အာဇာနည်ဗိမာန်တွင် နိုင်ငံရေးပါတီများ ဂါရဝပြု

အာဇာနည်ဗိမာန်တွင် နိုင်ငံရေးပါတီများ ဂါရဝပြု
၂ဝ၁ဝ ရွေးကောက်ပွဲဝင်မည့် နိုင်ငံရေးပါတီ ၁၈ ပါတီက ၆၃ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား ကျင်းပရာ ရန်ကုန်တိုင်း ဗဟန်းမြို့နယ်ရှိ အာဇာနည်ဗိမာန်သို့ ယနေ့ သွားရောက် ဂါရဝပြု...

၂ဝ၁ဝ ရွေးကောက်ပွဲဝင်မည့် နိုင်ငံရေးပါတီ ၁၈ ပါတီက ၆၃ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား ကျင်းပရာ ရန်ကုန်တိုင်း ဗဟန်းမြို့နယ်ရှိ အာဇာနည်ဗိမာန်သို့ ယနေ့ သွားရောက် ဂါရဝပြုခဲ့ကြသည်။

ထိုအထဲတွင် နိုင်ငံရေးသမားကြီး ဦးသုဝေ ဥက္ကဋ္ဌအဖြစ် ခေါင်းဆောင်သည့် ဒီမိုကရက်တစ်ပါတီ (မြန်မာ)၊ ဦးဖြိုးမင်းသိန်း ဦးဆောင်သည့် ပြည်ထောင်စု ဒီမိုကရေစီပါတီ၊ ဒေါက်တာသန်းငြိမ်း၏ အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ (NDF) နှင့် စာရေးဆရာ ဝေမှူးသွင် အတွင်းရေးမှူး တာဝန်ယူသည့် မြန်မာဒီမိုကရေစီကွန်ကရက်၊ ၈၈ မျိုးဆက် ကျောင်းသားလူငယ်များ (ပြည်ထောင်စု မြန်မာနိုင်ငံ)၊ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေးအဖွဲ့ချုပ်၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (တစည)၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ၊ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီလည်း ပါဝင်သည်။

ယခုလ ၁၄ ရက်နေ့တွင် ရန်ကုန်တိုင်း ရွေးကောက်ပွဲ ကော်မရှင်က ရန်ကုန်ရှိ မှတ်ပုံတင်ကျပြီး နိုင်ငံရေးပါတီ ၂၁ ပါတီကို ခေါ်ယူတွေ့ဆုံကာ အာဇာနည်နေ့ အခမ်းအနားသို့ တပါတီလျှင် ရ ဦးကျနှုန်းဖြင့် လာရောက်နိုင်ပြီး တရက်ကြိုတင် စာရင်းပြရန် လိုအပ်ကြောင်း ပြောဆိုခဲ့သည်။

ထို့အပြင် ပါတီများတွင် သတ်မှတ်ဝတ်စုံရှိလျှင် ဝတ်ဆင်ရန်၊ အလေးပြုမယ့် ပန်းခွေ၊ ပန်းခြင်းများကို မြိုင်ကြီးငူဓမ္မာရုံ၌ တရက်ကြိုတင် အပ်နှံရန် တို့အပြင် ပါတီများအနေဖြင့် မိမိတို့ကားများတွင် ပါတီအလံ၊ ဆိုင်းဘုတ်များကို တပ်ဆင်ခွင့် ပြုကြောင်းနှင့် တက်ရောက်လာသည့် ပါတီများမှ ပုဂ္ဂိုလ်များကို ရွှေတိဂုံ စေတီတော် မြောက်ဘက်မုဒ်ရှိ ပခုက္ကူဓမ္မာရုံတွင် နံနက်စာဖြင့် ဧည့်ခံမည်ဟုပါ ဆိုခဲ့သည်။

သို့သော် ရွေးကောက်ပွဲကော်မရှင်က ယမန်နေ့တွင် ရုတ်တရက် အစီအစဉ်ပြောင်းလဲခဲ့သဖြင့် ကိုယ်စားလှယ်များ အခက်အခဲကြံုတွေ့ရသည်။ အချို့ ပါတီများက ယခင်အစီအစဉ်အတိုင်း ထင်မှတ်ပြီး ရွှေတိဂုံအရှေ့မုဒ်တွင် စုဝေးခဲ့သော်လည်း အာဇာနည်အခမ်းအနား ပြီးဆုံးချိန် နံနက် ၁ဝ နာရီ ကျမှ မိမိအစီအစဉ်ဖြင့်သာ အကန့်အသတ်မရှိ လာရောက်ကြရန် ရွေးကောက်ပွဲကော်မရှင်ရုံးက တယ်လီဖုန်းဖြင့် ဆက်သွယ် အကြောင်းကြား ခဲ့သည်။

