စစ်တွေ နည်းပညာကောလိပ်တွင် ကျောင်းကား ၁၅ စီးထိ တိုးချဲ့ပြေးဆွဲ

စစ်တွေ နည်းပညာကောလိပ်တွင် ကျောင်းကား ၁၅ စီးထိ တိုးချဲ့ပြေးဆွဲ
by -
မောင်အေး
ကျောင်းသားများ ဆန္ဒပြပွဲ ပေါ်ပေါက်ပြီး နောက်ပိုင်း စစ်တွေမြို့ နည်းပညာ ကောလိပ်တွင် ယခုအခါ ကျောင်းကား ၁၅ စီးထိ တိုးချဲ့ ပြေးဆွဲနေပြီ ဖြစ်ကြောင်း ကျောင်းသူ တဦးက ပြော...

ကျောင်းသားများ ဆန္ဒပြပွဲ ပေါ်ပေါက်ပြီး နောက်ပိုင်း စစ်တွေမြို့ နည်းပညာ ကောလိပ်တွင် ယခုအခါ ကျောင်းကား ၁၅ စီးထိ တိုးချဲ့ ပြေးဆွဲနေပြီ ဖြစ်ကြောင်း ကျောင်းသူ တဦးက ပြောသည်။

သူမက “အရင်က ကျောင်းကား အရေအတွက် ၅ စီး၊ ၆စီး အဲသလောက်ဘဲ ရှိတယ်။ အခုတော့ ၁၅ စီးထိ တိုးချဲ့ ပြေးဆွဲပေးနေပါတယ်။ နည်းပညာ ၀န်ကြီး ဦးသောင်းက ကားပိုင်ရှင်တွေကို ကျောင်းသားတွေ အတွက် ပြေးဆွဲပေးမယ်ဆိုရင် လိုအပ်တဲ့ ဆီကို အလုံအလောက် ထောက်ပံ့ ပေးမယ် ဆိုတဲ့ နောက်ပိုင်းမှာ ခုလို ကျောင်းအကြို အပို့ လုပ်တဲ့ ကားတွေ များပြားလာတာ ဖြစ်ပါတယ်” ဟု ပြောသည်။

ဇူလိူင်လ ၅ ရက်နေ့က စစ်တွေ နည်းပညာကောလိပ်တွင် ကျောင်းသားများ ဆန္ဒပြပွဲ ပေါ်ပေါက်ပြီးနောက် နည်းပညာ ၀န်ကြီးဦးသောင်းသည် စစ်တွေမြို့သို့ ချက်ချင်းရောက်ရှိလာပြီး အဆိုပါ ကျောင်းကား ပြဿနာကို ဖြေရှင်းပေးခဲ့သည်။

“၀န်ကြီး ဦးသောင်းက ဇူလိူင် ရ ရက်နေ့မှာ ကျွန်မတို့ ကျောင်းကို ရောက်လာပါတယ်။ ၀န်ကြီးက ကားခစျေးနုန်းကို သတ်မှတ်ပေးသလို ကားတွေကိုလည်း ဆီထုတ်ပေးမယ် ဆိုပီး ပြောပါတယ်။ နောက်ပိုင်းမှာ ကားခ ကျပ် ၅၀ မြှင့်တက်တာကလွဲပြီး ကျန်တဲ့ အပိုင်းတွေမှာတော့ အဆင်ပြေ သွားခဲ့ပါတယ်” ဟု သူမက ဆက်ပြောသည်။

ယခုအခါ ထူးကုမ္ပဏီမှ ကျောင်းကားများ အတွက် လိုအပ်သော ဓါတ်ဆီနှင့် ဒီဇယ်ဆီများကို တဂါလံ ၂၃၀၀ ကျပ်ဖြင့် လိုလေသေး မရှိ ထုတ်ပေး နေကြောင်း ကားသမား တဦးက ပြောသည်။

“ကျောင်းကားတွေ အတွက် ဆီကိုကြိုက်သလောက် ထုတ်လို့ရတယ်။ ဆိုင်ကယ်နဲ့သွားထုတ် ရင်လည်းရတယ်။ ဒါကြောင့် လောလောဆယ်တော့ ကျောင်းကားဆွဲရတာ အဆင်ပြေနေပါတယ်။ ဒါပေမယ့် အခုပေးနေတဲ့ ဆီကို ၂ လဘဲပေးမယ်။ နောက်လတွေမှာ မပေးတော့ဘူး ဆိုတဲ့ သတင်း တွေလည်း ထွက်နေတဲ့ အတွက် နောက်ပိုင်း ပြဿနာ ဆက်တက်မှာကိုတော့ ကားသမား တွေက စိုးရိမ် နေကြပါတယ်”ဟု သူက ပြောသည်။

ယခုကဲ့သို့ ကျောင်းကားများကို ဆီ ၂ လသာထုတ်ပေးမည်မှာ ဖြစ်နိုင်ခြေရှိကြောင်း အဘယ်ကြောင့် ဆိုသော် သြဂတ်စ်လနှင့် စက်တင်္ဘာလတွင် ကျောင်းသားများ လူပ်ရှားမူများ ပေါ်ပေါက်မည်ကို စိုးရိမ်ပြီး ယာယီ ပြေငြိမ်းလိုသည့် သဘောဖြင့် လောလောဆယ်တွင် ဆီကို အကန့်အသတ် မရှိ ထုတ်ပေးခြင်း ဖြစ်နိုင်ကြောင်း စစ်တွေမြို့မှ နိုင်ငံရေးသမားတဦးက ယခုကဲ့သို့ သုံးသပ် ပြောဆို သည်။

“သြတ်စ်လ ၈ ရက်နေ့က ရှစ်လေးလုံး အရေးတော်ပုံနေ့ ဖြစ်တယ်။ သြဂတ်စ် ၁၃ ရက်နေ့က စစ်တွေ ဆန်ပြဿနာနေ့ ဖြစ်တယ်။ စက်တင်္ဘာ ၉ ရက်နေ့က ဆရာတော် ဦးဥတ္တမနေ့ ဖြစ်တယ်။ ဒီလတွေမှာ နှစ်စဉ်လိုလို ကျောင်းသား လူပ်ရှားမူတွေ စစ်တွေမှာ ပေါ်ပေါက် တတ်ပါတယ်။ တကယ်လို့ ကျောင်းကား ပြဿနာကို မဖြေရှင်းဘဲ ထားရင် အဲဒီလတွေမှာ စစ်တွေမှာ ကျောင်းသား ပြဿနာတွေ ပေါ်ပေါက် နိုင်တယ်ဆိုတာကို အစိုးရ အာဏာပိုင်တွေက သိပါတယ်။ ဒါကြောင့် ယာယီ ပြေလည်ရာ ပြေလည်ကြောင်း ၀န်ကြီး ဦးသောင်းက လာရောက် ဖြေရှင်းပေးတဲ့ သဘောမျိုး တွေ့ရတယ်။”

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် စစ်တွေ တက္ကသိုလ်၊ နည်းပညာကောလိပ်နှင့် ကွန်ပျူတာ ကောလိပ်တို့ တည်ရှိပြီး အရေးကြီးသော သမိုင်းဝင် နေ့ထူး နေ့မြတ်များတွင် မကြာခဏ အစိုးရ ဆန့်ကျင်ရေး လူပ်ရှားမူများ ပေါ်ပေါက်လေ့ရှိကြောင်း သိရသည်။

Most read this week