နေညိုညို

နေညိုညို
by -
ရွှေအိမ်စည်
ကိုယ်ကိုနွဲ့၍ အားနှင့်လွှဲရိုက်လိုက်သည့် ဂေါက်တံနှင့် ဂေါက်သီးထိမိရာမှ ထွက်ပေါ်လာသည့် အသံသည် သူ၏ နှလုံးခုန်သံနှင့် တထပ်တည်း တူညီစွာ ကြားလိုက်ရသည်ဟု ဗိုလ်ချုပ်ကြီး၏ စိတ်၌ ထင်လိုက်မိ...


(က)

ကိုယ်ကိုနွဲ့၍ အားနှင့်လွှဲရိုက်လိုက်သည့် ဂေါက်တံနှင့် ဂေါက်သီးထိမိရာမှ ထွက်ပေါ်လာသည့် အသံသည် သူ၏ နှလုံးခုန်သံနှင့် တထပ်တည်း တူညီစွာ ကြားလိုက်ရသည်ဟု ဗိုလ်ချုပ်ကြီး၏ စိတ်၌ ထင်လိုက်မိ၏။

ပြေးလမ်းမှ အရှိန်နှင့် ထောင်တက်သွားသည့် တိုက်လေယာဉ်တစင်းအလား၊ လေထဲတွင် အရှိန်နှင့် လွင့်မျောနေသည့် ဂေါက်သီးဘောလုံး အဖြူလေးအား လေဟုန်တွင် မျှော်ကြည့်ရင်း ဗိုလ်ချုပ်ကြီး ကြည်နူးနေမိ၏။ ဂေါက်သီး ဘောလုံးအဖြူလေးက လေဟုန်တွင် အရှိန်နှင့် လွင့်နေဆဲ။ ဤအတိုင်းဆိုလျှင် နဝမမြောက်ကျင်းသည် သတ်မှတ်ရိုက်ချက်ထက် လျှော့၍ရိုက်ပြီး သူ ကျင်းသို့ ဝင်နိုင်မည်။

“ဒီညနေတော့ S.1 နိုင်မှာ သေချာပါတယ် ဗိုလ်ချုပ်။ ဗိုလ်ချုပ်လက်က အခုမှ လက်မှန်ပြန်ပေါ်လာပြီ”

ဗိုလ်ချုပ်ကြီး ပြံုးလိုက်၏၊ ပြီးလျှင် နဝမမြောက် ကျင်းဆီသို့ တလှမ်းချင်းလှမ်း၍ လျှောက်ခဲ့၏။ ကြပ်ပြေးနေပြည်တော် ဂေါက်ကွင်းက နေညိုညို ပုဇွန်ဆီရောင်အသွေးအောက်၌ မြက်ခင်းသည် စိမ်းမြ၍မနေ၊ ဝါရွှေရောင် အကွက်အပြောက်များနှင့်။ နေညိုနေပြီဖြစ်သော်လည်း ကြပ်ပြေး၏ရာသီက ပူလောင်ဆဲ။

ပျဉ်းမနားတောင်ညို အရပ်ဆီမှ တိမ်မဲညိုရိပ်များအား တွေ့ရ၏။ လေငြိမ်နေသဖြင့် တိမ်တို့သည်လည်း မရွေ့လျား။ အိန္ဒြေကြီးစွာနှင့် ကောင်းကင် ယံ၌ တည်နေကြ၏။ နေညိုညိုသည် ပုဇွန်ဆီရောင်အသွေးမှ ကြက်ဥအရောင်သို့ ဖျော့၍ သွား၏။

(ခ)

ရွှေစာရံဘုရားအား ကျော်သည်နှင့် ဘယ်ဘက်သို့ချိုးလျှင် ဆေးရုံလမ်းသို့ ရောက်သည်။ ဆေးရုံလမ်းက မော့မော့လေး တက်ရသည်။ လမ်းကျောက ရှည်၏။ မော့မော့လေး တက်ရသော်လည်း လမ်းကျော ရှည်သည့်အတွက် အနှေးယာဉ်များသည် ဤလမ်းအား မသွားချင်ကြ။

ဆိုက်ကားဆရာသည် သူ၏ အသက်ရှူသံအား သူပြန်၍ကြားနေရ၏။ သူ၏ ခြေသလုံးကြွက်သားကြီးများမှာ မာ၍ တင်းနေသည်ကို သူသိ၏။ ဆိုက်ကား လက်ကိုင်အား ဖိကိုင်ထားသည့် သူ၏ လက်က ချွေးတို့နှင့် စိုရွဲ၍နေသည်။ နင်းလိုက်သည့် အခါတိုင်း ‘တောက်၊ တောက်’ နှင့် နရီမှန်မှန် မြည်နေသည့် ချိန်းကြိုး၏ အသံကြောင့် ဆိုက်ကားဆရာ ချိန်းကြိုးပြတ်သွားမည်ကို စိုးရိမ်မိ၏။

