြုလုပ်ခဲ့သော်လည်း နောက်ပိုင်းတွင်  နှစ်နိုင်ငံ စွမ်းအင်နှင့် အခြေခံအဆောက်အအုံဆိုင်ရာ တည်ဆောက်မှုများတွင် ကြီးမားသော ရင်းနှီးမြှုုပ်နှံမှုများ ပြုလုပ် လာခဲ့သည်။

မြန်မာစစ်ခေါင်းဆောင်နှင့် အဖွဲ့ဝင်များသည်  အိန္ဒိယသို့ ယခုလ ၂၅ ရက်နေ့မှ ၂၉ ရက်နေ့အထိ ၅ ရက်ကြာ လည်ပတ်မည်ဟု အိန္ဒိယ သတင်းအချို့က ဖော်ပြထားသည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် အိန္ဒိယသို့ ၂ဝဝ၄ ခုနှစ် အောက်တိုဘာလအတွင်းက အလည်အပတ် သွားရောက်ခဲ့သေးသည်။