ဗိုလ်ချုပ်မှူးကြီးသန်းရွှေက နာယကအဖြစ် ဦးဆောင်သော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းကို ဖျက်သိမ်းပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ USDP မှာပင် ပူးပေါင်းသွားမည်ဟု သိရသည်။
၁၇ နှစ်ကြာ လူမှုရေးအသင်း အမည်ဖြင့် ဖွဲ့စည်းထားသော ကြံ့ဖွံ့အသင်းကို တရားဝင် ဖျက်သိမ်းပြီး မကြာသေးခင်က စစ်တပ်မှ အရပ်ဝတ် တဖြစ်လဲ ဦးသိန်းစိန် ဦးဆောင်သော ကြံ့ဖွ့ံပါတီသို့ ကူးပြောင်းပေါင်းစည်းမည်ဟု ရန်ကုန်တိုင်း ကြံ့ဖွံ့ပါတီ စည်းရုံးရေးအဖွဲ့ တာဝန်ရှိသူတဦး အပြောအရ သိရခြင်း ဖြစ်သည်။
“ကျနော်တို့က ပြည်ခိုင်ဖြိုးပါတီ တခုတည်းအနေနဲ့ပဲ သွားမှာပါ။ အသင်းအနေနဲ့တော့ ရှိတော့မှာ မဟုတ်ပါဘူး။ တနိုင်ငံလုံးမှာရှိတဲ့ အသင်း ဆိုင်းဘုတ် တွေလည်း ဖြုတ်နေပြီလေ။ ပါတီမှာ လိုက်ချင်တဲ့ လူတွေလည်း ပါတီထဲ ဝင်ကြပေါ့။ မဝင်ချင်တဲ့ လူတွေလည်း မဝင်ကြဘူးပေါ့ဗျာ” ဟု သူက မဇ္စျိမကို ပြောသည်။
ကြံ့ဖွံ့အသင်း ဆိုင်းဘုတ်များကို ယခုလ အစောပိုင်းကျမှ ဖြုတ်ချခွင့် ပြုခဲ့သော်လည်း ပြီးခဲ့သည့် လပိုင်းကတည်းကပင် ရန်ကုန်တိုင်း အပါအဝင် အခြား မြို့နယ်အချို့တွင် ဖြုတ်ချခဲ့ပြီးဖြစ်ကာ ပါတီဆိုင်းဘုတ်များပင် တင်ခဲ့ကြသည်။
ကြံ့ဖွံ့အသင်းပိုင် ပစ္စည်းများကိုလည်း ယခုလ အစောပိုင်းကပင် ကြံ့ဖွံ့ပါတီသို့ လွှဲပြောင်းမှုများ ပြုလုပ်ခဲ့သည်။
ပြည်ထောင်စု ကြံ့ဖွံ့အသင်း၏ ပြောခွင့်ရပုဂ္ဂိုလ် သူရဦးမြင့်ဦးက “ ဒီလ ၆ ရက်နေ့က ကျနော်တို့ ဖျက်သိမ်းခွင့် ကျပြီဖြစ်ပါတယ်။ အသင်းဆိုတာ မရှိတော့ပါဘူး။ ကျနော်တို့ ပါတီအနေနဲ့ ဆက်လက်ရပ်တည်မှာ ဖြစ်ပါတယ်။ ဖျက်သိမ်းမှု ပြင်ဆင်နေဆဲကာလ ဖြစ်ပါတယ်။ အားလုံးလည်း ကျနော်တို့ သူ့အပိုင်းနဲ့သူ ဖျက်သိမ်းနေပြီ ဖြစ်ပါတယ်။ အသင်းပိုင်ပစ္စည်း အားလုံးကို ကျနော်တို့ ပါတီကို လွှဲပြောင်းပေးဖို့ အသင်းအဆင့်ဆင့်က အစည်းအဝေး ဆုံးဖြတ်ချက်နဲ့ ဆုံးဖြတ်ပြီးဖြစ်ပါတယ်” ဟု ပြောဆိုကြောင်း ယနေ့နံနက် ဘီဘီစီ (မြန်မာပိုင်းဌာန) က ထုတ်လွှင့်ခဲ့သည်။
ကြံ့ဖွံ့အသင်းကို ၁၉၉၃ ခုနှစ် စက်တင်ဘာလ ၁၅ ရက်နေ့တွင် လူမှုရေးအသင်း အမည်ခံကာ စတင်ထူထောင်ခဲ့ပြီး အစိုးရဝန်ထမ်းနှင့် ကျောင်းသား များကို အသင်းဝင်အဖြစ် ပစ်မှတ်ထားစည်းရုံးခဲ့ကာ စုစုပေါင်း အသင်းဝင် ၂၄ သန်းကျော်ရှိပြီဟု စစ်အစိုးရက ထုတ်ဖော် ကြေညာခဲ့သည်။
ကြံ့ဖွံ့အသင်းကို ရုတ်တရက် ဖျက်သိမ်းခြင်းနှင့်ပတ်သက်၍ ထိုင်းနိုင်ငံရှိ မြန်မာ့အရေး လေ့လာသူ ဦးအောင်သူငြိမ်းက “အရင်တုန်းက အစိုးရ ကိုယ်တိုင်ကပဲ အမျိုးသားရေး ရည်မှန်းချက်အတွက် နိုင်ငံတခုလုံးမှာ လိုအပ်တယ်ဆိုပြီးတော့ ဖွဲ့ထားခဲ့တာ။ ဖွဲ့တုန်းက အစိုးရကိုယ်တိုင်က ကျပ်သန်းပေါင်း ၂ဝဝဝ ကျော်နဲ့ မတည်ထားသလို ဝန်ထမ်းတွေ၊ အဖွဲ့ဝင်တွေရဲ့ လုပ်အားတွေ၊ သူတို့ထည့်ဝင်တဲ့ ကိစ္စတွေ ပေါင်းစုံ အများကြီး လုပ်ထားတယ်။ ညီလာခံတွေလည်း အကြိမ်ကြိမ် လုပ်ထားတယ်ဗျာ။ အဲဒီအနေအထားမှာ အခုလို ဗြုန်းဒိုင်းဆိုသလို ဖျက်လိုက်တဲ့အခါ ဒါလူတဦးတယောက်ရဲ့ဆန္ဒနဲ့ ဖျက်လိုက်တာဆိုတာ ရှင်းနေတာပဲ” ဟု မဇ္စျိမကို ပြောသည်။