“ဆရာဝန်ကြီးက ပြောတယ်။ နောက်ထပ် ၁ဝ နာရီလောက် နောက်ကျရင် ကလေးအတွက် အသက်အန္တရာယ် ရှိနိုင်တယ်တဲ့။ တော်ပါသေးရဲ့ရှင်၊ ရှင်ပြန်ရောက်လာလို့။ ကျမတယောက်ထဲဆို ဒုက္ခပဲ”

အနောက်တွင် ထိုင်လာသည့် အမျိုးသမီးကြီးက အရှေ့တွင်ရှိသည့် အမျိုးသားအား ပြော၏။

“သမီးလေးဖျားနေတာတော့ ၂ ရက်၊ ၃ ရက်လောက် ရှိပြီ၊ ကိုယ်ငွေ့ငွေ့လေးပဲဆိုပြီး ကျမလည်း အပူငြိမ်းဆေးလေးပဲ တိုက်တယ်။ ကျမလည်း ကျောင်းက တဖက်၊ ကျူရှင်ပြရတာက တဖက်ဆိုတော့ ဂရုမစိုက်မိဘူး။ အအေးမိပြီး ဖျားနာတာပဲလို့ ထင်တာလည်း ပါတာပေါ့။ ညကတော့ သမီးလေးက အဆစ်တွေ ကိုက်တယ်၊ နာတယ်ဆိုပြီး ငိုတယ်။ အဲဒီတော့မှ သမီးလေးရဲ့ လက်ဆစ်တွေ၊ ခြေဆစ်လေးတွေ ရောင်နေတာ တွေ့ရတယ်။ ပြီးတော့ သမီးလေးရဲ့ လည်ပင်းတွေ၊ ကျောပြင်တွေမှာ၊ အနီကွက်လေးတွေလည်း တွေ့ရတယ်။ ဒီတော့မှ ကျမလည်း စိတ်ပူပြီး မနက်ကျတော့ ဆေးခန်းပို့၊ ဆေးခန်းက ချက်ချင်းပဲ ဆေးရုံတင်ပါ။ သွေးလွန်တုပ်ကွေး ဖြစ်နေတယ်ဆိုတာနဲ့ ချက်ချင်းပဲ သမီးလေးကို ဆေးရုံတင်လိုက်တာပဲ’

အမျိုးသမီးကြီးက သူ၏ စကားကို အဆုံးသတ်လိုက်၏။ ဆိုက်ကားက ဆေးရုံဝင်းအတွင်းသို့ ချိုးဝင်လိုက်သည်။ ဆေရုံကြီး၏ အလယ်ပေါက်အရှေ့၌ ဆိုက်ကားအား ရပ်လိုက်၏။ အမျိုးသားကြီးနှင့် အမျိုးသမီးကြီး တို့ ဆေးရုံအတွင်းသို့  သုတ်သုတ်၊ သုတ်သုတ်နှင့် ဝင်သွားကြသည်။

ဆိုက်ကားဆရာသည် မျက်နှာမှ ချွေးတို့အား ပုဆိုးနှင့်ပင် သုတ်၏။ လက်မောင်းရင်းမှ ချွေးတို့အား သုတ်၏။ ပုဆိုး၏ အထက်ပိုင်းက ချွေးတို့နှင့် စိုရွဲ၍သွား၏။ မို့ချည်၊ မောက်ချည်နှင့် ဆိုက်ကားဆရာ၏ ရင်ဘတ်ကြီး သည် ဂနာမငြိမ်သေး။

နေညိုညို ပုဇွန်ဆီရောင်အသွေးနှင့် ကောင်းကင်သည် ရုတ်ခြည်းပင် ညို့မှိုင်း၍သွား၏။ မြသပိတ်တောင်ပေါ်မှ မိုးတိမ်စိုင်များသည် လိပ်၍ မြို့လေးအတွင်းသို့ ပြိုပြီး ဆင်းလာကြ၏။ တိမ်၏ အမှောင်က နေညိုညိုအား ဝါးမျိုလိုက်၏။ တိမ်အမှောင်သည် မကြာမီတွင် ည၏ အမှောင်နှင့် ဆက်လေမည်။