‘’ပြောထားတာက တမျိုး၊ အခု တက်ရတာက တမျိုး၊ အာဇာနည်နေ့ အခမ်းအနားကို တက်ရတာဖြစ်တဲ့အတွက်သာ ဘာမှမပြောကြတာဘဲ ရှိလိမ့်မယ်။ အစီအစဉ်ကို ခုတမျိုး ခုတမျိုး ပြောင်းနေတာကတော့ အပြောနဲ့ လက်တွေ့မညီဘူးဆိုတာ ဖော်ပြတာပဲ’’ ဟု မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီမှ ကြည့်မြင်တိုင်မြို့နယ် မဲဆန္ဒနယ် ကိုယ်စားလှယ်လောင်းအဖြစ် လျာထားသူ ကိုအောင်မြင့်ဦးက ပြောသည်။

ပြည်ထောင်စု ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ ဦးဖြိုးမင်းသိမ်းက ’’ကျနော် တွေးတာက တခုခုကြောင့်လားပေါ့ဗျာ။ အခုလာတော့ ၁ဝ နာရီမှာ အာဇာနည် တွေကို သွားပြီးတော့ အလေးပြုရမယ်တဲ့။ စောင့်နေရတာပေါ့။ ရွှေတိဂုံအရှေ့မုဒ်မှာ စုနေကြတာ အများကြီး။ အခက်အခဲကတော့ ရှိတာပေါ့ဗျာ’’ ဟု ပြောသည်။

လုံခြံုရေးစိစစ်မှုအဖြစ် အာဇာနည်ကုန်းသို့ အလံများ၊ ဆိုင်းဘုတ်များ ကိုင်ဆောင်ခွင့် မပြုသလို၊ လက်ကိုင်ဖုန်းနှင့် ဘောပင်များကိုပါ ယူဆောင်ခွင့် မပြုဘဲ ပန်းခွေ၊ ပန်းခြင်းတို့ကိုသာ ခွင့်ပြုခဲ့သည်။

၂ဝ၁ဝ ရွေးကောက်ပွဲကို သပိတ်မှောက်ထာသော  အဓိက အတိုက်အခံအဖွဲ့ကြီးဖြစ်သည့် ၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲအနိုင်ရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD မှ လူငယ်ဖော်ဆောင်ရေးအဖွဲ့ဝင် ကိုမြင့်ဋ္ဌေး၊ ကိုအောင်စိုး၊ ကိုဘမော်နှင့် ကိုမျိုးညွန့်တို့ ဦးဆောင်သည့် ပါတီဝင် လူငယ် ၈ဝ ခန့် လည်း အာဇာနည်ဗိမာန်သို့ ယနေ့ သွားရောက်ဂါရဝပြုခဲ့ကြသည်။

“ကျနော်တို့က ဗိုလ်ချုပ်အောင်ဆန်း ဓာတ်ပုံပါတဲ့ တီရှပ်အင်္ကျီကို ဝတ်ထားတယ်။ တီရှပ်အင်္ကျီမှာ ရေးထားတာက တပ်မတော်၏  ဖခင်ကြီး ဗိုလ်ချုပ် အောင်ဆန်းဆိုတာ ပါတယ်။ အဲဒီ တီရှပ်အင်္ကျီကို ဝတ်ပြီး ဝင်လို့ မရပါဘူး။ ချွတ်ပြီးတော့ ဝင်လို့ရှိရင် ဝင်ခွင့်ပေးမယ်လို့ ပြောတော့၊ ကျနော်တို့က တီရှပ်အင်္ကျီတွေကို ချွတ်ပြီးတော့ ဝင်ပြီး အလေးပြုခဲ့တယ်” ဟု အဖွဲ့ချုပ် လူငယ်ဖော်ဆောင်ရေး တာဝန်ခံ (၁) ကိုမျိုးညွန့်က ပြောသည်။

