၀တပ်သားတစ်ဦး သေဆုံးသွားသော ပစ်ခတ်မှုသည် နအဖစစ်တပ်က သွေးတိုး စမ်းနေခြင်းလော

၀တပ်သားတစ်ဦး သေဆုံးသွားသော ပစ်ခတ်မှုသည် နအဖစစ်တပ်က သွေးတိုး စမ်းနေခြင်းလော
by -
သျှမ်းသံတော်ဆင့်
မြန်မာစစ်တပ်နှင့် ငြိမ်းချမ်းရေးယူထားသော ၀ ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSA) ထိန်းချုပ်နယ်မြေအနီး သျှမ်း ပြည် (မြောက်ပိုင်း) ဟိုပန်မြို့နယ် ပလောင်စံပြကျေးရွာတွင်  မြန်မာစစ်တပ်နှင့် ၀တပ်ဖွဲ့တို့ ဇူလိုင်လ ၁၇ ရက်နေ့ နံနက် ၁၀ နာရီကျော်ခန့်က ပစ်ခတ်မှု ဖြစ်ပွား...

မြန်မာစစ်တပ်နှင့် ငြိမ်းချမ်းရေးယူထားသော ၀ ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSA) ထိန်းချုပ်နယ်မြေအနီး သျှမ်း ပြည် (မြောက်ပိုင်း) ဟိုပန်မြို့နယ် ပလောင်စံပြကျေးရွာတွင်  မြန်မာစစ်တပ်နှင့် ၀တပ်ဖွဲ့တို့ ဇူလိုင်လ ၁၇ ရက်နေ့ နံနက် ၁၀ နာရီကျော်ခန့်က ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ ၀တပ်ဖွဲ့မှ တပ်သားတစ်ဦး ကျဆုံးသွားကြောင်း သိရသည်။

မြန်မာစစ်တပ်၏ တပ်မ ၉၉ လက်အောက်ခံ ခမရ ၁၀၉ တပ်ရင်းမှ အင်အား ၃၀ ကျော်ခန့်ပါသော စစ်ကြောင်းနှင့် ၀ တပ် သား ၄ ဦးတို့ ပလောင်စံပြရွာအတွင်း အချင်းများပြီး ပစ်ခတ်ကြခြင်း ဖြစ်သည်။

ထိုနေ့က ၎င်းရွာအနီးရှိ နမ့်တိန်း ၀တပ်စခန်းမှ ၀တပ်သား ၄ ဦးသည် ရွာအတွင်းသို့ ၀င်လာစဉ် မြန်မာစစ်တပ်နှင့် ထိပ် တိုက်တိုးမိ၍ နှစ်ဘက် စကားများကြပြီး ၀တပ်သားတစ်ဦးက သေနတ်မိုးပေါ် ပစ်ဖေါက်ခဲ့ရာ မြန်မာစစ်တပ်က ပြန်လည် ပစ်ခတ် သဖြင့် အဆိုပါ ၀တပ်သားတစ်ဦး သေဆုံးရခြင်း ဖြစ်ကြောင်း ၀တပ်ဖွဲ့နှင့် နီးစပ်သူက သျှမ်းသံတော်ဆင့်သို့ ပြော သည်။

“စကားများတော့ ဒေါသထွက်ပြီး ကျနော်တို့ဆီက တစ်ယောက် သေနတ်မိုးပေါ်ထောင်ပစ်တာ ဗမာတပ်က ပြန်ပစ်တော့ အဲဒီတစ်ယောက် ကျသွားတယ် နှစ်ဘက်စလုံးနေရာယူကြတာပေါ့ သေနတ် ၄/၅ ချက်လောက်ပစ်ပြီး ချက်ခြင်းပြန်ဆုတ် သွားတယ် ကိုယ့်ဘက်က ၄ ယောက် တည်းဆိုတော့ လိုက်ပစ်ရလို့လည်းမရဘူး ဗမာတပ်ကတော့ လက်နက်ကြီးတွေ အပြည့်အစုံပါတယ် ” ဟု သူက ပြောသည်။

နှစ်ဘက်ပစ်ခတ်မှု ဖြစ်ပွားချိန်သည် ၀တပ်ဖွဲ့ခေါင်းဆောင်များ ၄င်းတို့ ဋ္ဌာနချုပ်ရှိရာ ပန်ဆန်းမြို့၌ အစည်းအဝေး တက် ရောက်နေချိန်နှင့် တိုက်ဆိုင်နေသဖြင့် မြန်မာစစ်တပ်၏ သွေးတိုးစမ်းမှု ဖြစ်ဖွယ်ရှိကြောင်း တရုတ်နယ်စပ်ရှိ စစ်ရေးနိူင်ငံ ရေး လေ့လာသူ ဦးအောင်ကျော်ဇောက ဆိုသည်။

“၀တပ်က ဇူလိုင် ၁၅ ရက်နေ့ကနေ ၂၀ ရက်နေ့အထိ မြို့နယ်အထက်ကေဒါတွေ တပ်ရင်းကေဒါတွေ အားလုံး လူပေါင်း ၁၀၀၀ ကျော်လောက် အစည်းအဝေးက ပန်ဆန်းမှာလုပ်နေတယ် နောက်တစ်ခုက ဒီတစ်လ အတွင်းမှာ ၉၉ တပ်မက တပ် တွေ ၀နယ်မျက်နှာစာမှာ အရမ်းလှုပ်ရှား လာတယ် လူကြီးတွေမရှိတဲ့အချိန် ၀င်လာသလားပေါ့ သွေးထိုးများ စမ်းသလား ပေါ့ ” ဟု သူက ဆိုသည်။

နယ်မြေချင်းထိစပ်နေသောကြောင့် မြန်မာစစ်တပ်နှင့် ၀တပ်ဖွဲ့တို့အကြား အောက်ခြေတပ်သားများ မကြာခဏ စကား များသည့် ဖြစ်ရပ်များ ရှိဖူးသော်လည်း ယခု သွေးထွက်သံယိုဖြစ်ပွားမှုသည် ပထမအကြိမ်လူသိရှင်ကြား ထွက်ပေါ်လာခြင်း ဖြစ်ကြောင်း သူကဆက်ပြောသည်။

လွန်ခဲ့သည့်နှစ် သြဂုတ်လပိုင်းကကိုးကန့်တပ်ဖွဲ့အား မြန်မာစစ်တပ်က ထိုးစစ်ဆင် တိုက်ခိုက်ခဲ့အပြီး ၀တပ်ဖွဲ့နယ်မြေနှင့် ထိစပ်နေသောကွမ်းလုံ၊ ဟိုပန်မြို့အနီးတစ်ဝိုက်တွင် မိထ္ထီလာမြို့ အခြေဆိုက် တပ်မ ၉၉ က တပ်စွဲ လှုပ်ရှားနေခြင်း ဖြစ်သည်။

နအဖက နယ်စပ်ဒေသများရှိ အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအား နယ်ခြားစောင့်တပ် အသွင်ပြောင်းဖွဲ့ စည်းရန် လွန်ခဲ့သည့်နှစ် ဧပြီလကတည်းက အဆိုပြုထားပြီး ၎င်းအဆိုပြုချက် ငြင်းဆန်နေဆဲ လက်နက်အဖွဲ့များတွင် ၀ ပြည်သွေး စည်းညီညွတ်ရေးပါတီလည်း ပါ၀င်သည်။

Most read this week