ဆိုက်ကားဆရာသည် နေညိုညို မိုးကောင်းကင်အား မော့ကြည့်ရင်း သက်ပြင်းချမိ၏။ ညနေ ၆ နာရီ ထိုးလျှင် ဆိုက်ကားအား အုံနာထံသို့ ပြန်၍အပ်ရမည်။ မနက် ၆ နာရီမှ ညနေ ၆ နာရီအတွင်း တနေ့တာ သူနင်းထားသည့် ဆိုက်ကားခများအား စိတ်နှင့် ရေတွက်ကြည့်မိ၏။ အုံနာခ ဖယ်ပြီး သူ့မိသားစုအတွက် မည်မျှကျန်မည်နည်း။ အပြန်တွင် ညနေစာအတွက် စည်ပင်စျေးကြီးမှ ဆန်ဝယ်သွားရမည်။ မနက်က သမီးလေး မှာလိုက်သည့် ပျော်ဘွယ်မုန့်ကြွပ် တထုပ်ဝယ်ရမည်။ သမီးလေး နေမကောင်းဖြစ်နေသည်မှာ ၂ ရက်၊ ၃ ရက်မျှ ရှိပြီ၊ ကိုယ်ပူရှိန် ငွေ့ငွေ့လေးနှင့် သမီးလေးသည် ခွေ၍သာနေ၏။ ခရီးသည်အမျိုးသမီးကြီး ပြောခဲ့သည့် စကားများဆီသို့ စိတ်က ရောက်သွားမိ၏။

“သမီးလေး သွေးလွန်တုပ်ကွေး မဖြစ်ပါစေနဲ့”

ဆိုက်ကားဆရာ စိတ်အတွင်းမှ တိုးတိုးလေး ဆုတောင်းရင်း၊ ဆေးရုံဝင်းအတွင်းမှ ဆိုက်ကားအား နင်းထွက်ခဲ့၏။
(ဂ)

မစည်ကားအပ်သည့် အရပ်ဖြစ်သော်လည်း ကုတင် ၅ဝ ဆံ့ နယ်စပ်ရှိ၊ မြို့နယ်ဆေးရုံလေးအတွင်း ပြင်ပလူနာဌာနသည် လူနာများ၊ လူနာရှင် များနှင့် တိုးတိုးဝှေ့ဝှေ့။ လက်ထောက်မြို့နယ် ဆရာဝန်လေးသည် လူနာများအား တယောက်ပြီးတယောက် စစ်ဆေး၏၊ စမ်းသပ်၏။ လူနာ အများစုက ကလေးများဖြစ်သည်။ အားလုံးနီးပါးသည်လည်း ဆေးပညာအခေါ်အရ ‘Dengue Haemorrhage Fever’ (DHF) ဟု ခေါ်သည့် သွေးလွန်တုပ်ကွေး ရောဂါသည်များ ဖြစ်သည်။ အချို့လူနာများတွင် ‘Classical Dengue Fever’ ဟု ခေါ်သော သာမန်တုပ်ကွေးရောဂါ လက္ခဏာသာ ရှိသော်လည်း၊ စိတ်မချရသည့်အတွက် အတွင်းလူနာအဖြစ် ဆေးရုံတက်ရောက်ကုသရန် ဆရာဝန်လေး ဆုံးဖြတ်ရ၏။

ကုတင် ၅ဝ ဆံ့သည့် ဆေးရုံလေးအတွင်း အတွင်းလူနာများက ၅ဝဝ ခန့် ရှိ၍နေသည်။ ယခင် ရက်သတ္တပတ်များအတွင်း၌ အတွင်းလူနာ ၂ဝ၊ ၃ဝ မျှသာ ရှိသည့် ဆေးရုံလေးသည် ယခုမူ လူနာများနှင့် ပြည့်ကျပ်၍နေသည်။

လူသွားလမ်းများတွင်လည်း လူနာများ၊ စင်္ကြန်တလျှောက်တွင်လည်း လူနာများ၊ လူနာနှင့် ဆေးရုံသည် မဆံ့။ သို့သော် ပြဿနာမရှိ၊ ဖြစ်သလို စီစဉ်၍ရသေးသည်။

လတ်တလော ဆရာဝန်လေး စီစဉ်၍ မရသည်က ဆေးဝါး။ ထုံစံအတိုင်းပင် ဆေးရုံလေးမှာက ဆေးဝါးသည် မပြည့်စုံ။ မြို့နယ်ဆရာဝန်ကြီး သည်လည်း ဆေးဝါးရရှိရေး၊ မြို့နယ်ဆေးရုံလေးတွင် ခေတ်မီအထောက်အကူပြု ဆေးပစ္စည်းများ ရရှိရေးအတွက် ဟူ၍ နေပြည်တော် ကြပ်ပြေးနှင့် ရန်ကုန်တို့တွင် နေပြီးကြိုးစားနေသည်ဟု ဆို၏။ ဆေးရုံလေးဆီသို့ ၂ လ၊ ၃ လ နေ၍ တခေါက် ပြန်မရောက်။