NLD လူငယ်များသည် ပါတီဒုဥက္ကဋ္ဌ ဦးတင်ဦး၏ ဗဟန်းမြို့နယ်ရှိ နေအိမ်တွင် ယနေ့နံနက် ၉ နာရီမှ ၁၂ နာရီအထိ ကျင်းပသည့် အာဇာနည်နေ့ အခမ်းအနားသို့ တက်ရောက်ပြီးနောက် အာဇာနည်ဗိမာန်သို့ သွားရောက်ဂါရဝပြုခြင်း ဖြစ်သည်။

ဒုဥက္ကဋ္ဌ နေအိမ်တွင် ကျင်းပသည့် အာဇာနည်နေ့ အခမ်းအနားတွင် ဝါရင့်နိုင်ငံရေးသမားကြီးများ၊ လွှတ်တော်ကိုယ်စားပြု ကော်မတီ CRPP အဖွဲ့ဝင်များ၊ တိုင်းရင်းသား ခေါင်းဆောင်များ၊ NLD အဖွဲ့ဝင်များ စုစုပေါင်း လူဦးရေ ၅ဝဝ ခန့် တက်ရောက်ခဲ့သည်။

ဝါရင့်နိုင်ငံရေးသမားကြီးများဖြစ်သည့် သခင်ချန်ထွန်းနှင့် ဦးအုန်းမောင်၊ NLD ခေါင်းဆောင် ဦးတင်ဦးနှင့် ဦးသန်းထွန်းတို့က ဗိုလ်ချုပ်အောင်ဆန်း နှင့် အာဇာနည်ခေါင်းဆောင်ကြီးများအကြောင်းကို ဟောပြောခဲ့ကြသည်။

ထို့ပြင် NLD ပါတီခေါင်းဆောင်တဦးဖြစ်သူ ဦးဝင််းတင်က အာဇာနည်ခေါင်းဆောင်များကို လုပ်ကြံရာတွင် ပါဝင်ခဲ့သော ဂဠုန်ဦးစော၏တပည့် စိန်ကြီးကို  ဥပမာပေးကာ လူငယ်များကို ဆုံးမသြဝါဒပေးခဲ့ကြောင်း ပါတီဝင် အမျိုးသမီးတဦးက ပြောသည်။

သူက “လူငယ်တွေဟာ ဘယ်လောက်ပဲ ကိုယ့်ခေါင်းဆောင်ပေါ်တွင် ကြည်ညိုလေးစား၊ ယုံကြည်ပါစေ ဘေးကလူတွေ သွေးထိုးပြောဆိုတဲ့အခါ မှားယွင်းပြီးတော့ မိမိခေါင်းဆောင်ကို ပြန်သတ်တဲ့ အဖြစ်မျိုး၊ ကိုယ်အဖွဲ့အစည်းကို ကိုယ်ဖျက်ဆီးတဲ့ အဖြစ်မျိုး ရောက်နိုင်တယ်။ လူငယ်တွေ အနေနဲ့ တခြားအဖွဲ့အစည်းက မဟုတ်မမှန် ဝါဒဖြန့်ချိပြီးတော့ သိမ်းသွင်းတာ မခံရအောင် ကြိုးစားဖို့ လိုတယ်။ လူငယ်တွေအနေနဲ့  လမ်းမှား ရောက်ဖို့ လွယ်ကူကြောင်း အန်ကယ် ဦးဝင်းတင်က ဥပမာပေး ဆုံးမခဲ့သေးတယ်”  ဟု ပြောသည်။

ဗိုလ်ချုပ်အောင်ဆန်း၊ သခင်မြ၊ မန်းဘခိုင်၊ မိုင်းပွန်စော်ဘွားကြီး စပ်စံထွန်း၊ ဦးရာဇာတ်၊ ဒီးဒုတ် ဦးဘချို၊ ဦးဘဝင်း၊ ဦးအုန်းမောင်၊ ရဲဘော် ကိုထွေး စသည့် အာဇာနည်ခေါင်းဆောင်ကြီး ၉ ဦးတို့သည် ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် ရန်ကုန်မြို့ အတွင်းဝန်များရုံး၌ အစည်းအဝေး ပြုလုပ် နေစဉ် ဂဠုန်ဦးစော၏ တပည့်များက လုပ်ကြံသဖြင့် ကျဆုံးခဲ့ရသည်။

Most read this week