လက်ရှိ ကြံ့ဖွံ့ပါတီဝင် အင်အားကိုမူ စည်းရုံးဆဲကာလနှင့် အသက်မပြည့်သည့် အဖွဲ့ဝင်များကို စိစစ်သည့် ကာလဖြစ်သဖြင့် ထုတ်ပြန်ကြေညာ နိုင်ခြင်း မရှိသေးကြောင်းနှင့် မြို့နယ်တိုင်းရှိ အသင်းဝင်များထံသို့လည်း ပါတီဝင်ကဒ်ပြားများ ပို့ဆောင်ထားကြောင်း သိရသည်။
“ပါတီထဲကို ဝင်ချင်တဲ့လူတွေ အားလုံး ဝင်ခွင့်ပေးထားပြီးသားပဲ။ သူတို့ဘာသာသူတို့ ပါတီကို ကန့်လန့်လုပ်နေပြီး ကိုယ့်သမိုင်း ကိုယ်ရေးချင်တဲ့ လူတွေ ရေးပေါ့။ မဝင်မနေရလို့ ပြဋ္ဌာန်းထားတာမှ မဟုတ်တာ။ သူတို့သဘောပဲ။ သူတို့ ဒီလို လုပ်လို့လည်း ရွေးကောက်ပွဲအတွက် ဘယ်လို သက်ရောက်မှုမျိုးမှ ရှိမှာ မဟုတ်ပါဘူး” ဟု ရန်ကုန်တိုင်း ကြံ့ဖွံ့ပါတီ စည်းရုံးရေးအဖွဲ့ တာဝန်ရှိသူက ပြောသည်။
ရန်ကုန်တိုင်း သင်္ဃန်းကျွန်းမြို့နယ် ကြံ့ဖွ့ံအသင်းဝင်တဦးကမူ ’’ကျနော်တို့ကတော့ ပါတီထဲ မဝင်ရသေးဘူး။ ကျနော်တို့မှာလည်း အထက် လူကြီးတွေ ရှိသေးတယ်။ သူတို့ ဘယ်လိုဆုံးဖြတ်မလဲ၊ ဘယ်လိုလာမလဲဆိုတာ မသိသေးဘူး။ အသင်းမှာတုန်းက လုပ်ပိုင်ခွင့် အနေအထားတွေ ကလည်း ပါတီမှာ ဘယ်လိုရှိမယ်ဆိုတာ မသိရသေးဘူး။ ညှိနေတုန်းပဲ” ဟု မဇ္စျိမကို ပြောသည်။
ကြံ့ဖွ့ံအသင်းတွင် ဝန်ထမ်းနှင့် ကျောင်းသား အများဆုံး ပါဝင်နေသဖြင့် ဖျက်သိမ်းခြင်းဖြင့် ၎င်းတို့ကို ထုတ်ပယ်လိုက်သည့် အနေအထားမျိုး ဖြစ်သောကြောင့် ရွေးကောက်ပွဲကာလတွင် ယခင်က ကြံ့ဖွ့ံပါတီကို လိုလားသည့် မဲများသည် ဆန့်ကျင်ဘက်သို့ ရောက်သွားနိုင်ကြောင်း ဦးအောင်သူငြိမ်းက ပြောသည်။
“အခုအချိန်ထိ USDP ကို ပြန်ကြည့်မယ်ဆိုရင် ဘယ်သူတွေ ဦးဆောင်မယ်ဆိုတာ ဖွဲ့စည်းပုံလည်း တိတိကျကျ ထွက်တာလည်း မဟုတ်သေး ဘူးလေ။ USDP မှာ တိုင်းရင်းသား လူမျိုးပေါင်းစုံတွေက ခေါင်းဆောင်တွေ ပါခွင့်ရှိမှာလား။ အမျိုးသမီးတွေကရော ခေါင်းဆောင်ပိုင်းတွေမှာ ပါမလားပေါ့။ အခု ကျနော်တို့ ရတဲ့ သတင်းတွေအရတော့ စစ်တပ်က ဗိုလ်ချုပ်ဟောင်းတွေပဲ USDP မှာ ဦးဆောင်မယ့် အနေအထားတွေ ဖြစ်နေတယ်” သူက ပြောသည်။
စစ်ဗိုလ်ချုပ်များ၏ ကွပ်ကဲမှုအောက်တွင် လှုပ်ရှားနေသည့် လူမှုရေးအသင်းအမည်ခံ ကြံ့ဖွံ့အသင်းသည် ၂ဝဝ၃ ခုနှစ် မေလ ၂၇ ရက်နေ့တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့ဝင်များကို ဒီပဲယင်းအရပ်၌ အသေအပျောက်များသည့် လုပ်ကြံမှု ကြီးတွင် အဓိက ပါဝင်ခဲ့သည်ဟု သတင်းများ ပေါ်ထွက်ခဲ့သည်။