ဆရာဝန်လေးအား အဓိက စိန်ခေါ်နေသည်က ‘37-50 mm’ လောက်သာ ရှိသည့် ‘ဖလဗီဗိုင်းရပ်’ (Flavi Virus) အုပ်စုဝင် RNA ဗိုင််းရပ်(စ်) များအား နှိမ်နင်းသတ်ဖြတ်ရန် လိုအပ်သည့် ‘ပဋိဇီဝ’ ဆေးဝါးများ လုံလုံလောက်လောက် ရရှိစေရေးပင် ဖြစ်၏။ ထို့အတွက်တော့ မလွယ်ကူ။

အသက် ၁၂ နှစ်ခန့် ရှိသည့် ကလေးငယ်လေးတဦး နေ့လယ်ခင်းက ဆုံးသွား၏။ နေမညိုမီ ကလေးငယ် ၃ ဦး ထပ်၍ ဆုံးပြန်သည်။ အားလုံးက အသက် ၃ နှစ်နှင့် ၁၂ နှစ်အကြား ကလေးများ။

နောက်ထပ် လူနာ ၈ ဦး၏ အခြေအနေက စိုးရိမ်ရသည့် အခြေအနေ။ သွေးကြောများ ပေါက်ပြီး အရေပြား၊ အစာအိမ် အူလမ်းကြောင်းတလျှောက် သွေးယိုစီးမှုများ ရှိနေ၏။ ထိုလူနာ ၈ ဦးအတွက် ဆရာဝန်လေး စဉ်းစားရသည်။ အောက်သို့ ပြန်ပို့မည်လား။ အောက်သို့ ဟူသည်က ခရိုင်ဆေးရုံနှင့် ပြည်နယ်ဆေးရုံရှိရာသို့ ပို့ရန် ဖြစ်သည်။ ဤတွင်လည်း လမ်းခရီးက အဆင်းတရက်၊ အတက်တရက် ခရီးဖြစ်၍ အတက်နေ့နှင့် ကြံုနေသဖြင့် နောက်ထပ် ၄၈ နာရီအတွင်း ခရိုင်၊ ပြည်နယ် ဆေးရုံကြီး များသို့ လူနာများ မရောက်နိုင်။ ထိုဆေးရုံကြီး များတွင်လည်း သူ၏ ဆေးရုံလေးကဲ့သို့ပင် ဆေးဝါးအခက်အခဲက ရှိမည်ပင်။

“သွေးလွန်တုပ်ကွေးရောဂါဟာ ဖလဗီဗိုင်းရပ်စ်အုပ်စုဝင် (Flavi-virus) အင်ဂီးဗိုင်းရပ်စ်တွေကြောင့် ဖြစ်တယ်။ ဖလဗီဗိုင်းရပ်စ်တွေရဲ့ ထူးခြားချက် တွေက RNAS ဗိုင်းရပ်စ်ပါ၊ 37-50mm လောက်ပဲရှိတဲ့ သေးတဲ့ ဗိုင်းရပ်စ်လေးတွေ၊ ကူးစက်ပုံကို မူတည်ပြီး အုပ်စု ၃ စုကွဲပြားတယ်။

- ခြင်က ကူးတာ (Mosquito – borne)၊
- မွှားက ကူးတာ (Tick- borne) ၊
- ခြင်တွေ၊ မွှားတွေက ကူးတာမဟုတ်ဘဲ ဒင်ဂီး၊ ဒင်ဂီးဗိုင်းရပ်စ်တွေကတော့ ခြင်က ကူးတဲ့ ဖလဗီဗိုင်းရပ်စ် (Mosquito-borne Flavivirus) ဖြစ်တယ်။

ဒင်ဂီးဗိုင်းရပ်စ် မျိုးကွဲ ဆီရိုက်တိုက် (Serotype) ၄ မျိုး ရှိတယ်။
-       DEN-1
-       DEN-2
-       DEN-3
-       DEN-4”

ဒေါနတောင်တန်းပေါ်၌ မေးတင်၍နေသည့် နေဝန်းနီသည် တဖြည်းဖြည်း အိ၍ နိမ့်ဆင်းသွား၏။ ဆေးရုံလေးအပေါ်သို့ ဖြန့်ကျက်ထားသည့် နီလာရောင် အသွေးသည်လည်း ရိပ်ကနဲ၊ ရိပ်ကနဲနှင့် အရောင်များ ပြောင်း၍နေသည်။

နီလာရောင် အသွေးမှ ရွှေအိုရောင်၊ ပြီးလျှင် ဖျော့၍မှိန်လာ၏။ ခဏငယ်အတွင်း အမှောင်ထုသည် ဆိတ်ငြိမ်စွာနှင့် ဆေးရုံလေးအား ဝါးမျို၍ ထားလိုက်တော့၏။ စင်္ကြန်လမ်းမှ လူနာရှင်တဦး၏ ရှိုက်သံသဲ့သဲ့အား အမှောင်အတွင်း၌ ကြားနေရ၏။